ဓမ္မတာလာနေစဉ်

ဓမ္မတာလာနေစဉ် မပြုလုပ်သင့်သည့် အမူအကျင့်များ

ဓမ္မတာလာနေစဉ် မပြုလုပ်သင့်သည့် အမူအကျင့်များ

အမျိုးသမီးတိုင်းက ဓမ္မတာ လာစဉ်မှာ စိတ်ခံစားမှုပြင်းထန်တတ်ကြတဲ့အပြင် နာကျင်ကိုက်ခဲတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လစဉ် ဓမ္မတာ လာနေတဲ့အချိန်မှာ သွေးချုပ်သွားမှာစိုးလို့ လက်ဖက်စားတာ၊ အချဉ်စားတာနဲ့ ခေါင်းလျှော်တာလိုမျိုး အပြုအမူတွေကို ရှောင်ကြဉ်တတ်လေ့ရှိကြပါတယ်။ သိပ္ပံနည်းလမ်းအရလည်း ဓမ္မတာလာစဉ်မှာ မပြုလုပ်သင့်တဲ့ အမူအကျင့်တွေရှိတာမို့ ဖော်ပြပေးလိုက်ပါတယ်။

ချက်ပြုတ်ခြင်း
ဓမ္မတာလာနေစဉ် မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေရင်းနဲ့ မတော်တဆထိခိုက် ဒဏ်ရာရနိုင်ခြေများပါတယ်။ ဓားကိုင်နေရင်း စိတ်လှုပ်ရှားစရာနဲ့ ကြုံတွေ့တဲ့အခါမှာ သင့်လက်ကို ဓားရှတာ ဒါမှမဟုတ် တခြားလူကို ထိခိုက်နာကျင်အောင် လုပ်မိတာတွေ ဖြစ်တတ်ပါတယ်။

ဖုန်းအသုံးပြုခြင်း
ဓမ္မတာလာနေတဲ့အချိန်ဟာ သင့်အတွက် စိတ်ခံစားမှုအပြင်းထန်ဆုံးအချိန်ဖြစ်တာမို့ ဖုန်းပြောရင်းနဲ့ အမှားတွေ လုပ်မိတတ်သွားပါတယ်။ ဥပမာအားဖြင့် ချစ်သူနဲ့ စကားပြောရာမှာ အဆင်မပြေဖြစ်ရင်းနဲ့ မပြောသင့်တဲ့စကားတွေ ပြောမိတာကြောင့် ချစ်သူနဲ့ လမ်းခွဲသွားရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း
ဓမ္မတာလာစဉ်မှာ ခါးအနည်းငယ်တုတ်သလိုဖြစ်နေတာက အဆီကြောင့် မဟုတ်ပါဘူး။ ဓမ္မတာဖြစ်စဉ်ကြောင့် ရေ ဖောဖောနေတာပါ။ ဓမ္မတာပြီးသွားတာနဲ့ ပုံမှန်ခန္ဓာ ပြန်ရသွားနိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ မလိုအပ်သလို အားကစားဝတ်စုံတွေက မိမိနဲ့ မတော်တော့ဘူးထင်ပြီး အဝတ်အစားသစ်တွေ ထပ်ဝယ်ဖို့လည်း မစဉ်းစားပါနဲ့။

အချစ်ဇာတ်လမ်းများ ကြည့်ရှုခြင်း
သင် ဓမ္မတာလာစဉ်မှာ အချစ်ဇာတ်လမ်းတွေကို ကြည့်တာ အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပါဘူး။ အချစ်ဇာတ်လမ်းတွေ ကြည့်ရှုပြီး ကိုယ့်ကိုကိုယ် အားမငယ်သင့်ပါဘူး။ ရုပ်ရှင်ဇာတ်လမ်းထဲက မင်းသားမင်းသမီးတွေရဲ့ အဖြစ်အပျက်တွေက စိတ်ကူးယဉ်ဇာတ်လမ်းသာ ဖြစ်တယ်ဆိုတာ အမြဲတမ်းသဘောပေါက်နေဖို့ လိုပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံတဲ့ ဘဝကို ရရှိထားတာမဟုတ်ပါဘူး။

ချောကလက်များများစားခြင်း
ချောကလက်စားတာကြောင့် စိတ်ခံစားမှုကောင်းမယ်ထင်ပြီး ချောကလက် များများစားဖို့ မလိုအပ်ပါဘူး။ ဒါက အယူအဆတစ်ခုသာ ဖြစ်တာကြောင့်ပါ။

အငြင်းအခုန်ပြုလုပ်ခြင်း
ဓမ္မတာလာစဉ်မှာ စိတ်ခံစားမှုပြင်းထန်ဆုံးအချိန်ဖြစ်တဲ့အတွက် ဒီအချိန်မှာ အငြင်းအခုန်ပြုလုပ်တာက နောက်ပိုင်းမှာ သင်နောင်တရတဲ့အထိ တခြားသူအတွက် ထိခိုက်မှု ဖစ်သွားနိုင်ပါတယ်။ အငြင်းပွားစရာကိစ္စတွေရှိလာခဲ့ရင် တစ်ကနေ ၁၀ အထိ ရေတွက်ရင်း စိတ်ဖြေလျှော့လိုက်ပါ။ ဓမ္မတာပြီးဆုံးချိန်မှ ပြန်လည်ဖြေရှင်းပါ။

အိမ်အလုပ်လုပ်ခြင်း
အဝတ်လျှော်တာနဲ့ မီးဖိုချောင်သန့်ရှင်းရေးလုပ်တာတွေက ဘယ်နေ့ဖြစ်ဖြစ်ပြုလုပ်လို့ ရပါတယ်။ ဓမ္မတာလာစဉ်မှာတော့ အိပ်ရာထဲမှာနေပြီး စာအုပ်ဖတ်တာ ဒါမှမဟုတ် ဟာသဇာတ်လမ်းကြည့်တာမျိုးတွေသာ ပြုလုပ်ပါ။

အရန်သင့်အစားအစာများကို စားခြင်း
အရန်သင့်စားလို့ရတဲ့ အစားအစာတွေက ဆီကြော်စာတွေများတဲ့အတွက် ဓမ္မတာဝေဒနာတွေ ပိုခံစားရတတ်ပါတယ်။

ပြေးလွှားခြင်း
ဓမ္မတာလာနေစဉ်မှာ ပြေးလွှားမှုပြုလုပ်တာက အဆိုးရွားဆုံးပါ။

အချိန်ပြည့်ထိုင်နေခြင်း
ဓမ္မတာလာစဉ်မှာ တစ်နေ့တာလုံး ထိုင်နေမယ့်အစား တတ်နိုင်သမျှ လဲလျောင်းပြီးနေပါ။ ဥပမာအားဖြင့် တီဗီကြည့်စဉ်မှာ အိပ်ပြီးကြည့်တာ၊ ရေချိုးစဉ်မှာ ရေချိုးကန်ထဲ လဲလျောင်းပြီး ချိုးတာမျိုးတွေ ပြုလုပ်ပေးပါ။ ဓမ္မတာလာစဉ်မှာ သင်ဟာ ခါတိုင်းလိုပဲ လုပ်ကိုင်စရာရှိတာတွေ အကုန်လုပ်လို့ရပါတယ်။ ဒါပေမဲ့ အိပ်ရာထဲမှာ နှစ်ရက်၊ သုံးရက်လောက် နားနေနိုင်ရင်တော့ အကောင်းဆုံးပါ။

လစဉ်သုံးပစ္စည်းကို အချိန်ကြာကြာ အသုံးပြုထားခြင်း
သင့်အနေနဲ့ ဓမ္မတာလာစဉ်မှာ Pad ပဲသုံးသုံး၊ Tampon ပဲသုံးသုံး တစ်ခုတည်းကို နာရီပေါင်းများစွာ အသုံးမပြုသင့်ပါဘူး။ အဲဒီလို အသုံးပြုခဲ့ရင် ရောဂါပိုးဝင်ရောက်တာ၊ အရေပြားယားယံတာနဲ့ အရမ်းဆိုးရွားလာရင် Toxic shock syndrome (အဆိပ်ကြောင့် သတိလစ်တာ) အထိ ရရှိနိုင်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ထဲမှာ Tampon ကိုနာရီပေါင်းများစွာ ထည့်ထားခဲ့ရင်ပါ။ သင့်အနေနဲ့ Pad ကို အသုံးပြုမယ်ဆိုရင် ခြောက်နာရီအကြာမှာ အသစ်တစ်ခု ပြန်လည်လဲလှယ်ပေးပါ။ Tampon အသုံးပြုသူတွေအနေနဲ့တော့ ၂-၃ နာရီအကြာ အသစ်တစ်ခု ပြန်လည်လဲလှယ်ပေးရပါမယ်။

မိန်းမကိုယ် ဆေးကြောခြင်း
ဓမ္မတာလာစဉ်မှာ မိန်းမကိုယ်နေရာကို ဆပ်ပြာနဲ့ ဆေးကြောတာက သူ့ရဲ့ သဘာဝ pH ညီညွတ်မှုကို ထိခိုက်စေပြီး ကိုယ်တွင်း ရောဂါပိုးဝင်ရောက်နိုင်ခြေ အလွန်များပြားသွားပါတယ်။ မဆေးရ အနေနိုင်ဖြစ်ရင် ရေနွေးလေးနဲ့သာ အပေါ်ကနေ အောက်ဘက်ကို ဆေးကြောပေးပါ။ ဒါမှ စအိုက ပိုးတွေက မိန်းမကိုယ်တွင်း မဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ pad ကြောင့် ယားယံပြီး အဖုအပိန့်တွေ ပေါက်နေခဲ့ရင် မိန်းမကိုယ်နေရာကို သန့်စင်ပြီး ခြောက်သွေ့အောင် ထားရပါမယ်။

အမွေးရိတ်ခြင်း
သင့်အနေနဲ့ ဓမ္မတာလာစဉ်အတွင်းမှာ အီစထရိုဂျင်အဆင့်တွေက လျော့ကျသွားတဲ့အတွက် နာကျင်မှုဝေဒနာကို ခါတိုင်းထက်ပိုပြီးခံစားရနိုင်ပါတယ်။ ဒါကြောင့် အဲဒီအချိန်မှာ အမွေးရိတ်တာလိုမျိုး အပြုအမူတွေကို မပြုမူသင့်ပါဘူး။

အစာမစားဘဲနေခြင်း
ဓမ္မတာလာနေစဉ်အတွင်း ခံစားရတဲ့ဝေဒနာတွေကြောင့် တချို့တလေကဘာမှ စားချင်စိတ်မရှိတဲ့အတွက် အစာမစားဘဲ နေလေ့ရှိကြပါတယ်။ ဒါပေမယ့် ဆီးစပ်ကိုက်တာနဲ့ စိတ်ခံစားမှု အပြောင်းအလဲဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက် ခန္ဓာကိုယ်က စွမ်းအင်များစွာ လိုအပ်ပါတယ်။ ဒီအချိန်မှာ အစာမစားဘဲနေတာက စွမ်းအင်လျော့ကျသွားနိုင်တာကြောင့် အစာကို မဖြစ်မနေ စားပေးပါ။

အဆင်သင့်စာများ စားသုံးခြင်း
ဓမ္မတာလာနေစဉ်မှာ အစာစားဖို့က အရေးတကြီးလိုအပ်သလို မှန်ကန်တဲ့အစာ ရွေးချယ်နိုင်ဖို့ကလည်း လိုအပ်ပါတယ်။ အဆင်သင့်စားလို့ရတဲ့ အစားအစာတွေမှာ ဆားပါဝင်မှု အလွန်များပြားတဲ့အတွက် ကိုယ်တွင်း ရေဓာတ်စုဆောင်းမှု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခံစားရတဲ့ ဝေဒနာတွေ ပိုမိုဆိုးရွားလာနိုင်တဲ့အတွက် အဆင်သင့်စာတွေကို မစားသုံးသင့်ပါဘူး။

နို့နှင့် နို့ထွက်ပစ္စည်းစားသုံးခြင်း
ဓမ္မတာလာစဉ်အတွင်း နို့နဲ့ နို့ထွက်ပစ္စည်းကို ရှောင်ကြဉ်သင့်ပါတယ်။ ခန္ဓာကိုယ်အတွက် ကယ်လ်စီယမ်ကို အထူးလိုအပ်ပေမယ့် ဒီအချိန်မှာတော့ ကယ်လ်စီယမ်ကို အားဆေးအနေနဲ့သာ သောက်သုံးသင့်ပါတယ်။ နွားနို့၊ ဒိန်ခဲနဲ့ ဒိန်ချဉ်လိုမျိုး နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ အက်စစ်တစ်မျိုးက ဆီးစပ်ကိုက်ခဲတာကို ပိုမိုဆိုးရွားနိုင်တာကြောင့်ပါ။ ဒါ့အပြင် ဝက်သား၊ အမဲသား၊ ကြက်ဆင်သားနဲ့ ကြက်သားတွေမှာလည်း ဒီအက်စစ်ပါဝင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

မလှုပ်မရှားနေခြင်း
ဓမ္မတာလာနေစဉ်မှာ ကိုက်ခဲနေတာနဲ့ စိတ်ခံစားမှုမကောင်းတာတွေကြောင့် တစ်ချိန်လုံး အိပ်ရာထဲမှာ နေနေတာကလည်း မသင့်တော်ပါဘူး။ သင့်ရဲ့ နာကျင်မှုဝေဒနာပေါ်မှာပဲ အာရုံစိုက်မိတဲ့အတွက် ဝေဒနာပိုမိုဆိုးရွားနိုင်ပါတယ်။ မလှုပ်မရှားဘဲနေမယ့်အစား လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နာကျင်ကိုက်ခဲတဲ့ဝေဒနာ သက်သာနိုင်ပါတယ်။

ရက်ချိန်းယူခြင်း
ဓမ္မတာလာနေစဉ်မှာ ခန္ဓာကိုယ်အတွင်း အီစထရိုဂျင်တွေ လျော့ကျနေတဲ့အတွက် နာကျင်မှုဝေဒနာကို ခံစားရမှု သိသိသာသာ မြင့်တက်လာပါတယ်။ ဒီရက်တွေမှာ သွားနုတ်တာ၊ သွားစိုက်တာလိုမျိုး နာကျင်နိုင်မယ့် အရာတွေကို ပြုလုပ်ဖို့ ရက်ချိန်းယူမထားသင့်ပါဘူး။

စိတ်ခံစားမှု မကောင်းသဖြင့် အိမ်တွင်းပုန်းနေခြင်း
ဓမ္မတာလာစဉ်မှာ စိတ်ခံစားမှုမကောင်းတာက အဆိုးရွားဆုံး ပြဿနာပါ။ ဒီလိုအချိန်မှာ အိမ်တွင်းပုန်းနေမယ့်အစား စာဖတ်တာ၊ လမ်းလျှောက်တာလိုမျိုး သင့်ကို ပျော်ရွှင်မှုပေးနိုင်မယ့်အရာမျိုးတွေ ပြုလုပ်ပေးပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts