ကုလသမဂ္ဂ

ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်(အပိုင်း-၁)

၁၉၅၇-ခုနှစ်တွင် ဦးနုဝန်ကြီးချုပ်ရာထူးကို လက်ခံရယူပြီးချိန်၌ မြန်မာနိုင်ငံသည် နိုင်ငံခြားသံတမန်အဆက်အသွယ်များလာခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ စနစ်များ၊ လူမှုရေး၊ ပညာရေး၊ စသည်တို့ကို မျက်ခြေမပြတ် လေ့လာအကဲခတ်လာလေသည်။ မြန်မာနိုင်ငံသည် ကမ္ဘာစစ်ကြီးပြီးဆုံး၍ ကုလသမဂ္ဂ အဖွဲ့အစည်းကို ဖွဲ့စည်းပြီးချိန်၌ မိမိတို့သည်လည်း လွတ်လပ်ရေးရရှိခဲ့ပြီးဖြစ်၍ ၁၉၄၈-ခုနှစ်၊ ဧပြီလ-၁၉ရက်နေ့တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အဖြစ် ဝင်ခဲ့လေသည်။
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃-နိုင်ငံရှိလာပြီဖြစ်သည့် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးတွင် မြန်မာနိုင်ငံသည် ၅၈-နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ထို့ကြောင့် ဝန်ကြီးချုပ်ဦးနုသည် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လိုအပ်လာလေသည်။ ထိုအခါ ဦးနုသည် ဦးသန့်ကိုပင် ဤတာဝန်ယူပေးရန်နှင့် ကိုက်ညီသူဖြစ်မည်ဟု ဆုံးဖြတ်လျက်တိုက်တိုက်တွန်းတွန်းပင် ခန့်အပ်ခဲ့သည်။

ဦးသန့်သည်လည်း ပေးအပ်သည့်တာဝန်ကို လိုလိုလားလားလက်ခံ၍ ၁၉၅၇-ခုနှစ်၊ ဩဂုတ်လ ၁-ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂရုံးစိုက်ရာဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ မိသားစုနှင့်အတူ ထွက်ခွာခဲ့ရသည်။ နယူးယောက်တွင် အရှေ့ပိုင်း၇၂လမ်း၌ နေထိုင်စရာအိမ်ရရှိပြီး မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့အားလုံး စုရုံးနေထိုင်ကြသည်။ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ချုပ်ဖြစ်သော ဦးသန့်သည် မိမိနိုင်ငံအတွက် ကြီးလေးသောတာဝန်တစ်ရပ်ကို ကျေပွန်စွာထမ်းဆောင်ခဲ့လေသည်။

ဦးသန့်၏တာဝန်မှာ ကုလသမဂ္ဂတွင်လည်းကောင်း၊ သူတို့ဖိတ်ကြားပြီး ဟောပြောစေသော အမေရိကန်အုပ်စုတွင်လည်းကောင်း မြန်မာပြည်အကြောင်းကို ဟောပြောရန်ဖြစ်သည်။ ၁၉၅၈-ခုနှစ်၊ ဧပြီလ ၁၁-ရက်နေ့တွင် ဖီလာဒယ်ဖီးယား၌ မိန့်ခွန်းပြောကြားရာတွင်…
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည် ငြိမ်းချမ်းစွာအုပ်စိုးရေးဖြစ်ကြောင်း၊ ယင်းအချက်သည် စစ်အုပ်စုဖွဲ့ရန်မဟုတ်၊ စိတ်ကြွစေသောလက်နက်တပ်ဆင်မှုများလုပ်ရန် မဟုတ်၊ တစ်ယောက်နှင့်တစ်ယောက် ငိုလိုက်၊ ရယ်လိုက်လုပ်နေရန်မဟုတ်။ ကမ္ဘာ့ ဘာသာကြီးများဖြစ်သော အစ္စလာမ်နှင့် ခရစ်ယာန်တို့သည် ရှည်လျားသည့်စစ်ပွဲကြီးများဖြစ်ခဲ့သော်လည်း တစ်ဘက်ကိုတစ်ဘက် အချိန်တန်သော် ငြိမ်းချမ်းခဲ့ကြပေသေးသည်။

ကွန်မြူနစ်နှင့် ကွန်မြူနစ်မဟုတ်သောစနစ်တို့သည် မည်သည့်အတွက်ကြောင့် ငြိန်းချမ်းစွာ အတူမနေနိုင်ကြရသနည်း ဟူ၍ စနစ်နှစ်ခုတို့၏ ပဋိပက္ခများကို ရှေ့ရှု၍ ပြောဟောခဲ့သည်။ ဦးသန့်သည် ရန်လိုသောလူတစ်ယောက် မဟုတ်ခဲ့သော်လည်း ပြောစရာရှိလျှင် ငြိမ်မနေတတ်၊ ရဲဝံ့ပြတ်သားစွာ ပြောရဲသူဖြစ်သည်။ ဦးသန့်သည် သတင်းစာဆရာ၊ စာရေးဆရာ၊ ကျောင်းဆရာအလုပ်ကို လုပ်ခဲ့ရသောကြောင့် အကြောင်းရာတစ်ရပ်ကို တင်ပြရာတွင် ကျိုးကြောင်းဆီလျော်ခြင်း၊ အပြောအဟောကောင်းခြင်း၊ အယူအဆမှန်ကန်ခြင်းတို့ကြောင့် ကုလသမဂ္ဂအစည်းဝေးတိုင်းတွင် မိန့်ခွန်းမကြာခဏ ပြောကြားရန် ပွဲတောင်ခြင်းခံရလေ၏။

၁၉၅၈-ခုနှစ်၊ အောက်တိုဘာလတွင် နယူးယောက်၌ မိန့်ခွန်းတစ်ရပ် ပြောဆိုရာတွင်
“နိုင်ငံခေါင်ဆောင်တို့သည် တရားမျှတခြင်းနှင့် ဒီမိုကရေစီအရေးအတွက် လျှာဖျားဖြင့် လောကွတ်လုပ်နေကြခြင်းသာဖြစ်ကြောင်း၊ သူတို့မှာ ကြီးကြီးကျယ်ကျယ်မငြိမ်းချမ်းဘွယ်များသာဖြစ်လာကြောင်း၊ နိုင်ငံတကာအကြပ်ကိုင်မှုနှင့် ခြိမ်းခြောက်မှုများသာဖြစ်လေရာ နားခံသာအောင် ပြောဆိုရလျှင် (သံတမန်ရေးရာကျွမ်းကျင်မှု)ဟုပင် ဆိုရမည်ဖြစ်ကြောင်း…။”
ဤသို့ နိုင်ငံခေါင်းဆောင်အသီးသီးကို ဝေဖန်ထောက်ပြသွားခဲ့သည်။ အင်အားကြီးနိုင်ငံများသည် အင်အားနည်းနိုင်ငံများအပေါ်တွင်လည်းကောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများသည် မဖွံ့ဖြိုးသေးသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင်လည်းကောင်၊ ဩဇာသက်ရောက်ရန် အသီးသီးအပြိုင်အဆိုင် ကြိုးပမ်းနေသည်ကို တွေ့ရသဖြင့် ဦးသန့်ဆိုခြင်းဖြစ်သည်။

-သန်းထွန်း(လှည်းကူး)ရေးသားသော ဦးသန့်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Related Posts