ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (ခ) (အပိုင်း - ၁)

ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (ခ) (အပိုင်း – ၁)

ဖော်ပြလတ္တံ့သော စာပိုဒ်များသည် လိုင်စီ (Lysis) ကထာမှပင် ဖြစ်သည်။ ယခင် (က)မှ (ဋ)အထိ စာပိုဒ်များတွင် မိတ်ဆွေဟူသည် ကောင်းရာသို့ ညွှန်တတ်၍ အကျိုးရှိအောင် ပြုတတ်သူဖြစ်၏ဟု လည်းကောင်း၊ ထိုသို့သောသူမျိုး ဖြစ်လာအောင် ဝိဇ္ဇာအသိတရားရှိအပ်သည်ဟုလည်းကောင်း သိခဲ့ရပြီ။

ဖော်ပြလတ္တံ့သော စာပိုဒ်များတွင် မိတ်ဆွေဟု ဆိုကြရာ၌ အနည်းဆုံး လူနှစ်ဦးရှိရမည်ဖြစ်ရာ၊ မည်သူ့ကို မိတ်ဆွေဟု ယူဆရမည်နည်းဟူသော ပြဿနာကို တွေ့နိုင်သည်။ ထိုပြဿနာကို ဖြေရှင်းရာ၌ ယုတ္တိသက်သက်ကို မလို၊ အမှန်ကိုလိုသော ဆော့ခရတ္တိ၏ မေးမြန်းစိစစ်ပုံနှင့် သဘောထားပုံတို့ကိုလည်း တွေ့နိုင်သည်။ ရှေးဦးစွာ ဆော့ခရတ္တိနှင့် မီနီဇိနတို့ ဆွေးနွေးကြသည်။ မီနီဇိနသည်လည်း လူငယ်ဖြစ်သည်။ လိုင်စီငယ်၏ မိတ်ဆွေဖြစ်သည်။ လိုင်စီငယ်ထက် ပို၍ ဉာဏ်ကောင်းသည်ဟု ဆိုသည်။ ဆော့ခရတ္တိနှင့် မီနီဇိနတို့သည် မိတ်ဆွေဟူသည် အဘယ်နည်းဟူသော အမေးအတွက် အဖြေရှာကြရာတွင် လွယ်မယောင်နှင့် အခက်တွေ့ခဲ့ကြသည်။ မိတ်ဆွေ၏သဘောကို အကယ်စစ်ဆေးလိုက်သောအခါ ချစ်နေသောကြောင့် မိတ်ဆွေဖြစ်ချင်သူသက်သက်ကိုလည်း မိတ်ဆွေဟု မခေါ်နိုင်။ နောက်ဆုံးတွင် မေတ္တာအတုံ့အပြန် ထားတတ်ကြသောသူတို့ကိုသာလျှင် မိတ်ဆွေဟု ခေါ်ထိုက်ကြောင်း၊ မိတ်ဆွေဖြစ်ခြင်းဆိုသည်မှာ မေတ္တာအတုံ့အပြန် ထားတတ်ခြင်းသာ (ဝါ) မေတ္တာအတုံ့အပြန်ရှိခြင်းသာ ဖြစ်ကြောင်း အဖြေထွက်လာသည်ကို သိနိုင်သည်။ မီနီဇိနနှင့် ပြောဟောဆွေးနွေးပြီးသောအခါ ဆော့ခရတ္တိသည် လိုင်စီငယ်နှင့်ထပ်၍ ဆွေးနွေးပြန်သည်။ ဆွေးနွေးချက်၏ လိုရင်းမှာ ကိုယ်နှုတ်နှလုံးကောင်းသူတိုင်း မိတ်ဆွေဖြစ်နိုင်သည် ဟူသော အဖြေသစ်တစ်ခုကို တိုး၍သိလာရခြင်း ဖြစ်သည်။

ဆိုခဲ့သော ပြောဟောဆွေးနွေးပွဲနှစ်ခု၌ ဆော့ခရတ္တိ စိတ်ကောင်းရှိ၍ ချစ်ကြည်ညိုဖွယ်ကောင်းပုံ၊ လူငယ်လူရွယ်တို့နှင့် သင့်မြတ်ပုံ၊ လူငယ်လူရွယ်တို့ကို ပြောဟောသင်ပြရာ၌ ရယ်ရယ်မောမော ပျော်ပျော်ပါးပါး ပြောဟောတတ်၍ နည်းယူဖွယ်ကောင်းပုံတို့ကို တွေ့နိုင်ပါသည်။

စာပိုဒ် (ဌ)

ထိုအခိုက်မှာပင် မီနီဇိနပြန်လာ၍ လိုင်စီငယ်၏ နံပါးရှိ သူ့နေရာတွင် ဝင်ထိုင်ပါသည်။ ထိုအခါ ချစ်စရာကောင်းသော လိုင်စီငယ်သည် အပြစ်မရှိသော ကလေးကဲ့သို့ ကျွန်ုပ်၏ နားနားသို့ကပ်၍ မီနီဇိန မကြားအောင် တိုးတိုးပြောသည်မှာ အချင်းဆော့ခရတ္တိ၊ ကျွန်တော့်အား အသင် ပြောသမျှကို မီနီဇိနအား ပြန်ပြောပါလော့ဟု ဆိုပါသည်။

ထိုအခါ ကျွန်ုပ်က အချင်း လိုင်စီငယ်၊ အသင် ကြားခဲ့ပြီး ဖြစ်သည်။ အသင်ကိုယ်တိုင်ပြောပြလျှင် မကောင်းပြီလောဟု ကျွန်ုပ်က ပြန်ပြောသည်။

အကောင်းသားပေ။ နောင်အခါ ပြောပြပါမည်။

အသင် ပြောပြမည်ဆိုလျှင် ကျွန်ုပ် ပြောခဲ့သမျှကို သတိရအောင် ရှေးဦးစွာ အသင် အားထုတ်ပါ။ ထို့နောက် ပြန်ပြောသောအခါ ကျွန်ုပ် ပြောခဲ့သမျှကို အတိအကျ ပြန်ပြောပါ။ မေ့နေသော အချက်ရှိလျှင် နောင်တစ်ကြိမ် ကျွန်ုပ်နှင့်တွေ့သောအခါ ကျွန်ုပ်ကို မေးနိုင်ပါသည်။

ကောင်းပါပြီ။ အသင်၏စကားကို မြေဝယ်မကျ နားထောင်ပါမည်။ သို့ရာတွင် ဆော့ခရတ္တိ၊ အသင့်မှာ ပြောစရာ အသစ်အဆန်း ရှိသေးလျှင် သူ့ကို ပြောပြပါဦးလော့။ နားထောင်ခွင့်ရလျှင် ကျွန်တော်လည်း နားထောင်ချင်ပါသည်။

လိုင်စီငယ်က ထိုသို့ မေတ္တာရပ်သောအခါ ကျွန်ုပ်က လိုင်စီငယ်၊ အသင် မေတ္တာရပ်သည်ကို ကျွန်ုပ် မငြင်းလိုပါ၊ ပြောချင်ပါ၏။ သို့ရာတွင် အသင်လည်း သိသည့်အတိုင်း မီနီဇိနသည် စကားစစ်ထိုးတတ်သူ ဖြစ်သည်။ အကယ်၍ ကျွန်ုပ်မှာ အရေးမလှဖြစ်ခဲ့သော် ကျွန်ုပ်ကို အသင် ဝင်ကူမည်လော။

ကူရမည်ပါ့။ ဟုတ်ပါ၏၊ မီနီဇိနသည် စကားစစ်ထိုးတတ်သူဖြစ်သည်။ ထို့ကြောင့်လည်း သူနှင့် စကားအဆိုခိုင်းခြင်း ဖြစ်သည်။

သြ၊ ကျွန်ုပ် အရူးဖြစ်အောင် ဆိုပါတော့။

အို၊ ထိုသို့ကား မဟုတ်ပါ။ သူ့ကို နှိမ်ပေးစေချင်သောကြောင့်သာပါ။

လိုင်စီငယ်၊ သူ့ကို နှိမ်ပေးဖို့ဆိုသည်မှာ မလွယ်ပါ။ မီနိဇိနသည် တော်တော် လန့်စရာကောင်းသူ ဖြစ်သည်။ ဆရာတိစိပ၏ တပည့်ကျော် ဖြစ်သည်။ သူ့ဆရာ တိစိပလည်း ရှိနေသည် မဟုတ်ပါလော။ ဟိုနေရာ၌ ထိုင်နေသည်ကို အသင်မမြင်ပြီလော။ ကျွန်ုပ်သည် ယခုပင် ကြောက်ဒူးတုန်နေပါပြီ။

ဆော့ခရတ္တိ၊ ကြောက်စရာ မရှိပါ။ ဆိုစရာ ရှိသည်ကိုသာ ဆိုပါ။

ကောင်းပါပြီ၊ ဆိုပါဟု ဆိုလျှင်လည်း ဆိုရတော့မည်ပါ့။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

Related Posts