အပြစ်မတင်ပါနဲ့

သစ်ပင်တစ်ပင်ကြောင့် တောအုပ်ကြီးကို အပြစ်မတင်ပါနဲ့

တစ်ခါက အိမ်နီးချင်းမိန်းမတစ်ယောက်က သုံးတန်းတက်နေတဲ့ သူ့သားဟာ ကျောင်းမသွားချင်ဘူးလို့ပြောနေတယ်။ ကျောင်းမသွားလို့မရဘူးလို့ ဆူပူကြိမ်းမောင်းလွှတ်လိုက်တော့ကျောင်းတော့သွားပါရဲ့ ကျောင်းထဲမဝင်ပဲ အပြင်မှာလျှောက်သွားနေတယ်လို့ အတန်းပိုင်ဆရာမက အကြောင်းကြားလာလို့ ဘာလုပ်ရမလဲလို့ တိုင်ပင်အကြံတောင်းလာပါတယ်။ ဒါနဲ့ သူတို့အိမ်ကိုရောက်သွားပြီး သူမရဲ့သားလေး ကျော်စွာဖြိုးနဲ့ စကားပြောဖြစ်တယ်။

ကျွန်တော်…..”သားလေး မင်းကျောင်းမှာ မပျော်လို့ ကျောင်းမတတ်ချင်ဘူးကြားတယ် ဟုတ်သလား။”

ကျော်စွာဖြိုး…..”ကျောင်းမှာမပျော်တာမဟုတ်ပါဘူးဗျာ”လို့ လေသံပျော့ပျော့လေးနဲ့ ဖြေပါတယ်။”

ကျွန်တော် ……”မင်း ကျောင်းမှာ စိတ်အဝင်စားဆုံး အပျော်ဆုံးအချိန်က ဘယ်အချိန်လဲကွ”။

ကျော်စွာဖြိုး….” ကျောင်းအားကစားလုပ်တဲ့ အချိန်မှာဘောလုံးကန်ရတာ အပျော်ဆုံးပါ”။

ကျွန်တော်…”ဒါဆိုရင် မင်းစိတ်မဝင်စားဆုံးက ဘာလဲကွ”။

ကျော်စွာဖြိုး….”ဟုတ်ကဲ့၊ ကျွန်တော်က သင်္ချာဘာသာသင်တဲ့ အချိန်စိတ်မပျော်ဆုံးပဲ”။

         အဲဒီမှာ သူ့ကိုသေသေချာချာမေးကြည့်တော့မှ ကလေးဟာသင်္ချာဘာသာသင်ချိန်မှာ ဆရာမက ဘာတွေရှင်းပြတယ်ဆိုတာ နားမလည်တာ ဖြစ်နေတယ်။ စစ်စစ်ပေါက်ပေါက်မေးကြည့်တော့မှ သူနားမလည်တာကအပိုင်းဂဏန်းတွက်တာပါ။ အပိုင်းဂဏန်းစသင်တုန်းက သူနေမကောင်းလို့ကျောင်းတစ်ပတ်လောက်မတတ်နိုင်ခဲ့ဘူး။ သူ အပိုင်းဂဏန်းအခြေခံကိုမသင်လိုက်ရတော့ နောက်ဆက်သင်တာတွေလည်းနားမလည်ဘူးဖြစ်နေတာပါ။ 

ကလေးရဲ့ ပြဿနာအရင်းခံကိုသိလိုက်ရပြီဆိုတော့ သူ့အမေကိုအကြံပေးလိုက်ပါတယ်။ ကျူရှင်ဆရာ တစ်ယောက်စီမှာ အပ်ပြီး အပိုင်းဂဏန်းတွက်တာကို အခြေခံကစသင်ပေးခိုင်းဖို့ပါ။ သူ့အမေလဲ အကြံအတိုင်း ကျူရှင်ဆရာစီမှာ အပ်ပြီး အပိုင်းဂဏန်းကိုအခြေခံကစသင်ပေးလိုက်လို့ ကလေးရဲ့ ကျောင်းမတတ်ချင်တဲ့ကိစ္စ အဆင်ပြေသွားပါတယ်။ 

       အဲ့ဒီအဖြစ်အပျက်လေးကနေ ဘာကိုသင်ခန်းစာယူနိုင်သလဲ။ တစ်ခါတစ်ရံ ကျွန်တော်တို့ကို စိတ်ပင်ပန်းဆင်းရဲ စရာလေးတစ်ခုရှိတာနဲ့ ပြဿနာအကြီးကြီးလို့ထင်နေတတ်ကြတယ်။ သစ်ပင်တစ်ပင်ကိုမကြိုက်တာနဲ့ပဲ တောအုပ်ကြီးတစ်ခုလုံးကိုအပြစ်တင်နေတာနဲ့ တူနေပါတယ်။ 

 ဒါကြောင့် နောက်တစ်ခါ စိတ်ဆင်းရဲတာ ကြုံလာမယ်ဆိုရင် စိတ်ဆင်းရဲမှုဖြစ်စေတာက တောအုပ်ကြီးလား သစ်တစ်ပင်ကြောင့်လားဆိုတာ ခွဲခြမ်းစိတ်ဖြာဆန်းစစ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာ အဲဒီလိုသေသေချာချာ ဆန်းစစ်ကြည့်လိုက်တော့ စိတ်ဆင်းရဲရတဲ့ အကြောင်းခံကထင်ထားသလို အကြီးကြီးမဟုတ်ပဲ အသေးအမွှားလေးဖြစ်နေပြီး ဖြေရှင်းရလွယ်နေတတ်တယ်ဆိုတာကို သတိမူကြစေလိုပါတယ်။

တစ်ခါတစ်လေ လူတစ်ယောက်ကို ကြည့်လို့ကိုမရဘူး။ တစ်ကယ်တော့ သူ့အပြုအမူ အပြောအဆိုအားလုံးကို မကြိုက်တာမဟုတ်ပဲ ကိုယ့်စိတ်နဲ့ မကိုက်ညီတဲ့ အပြုအမူလေး တစ်ခုကြောင့်လည်းဖြစ်နေတတ်ပါတယ်။ 

ဗန်းမော် သိန်းဖေရေးသားထားသော ‘မျှဝေလိုသော အတွေးများ’ မှကူးယူးဖော်ပြထားပါတယ်။ 

OpenYourBusinessOnline

ဘဝနေနည်း

Related Posts