ကျောင်းသားအရေးအခင်း

ခေတ်အဆက်ဆက် ကျောင်းသားအရေးအခင်း မှသည် ရှစ်လေးလုံး အရေးတော်ပုံကြီးဆီသို့

ခေတ်အဆက်ဆက်တွင် ကျောင်းသားများ ဦးဆောင်သည့် ကျောင်းသားအရေးအခင်းများပေါ်ပေါက်ခဲ့ရာ၌ ကိုလိုနီခေတ် ကျောင်းသားသပိတ်များ၊ ပါလီမန်ခေတ် ကျောင်းသားအရေးအခင်းများနှင့် လမ်းစဉ်ပါတီခေတ် ကျောင်းသားအရေးအခင်း များပါဝင်ပါသည်။ ယင်းကျောင်းသားအရေးအခင်းများတွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သည့်
အရေးတော်ပုံကြီး ဖြစ်ပါသည်။

စတေးခံကျောင်းသားများ
ကိုလိုနီခေတ် ၁၉၂၀ ပြည့်နှစ်တွင် ပထမကျောင်းသားသပိတ်၊ ၁၉၃၆ ခုနှစ်တွင် ဒုတိယကျောင်းသားသပိတ်နှင့် ၁၉၃၈ ခုနှစ်တွင် တတိယကျောင်းသား သပိတ်များ ပေါ်ပေါက်ခဲ့ရာ
၌ တတိယကျောင်းသားသပိတ်မှာ ၁၃၀၀ ပြည့် အရေးတော်ပုံသို့တိုင် ဦးတည်ဖြစ်ပွားခဲ့သည်။ ကျောင်းသားအရေးများနှင့် ပတ်သက်၍ အာဏာပိုင်များ၏ လက်ချက်ဖြင့် အသက်စတေးခဲ့ရ
သည့် ကျောင်းသားများမှာ ကိုလိုနီခေတ်ကပင်ရှိခဲ့သည်။

ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်
ကိုအောင်ကျော်သည် ဂျပ်ဆင်ကောလိပ်မှ ကျောင်းသားတစ်ဦးဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသ မဲဇလီကုန်း အမျိုးသား အလယ်တန်းကျောင်းမှ ၇တန်းအောင်မြင်ခဲ့ပြီးနောက်
ဟင်္သာတမြို့၊ ဒေါက်တာကမ်းမင်း အထက်တန်းကျောင်းတွင် ဆယ်တန်းအောင်မြင်ကာ ဂျပ်ဆင်ကောလိပ်သို့ ရောက်ရှိခဲ့သူဖြစ်သည်။ ၁၉၃၈ ခုနှစ် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားစဉ်က
ဇာတိမြို့တွင် ဖမ်းဆီးခံခဲ့ရသူ အများအပြားရှိရာ ပါလီမန်အမတ် ဦးဟိန်း၊ ဟင်္သာတဦးမြ စသူတို့နှင့် တိုင်ပင်ကာ ဟင်္သာတထောင်အတွင်း ဝင်ရောက်အားပေးခဲ့သူဖြစ်သည်။
၁၃ ဒီဇင်ဘာ၊ ၁၉၃၈ တွင် တကသဥက္ကဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့အား ရေနံမြေသပိတ်သမားများအား တရားဟောမှုဖြင့် ဖမ်းဆီးလိုက်သောအခါ ကိုအောင်ကျော်
ခေါင်းဆောင်လျက် ရန်ကုန်မြို့ ကျောင်းပေါင်းစုံမှ ကျောင်းသားများ မြို့မကျောင်းဝင်းအတွင်း စုရုံးကာ ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြသည်။

ကိုအောင်ကျော် ကျဆုံးခြင်း
၂၀ ဒီဇင်ဘာ၊ ၁၉၃၈ တွင် အစိုးရအာဏာပိုင်များ၏ အချက်အချာဖြစ်သော အတွင်းဝန်ရုံးကို ဝိုင်းရံ ဆန္ဒပြကြသည်။ ကိုအောင်ကျော်က စပတ်လမ်း သူရိယသတင်းစာတိုက်ဘက်
အဝင်ဝမှ ကြီးကြပ် တာဝန်ယူပေးရသည်။ ကျောင်းသားတစ်သောင်းကျော်တို့၏ ဆန္ဒပြမှုကြောင့် ရုံးပိတ်လိုက်ရသဖြင့် နေ့လယ်ပိုင်းတွင် ကျောင်းသားများ လေးယောက်တစ်တွဲဖြင့် အတွင်း
ဝန်ရုံးကို လက်ယာရစ် ၃ပတ်ပတ်ကာ ပြန်မည်ပြုစဉ် မြင်းစီးပုလိပ်များ ရောက်ရှိလာကာ အတင်း ဝင်ရောက်ရိုက်နှက်ခဲ့ရာ ကျောင်းသူကျောင်းသား ၂၀၀ကျော် ဒဏ်ရာရရှိခဲ့သည်။
ကိုအောင်ကျော်၏ ဒဏ်ရာမှာ ပြင်းထန်လှသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။ ၂၂ ဒီဇင်ဘာ၊ ၁၉၃၈ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းသား
ခေါင်းဆောင် ကိုအောင်ကျော် ကွယ်လွန်သွားပါသည်။

ဟယ်ရီတန်အရေး
ပါလီမန်ခေတ် ၁၉၅၂ ခုနှစ်၊ မတ်လတွင် ဟယ်ရီတန်အရေးဟု ခေါ်ဆိုကြသည့် ကျောင်းသားအရေးအခင်း ဖြစ်ပွားခဲ့သည်။ အလယ်တန်း အစိုးရစစ် သတ္တမတန်း စာမေးပွဲတွင်
ဘာသာရပ် ၄ ခု ဖြေဆိုပြီးချိန်၌ မတ်လ ၂၂ ရက်နေ့တွင် ဖြေဆိုရမည့် သင်္ချာ ၂ ဘာသာနှင့် အထွေထွေသိပ္ပံ ဘာသာရပ်များ မေးခွန်း ပေါက်ကြားကြောင်း သတင်းဖြစ်ပေါ်လျက် ရှိသော်လည်း
အာဏာပိုင်တို့က တစ်စုံတစ်ရာ အရေးယူမှု မရှိခဲ့ပေ။
ယင်းနေ့ သင်္ချာမေးခွန်း ဖြေဆိုအပြီး အထွေထွေသိပ္ပံ ဖြေဆိုရန် ကျောင်းသားများ စာမေးပွဲခန်းမအတွင်း ဝင်ရောက်လာစဉ် စာမေးပွဲကြီးကြပ်သူများက မတ်လ ၂၀ ရက်နေ့မှစ၍
ဖြေဆိုခဲ့ကြသည့် သတ္တမတန်း စာမေးပွဲကို လုံးဝဖျက်သိမ်းလိုက်ကြောင်း ပညာမင်းကြီး ဦးဘဘွား လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ကျောင်းသား ဟယ်ရီတန် ကျဆုံးခြင်း
ကျောင်းသားအများစုမှာ မခံမရပ်နိုင်ဖြစ်ကာ အချို့က ငိုယိုလျက် စာစစ်ဌာနအသီးသီးမှ ပညာမင်းကြီးရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုစဉ် အစိုးရအာဏာပိုင်များက သေနတ်
ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် စိန့်ပေါကျောင်းသား ဟယ်ရီတန် ကျဆုံးခဲ့ရသည်။ ကျောင်းသား ဟယ်ရီတန်၏ ဈာပနကို အကျယ်မလုပ်ဘဲ အမြန်ဆုံး သင်္ဂြိုဟ်ရန် အာဏာပိုင်တို့က ဟယ်ရီတန်
၏ ဖခင် မစ္စတာပိန်းကို ဖိအားပေးခဲ့ကြသည်။ သို့သော် ကျောင်းသားများက လက်မခံဘဲ ဆေးရုံကြီးမှ ကြံတောအရောက် ဈာပနအခမ်းအနားကို ကြီးကျယ်စွာ ကျင်းပခဲ့ကြသည်။
ဟယ်ရီတန်၏ ရုပ်ကလာပ်အား ကျောင်းသား ဒေါင်းအလံအနီကို အုပ်လျက် ကြံတောတွင်လည်း မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ သဘာပတိက ဂုဏ်ပြုမိန့်ခွန်း
သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ထိုနေ့ ည ၇ နာရီ၊ ၄၅ မိနစ်တွင် ဝန်ကြီးချုပ် ဦးနုက သတ္တမတန်း ဖြေဆိုသူအားလုံးကို စာမေးပွဲ အအောင်ပေးလိုက်ကြောင်း ကြေညာခဲ့သည်။

ကျောင်းသားသမဂ္ဂအား ဖြိုခွဲခြင်း
‌ တော်လှန်ရေးကောင်စီ တက်လာပြီးနောက် ၈ ဇူလိုင်၊ ၁၉၆၂ တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံအား ဖြိုခွင်းပစ်ခဲ့သည်။ ကျောင်းသားအများစုမှာလည်း
ဖမ်းစီးထောင်ချခြင်း ခံခဲ့ရရာ ထိုစဉ်ကပင် မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့သည်။

၁၉၇၄ ခုနှစ် အရေးအခင်း
၁၉၇၄ ခုနှစ်တွင် အလုပ်သမားအရေး စတင်ဖြစ်ပွားခဲ့သည်။ ၆ ဇွန်၊ ၁၉၇၄ တွင် အင်းစိန် မီးရထားစက်ခေါင်းရုံ၊ ဘီပီအိုင် ဆေးဝါးထုတ်လုပ်ရေး စက်ရုံ၊ ရွာမ သံမဏိစက်ရုံ၊ အလုံ
သင်္ဘောကျင်း၊ ဆင်မလိုက် သင်္ဘောကျင်းတို့မှ အလုပ်သမားများက အခြေခံ လိုအပ်ချက်များ တောင်းဆို ဆန္ဒပြခဲ့ရာ ရက်စက်စွာ နှိမ်နင်းခြင်းခံခဲ့ရသည်။ ယင်းနှစ် ဒီဇင်ဘာလတွင် ဦးသန့်
အရေးအခင်း ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂၅ နိုဝင်ဘာ၊ ၁၉၇၄ တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် နယူးယောက်မြို့၌ ကွယ်လွန်ခဲ့ရာ ရုပ်ကလာပ်အား ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်သို့ ပို့ဆောင်
ခဲ့ကြသည်။ မဆလ အစိုးရက ကျိုက္ကဆံကွင်းတွင် ခေတ္တထားရှိပြီး ကြံတောသုသာန်၌ သင်္ဂြိုဟ်ရန် စီစဉ်ထားရာ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျောင်းသားများက ဦးသန့်၏ ရုပ်ကလာပ်အား
သယ်ဆောင်လာကာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ထားရှိခဲ့ပြီး တကသ အဆောက်အအုံ နေရာတွင် ဂူဗိမာန်ဆောက်လုပ်ခဲ့ကြသည်။ သို့သော် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်
၂ နာရီတွင် အာဏာပိုင်တို့၏ နှိမ်နင်းချေမှုန်းခြင်းကို ခံခဲ့ရသည်။ ဦးသန့် ရုပ်ကလာပ်အား ညတွင်းချင်းပင် ကန်တော်မင် ပန်းခြံအနီးသို့ သယ်ဆောင်ကာ ဂူသွင်းခဲ့သည်။

အလုပ်သမားအရေးအခင်းနှင့် နှစ်ပတ်လည်
၁၉၇၅ ခုနှစ်၊ ဇွန်လဆန်းတွင် အလုပ်သမားအရေးအခင်း တစ်နှစ်ပြည့် အထိမ်းအမှတ် ကျောင်းသားလှုပ်ရှားမှုများ ရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် စတင်
အခြေပြုခဲ့ရာမှ သပိတ်စခန်းကို ရွှေတိဂုံ ရင်ပြင်ထက်သို့ ရွှေ့ပြောင်းဖွင့်လှစ်ခဲ့သည်။ ယင်းလှုပ်ရှားမှုတွင်လည်း ကျောင်းသားအချို့ ထိန်းသိမ်းခံခဲ့ရသည်။

၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်း
၂၁ မတ်၊ ၁၉၇၆ တွင် သခင်ကိုယ်တော်မှိုင်း ရာပြည့်အထိမ်းအမှတ် ကျောင်းသားလှုပ်ရှားမှုများကို ရွှေတိဂုံ ဘုရား တောင်ဘက်မုခ် သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့သည်။
ထိုစဉ်ကာလကလည်း ပါဝင်သူ ကျောင်းသားများကို အာဏာပိုင်တို့က ထိန်းသိမ်းထောင်ချခဲ့သည်။

စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံက မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကွယ်လွန်သည်မှ အစပြုခဲ့သည်ဟု ဆိုနိုင်ပါသည်။ မတ်လ
၁၂ ရက်နေ့ ညတွင် အရပ်သားနှင့် ကျောင်းသားအချို့ လက်ဖက်ရည်ဆိုင်၌ စကားများခဲ့ရာမှ ကျောင်းသားနှစ်ဦး အရိုက်ခံခဲ့ရသည်။ နောက်တစ်နေ့တွင် နှစ်ဖက်အခြေအနေ တင်းမာနေစဉ်
အာရ်အိုင်တီကျောင်းဝင်းအတွင်း လုံထိန်းရဲများ၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည်။ ထို့နောက် နေ့စဉ်ရက်ဆက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ
မတ်လ ၁၈ ရက်နေ့တွင် အချုပ်ကားတွင်း ၄၁ ဦး သေဆုံးခဲ့ရသည်။

မြေနီကုန်း အရေးအခင်း
၂၁ ဇွန်၊ ၁၉၉၈ တွင် ရန်ကုန်တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်တို့မှ ကျောင်းသားများ မြို့တွင်းသို့ ချီတက် ဆန္ဒပြကြစဉ် မြေနီကုန်း၌ လုံထိန်းများနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှု
ဖြစ်ခဲ့သည်။ ယင်းနောက်ပိုင်း ဇူလိုင်လအတွင်း တောင်ကြီးနှင့် ပြည်မြို့တွင် ဘာသာရေး အဓိကရုဏ်းအသွင် ပေါ်ပေါက်ခဲ့သည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ
မဆလ အရေးပေါ်ပါတီညီလာခံတွင် ဦးနေဝင်းက စစ်တပ်မှာ မိုးပေါ်ထောင်မပစ်ကြောင်း ပြောကြားခဲ့ပြီးနောက် တစ်ပြည်လုံးတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ ၈ ဩဂုတ်၊
၁၉၈၈ တွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် အင်အား ကြီးမားလှသည့် ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်ထဲမှ ကူးယူဖော်ပြထားပါသည်။

Related Posts