ကြိုးစား၍

ကြိုးစား၍ တော်သောလူများကို ငှားရမ်းပါ

အတော် ဆုံးအမှုဆောင်အရာရှိ တစ်ဦးဟူသည်
မိမိပြီးစီးချင်သည့်အရာအား လုပ်ရန် တော်သောလူများကို
ရွေးချယ်ရမည်ဟူသော အသိရှိသကဲ့သို့ ထိုလူများ အလုပ်လုပ်နေစဉ်တွင်
ဝင်ရောက်စွတ်ဖက်ခြင်း မပြုရန် မိမိကိုယ်ကို
ထိန်းချုပ်မှုလည်းရှိသည့် လူတစ်ယောက် ဖြစ်သည်။
— သီအို ဒေါရုစ်ဗဲ့လ်ထ် —

        ရိုးရိုးလေးပဲ ဟုထင်ရသည်။ သို့သော်လည်း မိမိ၏ အသင်းတွင် တွန်းအားရှိသော လူများဖြင့်ဖွဲ့စည်းလိုပါက ပင်ကိုကြိုးစားသူများကို ငှားရမ်းခန့်ထားခြင်းသည် အကောင်းဆုံးနည့်လမ်း ဖြစ်သည်။ ဤကဲ့သို့အသင်းမျိုး ဖန်တီးရန်အတွက် လုပ်နိုင်သည်များ အများကြီး ရှိပါသည်။ ပထမဦးဆုံးအင်တာဗျူးဖြင့် စနိုင်သည်။
    အလုပ်လျှောက်သူများက မေးမည်ဟု မျှော်လင့်ထားသော မေးခွန်းများကို ကြိုတင်သိထားပါ။ ယင်းမေးခွန်းများကို နည်းနိုင်သမျှ အနည်းဆုံး မေးပါ။ ဤမေးခွန်းများကို မေးပါက ‘အမေး-အဖြေ’ လေ့ကျင့်ခန်း လုပ်သလိုသော ဖြစ်လိမ့်မည်။ ဤကဲ့သို့ မေးမည့်အစား အင်တာဗျူးဖြေဆိုသူ၏ သရုပ်သကန်အမှန် ကိုဖော်ထုတ်သည့် အတွေး အကြံ ကြွယ်ဝသည့်မေးခွန်းများကို မေးပါ။ မမျှော်လင့်ထားထည့် မေးခွန်းများကို မေးပါ။ သမားရိုးကျ မေးခွန်းများကု ရှောင်ရှားပြီးမေး ပါက တော်သော၊ ပင်ကိုကြိုးစားသော ဖြေဆိုသူက သဘောကျ လိမ့်မည်။ ကြိုးစားအားထုတ်မှု မရှိသောသူများ စိတ်မသက်မသာ ခံစားကြလိမ့် မည်။ အင်တာဗျူး တော်တော်များများမှာ ‘အမေး-အဖြေ’ လေ့ကျင့်ခန်း လုပ်သကဲ့သို့ ဖြစ်နေကြသည်။
    စစ်မှန်သော လူကို ရှာဖွေလိုပါက “ Layering ” ဟု ခေါ်သည့် မေးနည်းကို အသုံးပြု၍ မေးနိုင်ည်။ အကြောင်းအရာတစ်ခု ၏ မေးသွားသည့်နည်းလမ်းဖြစ်သည်။ ဥပမာ အားဖြင့်
မေး။    မင်းက ဘာဖြစ်လို့ ‘အေ’ ကုမ္ပဏီကနေ ထွက်လာတာလဲ။
ဖြေ။    ရင်ဆိုင်ဖြေရှင်းရတဲ့ အခက်အခဲ၊ စွန့်စားရတဲ့ အလုပ်တွေမရှိလို့ ပါ။
ထပ်၍မေး။    စိတ်ဝင်စားစရာပါလား။ ‘အေ’ ကုမ္ပဏီ အကြောင်းကို ပြောပြပါလား။ အဲ့ဒီကုမ္ပဏီကို မင်းဘယ်လိုမြင်လဲ။
ဖြေ။    ဖြေဖို့ခက်ပါတယ်။ ကျွန်တော် အဲ့မှာအလုပ်လုပ်ရတာ မပျော်ဘူး။
ထပ်၍မေး။    ဘာကြောင့်မပျော်တာလဲ။
ဖြေ။    ကျွန်တော့်မန်နေဂျာက အသေးအဖွဲ၊ အသေးစိတ်ကိုပဲ ကြည့်တတ်လို့ပါ။
    ဤကဲ့သို့ အလွှာထပ် ၍မေးခြင်းနည်းမှာ ဖြေဆိုသူက ကြိုတင် ပြင်ဆင်မထာသည့် မစဉ်းစားထားသည့် အကြောင်းအရာကို ‘ဆက်ပြောပါဦး’ ‘ထပ်ပြီးပြောပြပါဦး’ ‘ဆက်ပြောပါ’ ဟူ၍ လမ်းကြောင်းတစ်ခုတည်းကို လိုက်၍ မေးခြင်းဖြစ်သည်။ ဤကဲ့သို့မေးခြင်းဖြင့် လူတစ်ယောက်၏ စိတ်ဓာတ်အစစ်အမှန်ကို ဖော်ထုတ်နိုင်သည်။ အကြောင်းအရာတစ်ခုကို သိလိုစိတ်ဖြင့့် လမ်းဖွင့်မေးသော နည်းလမ်း သာဓက တစ်ခုမှာ-
မေး။    မင်းက ဒီဒေသမှာ ကြီးပြင်းတာလား။
ဖြေ။    မဟုတ်ပါဘူး။ ချီကာဂိုမြို့မှာပါ။
မေး။    ချီကာဂို မှာလား၊ ဒါဆို အထက်တန်းကျောင်းကို အဲ့ဒီမှာ တက် တာပေါ့။
ဖြေ။    ဟုတ်ပါတယ်။ အရှေ့မိန်း (Maine East) အထက်တန်းကျောင်းမှာပါ။
မေး။    အဲ့ဒီကျောင်းကို တက်ရတာ ဘယ်လိုလဲ။
ဖြေ။    ပျော်စရာကောင်းပါတယ်။
မေး။    ပုံမှန်အားဖြင့် စနေ၊ တနင်္ဂနွေမှာ ဘာလုပ်တက်လဲ။
    နောက်ထပ် သာဓကတစ်ခုမှာ
မေး။     မင်းရဲ့ ‘ကိုယ်ရေးမှတ်တမ်းအကျဉ်း’ မှာ မင်းက အင်ဂျင်နီယာ ဘာသာအဓိကနဲ့ အောင်တယ်လို့ ပြောထားတယ်။
ဖြေ။    ဟုတ်ပါတယ်။
မေး။    ကဲကွာ။ အင်ဂျင်နီယာဘာသာ သင်ကြားခြင်းနဲ့ ပတ်သက်ပြီး မင်းအနေနဲ့ ပြောင်းလဲခွင့်ရမယ်ဆိုရင် ဘာကို မင်းပြောင်းလဲပစ်မလဲ။
    နောက်ထပ်သာဓကတစ်ခုမှာ
မေး။    မင်းအခုထွက်လာခဲ့တဲ့ ကုမ္ပဏီ ကို မင်းပြန်သွားပြီး အုပ်ချုပ်ရမယ် ဆိုရင် ပထမဆုံး မင်းဘာလုပ်မလဲ။
    မိမိနှစ်သက်ရာ၊ စိတ်ဝင်စားစရာမေးခွန်း များကို စဉ်းစားပြီး အင်တာဗျူးကို ကြိုတင်စဉ်းစားထားသည့်ပုံစံ မဟုတ်ဘဲ မေးသွားပါ။ ဤနည်းအားဖြင့် စစ်မှန်သောလူကို တွေ့ရှိပြီးထို သူနှင့်လက်တွဲ လုပ်ပါက မည်ကဲ့သို့ ဖြစ်မည်ကို စဉ်းစားပုံဖော်ကြည့်နိုင်သည်။
အလွန်တော်သော အသင်းတစ်သင်းကို ဖွဲ့စည်းလိုပါက ပင်ကို တော်သော လူများကို ရှာဖွေ၊ ငှားရမ်းခန့်ထားပါ။

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts