ဆန္ဒရှိတာရဖို့

ဆန္ဒကနည်းလျှင် ချမ်းသာဖို့ကလွယ်သည်။ ဆန္ဒကများလျှင် ချမ်းသာဖို့ကခက်သည်။ ဆန္ဒများပြီး လုံ့လကနည်းလျှင် ပို၍တောင်ခက်သည်။ ဆန္ဒရှိသမျှ မိဘကလိုက်ဖြည့်နေသည့် သားမျိုးကျတော့ ဆန္ဒကများလာပြီး လုံ့လကနည်းသွားတတ်ပါသည်။

ကြွေနေတဲ့ပန်းကလေးများ လိုက်ကောက်ရင်းက ကျေနပ်မှုရတတ်တဲ့ ရောင့်ရဲစိတ်ကို ချစ်သမီးလေးရယ် ဘယ်လို လူ့လောကစည်းစိမ်အတွက်မှ မစတေးနဲ့ တဲ့

“နန်းခမ်းနွဲ့အတွက် တေးတစ်ပုဒ်” ထဲမှာ ဆရာ(ဒေါက်တာ)စိုင်းခမ်းလိတ် ရေးဖွဲ့ခဲ့သော စာသားကလေး။ နှစ်ပေါင်း ၃၀ ‌လောက်ကြာတာတောင် ရင်ထဲမှာတလှပ်လှပ်ခံစားရလောက်အောင် နှစ်သက်မိသည်။ ဒါမှ တန်ဖိုးရှိလှသော မိမွေဖမွေ စင်စစ်မဟုတ်ပါလား။ ရောင့်ရဲတတ်ခြင်း၊ ဆန္ဒမလွန်ကဲခြင်း၊ သင့်တင့်စွာ နှလုံးသွင်းတတ်ခြင်းတို့သည် ပျင်းရိခြင်း၊ မကြိုးစားခြင်းတို့နှင့် ဘာမှမဆိုင်ပါ။ ရှင်းရှင်းပြောရရင် ” ဒါရမှ၊ မရရင်တော့ဒါပဲ” ဆိုသည့် စိတ်ကိုဖျောက်ခိုင်းခြင်းဖြစ်ပါသည်။ ဆရာစိုင်းခမ်းလိတ်နှင့် မမဒေါက်တာနွဲ့နွဲ့တင်တို့က ကလေးတွေကို ရောင့်ရဲတတ်စေချင်သလို အပျင်းလည်း ပေးမထူကြပါ။

အဖေ့ထက် တော်အောင်ကြိုးစားပါ အငယ်လေး၊ အမေ့ထက် တော်အောင်ကြိုးစားပါ အငယ်လေး၊ မပျင်းနဲ့ အငယ်လေး၊ ရှေ့ရေးတွေလည်း ရှိသေးတယ်။ မပျင်းနဲ့ အငယ်လေး၊ ကျောင်းမဝေးပါဘူး တံတားထိပ်ရယ် တဲ့။

“တံတားထိပ်ကျောင်းသူ” ထဲက စာသားကလေး။

အခုတော့ နန်းခမ်းနွဲ့လိတ်ကလေးလည်း အရွယ်ရောက်ပြီ။ မိဘဂုဏ်ယူရသော သမီးကလေးဖြစ်နေပြီ။ ဆရာတို့ မိသားစုနဲ့လည်း ရင်းနှီးခွင့်၊ ခင်မင်ခွင့်ရခဲ့ပြီ။ သမီးကလေးတောင် ကျွန်တော့် စာဖတ်ပရိသတ်ဖြစ်နေပြီတဲ့။

ဆရာ့လို စကားလေးတစ်ခွန်းနှစ်ခွန်းနှင့် ရင်ထဲကို ဒိန်းခနဲဝင်အောင်တော့ ကျွန်တော်မရေးတတ်သေး။ ဒါကြောင့် ဆရာ့ကိုပဲ ကိုးကားရတာခွင့်ပြုပါဆရာ။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ လင်္ကာရည်ကျော်၏ ဘာအမွေပေးကြမှာလဲ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts