ကုလသမဂ္ဂ

ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် (အပိုင်း-၂)

ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်
၁၉၅၈-ခုနှစ်၌ မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းက အိမ်စောင့်အစိုးရအဖြစ် တက်လာပြီး ဝန်ထမ်းအရွှေ့အပြောင်း ရှိခဲ့လေသည်။ အခြားအခြားသော ဝန်ထမ်းများ ရွှေ့ပြောင်း၊ နှုတ်ထွက်၊ ပယ်ဖျက်ခြင်းခံရသော်လည်း ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဦးသန့်ကိုမူ ဆက်လက်ခန့်အပ်ထားရှိခဲ့သည်။

အတိုင်အတောအထူဆုံးနှင့် ပြဿနာပေါင်းများစွာ ဦးတည်ရောက်ရှိလာပြီး ဖြေရှင်းပေးရန် အရေးဆိုမှုတို့မှာ ကုလသမဂ္ဂအဖွဲ့ကြီးသို့ တစ်နေ့တစ်ခြား များများလာခဲ့သည်။ ယင်းပြဿနာ အရပ်ရပ်တို့ကို တတ်အားသမျှ ဦးသန့်သည် ကူညီဖြေရှင်းပေးပြီး လုပ်ငန်းအသားတကျရှိခဲ့သည်။ ရှုပ်ထွေးလွန်းသောပြဿနာရပ်များ ကမ္ဘာ့အရေးအခင်းများအား ကြားဝင်ဖျန်ဖြေ၍ ပေးရသော မိန့်ခွန်းပေါင်းလည်း မနည်းခဲ့ပေ။ ထို့ကြောင့် ဦးသန့်နာမည်မှာအာရှနှင့် အာဖရိကအုပ်စုတွင် ထင်ပေါ်ကျော်ကြားလာခဲ့တော့သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးရန်ပုံငွေ အဖွဲ့နှင့် ဩဇာကြီးမားသော အယ်လ်ဂျီရီးယားအမှုဆောင်ကော်မတီမှာပင် ဦးသန့်ဥက္ကဌနေရာပေးလာကြသည်။ ဦးသန့်၏ပင်ကိုယ်စရိုက်မှာ အလုပ်ကြိုးစားခြင်း၊ ခင်ခင်မင်မင်နေတတ်ခြင်း၊ ရယ်မောစရာများဖြင့်ပေါ့ပါးလွတ်လပ်စွာနေတတ်ခြင်းတို့ပင်ဖြစ်သည်။ လူမျိုးရေး ပဋိပက္ခ၊ နိုင်ငံပိုင်နက်ကိစ္စ စသည့်ဦးနောက်ခြောက်စရာများကို ကိုင်တွယ်ဖြေရှင်းရသော်လည်း ပင်ပမ်းနွမ်းနယ်၍ ညည်းညူနေခဲ့သည်ဟူ၍ တစ်ခါမျှမတွေ့ရပေ။
ကမ္ဘာ့ကုလသမဂ္ဂမှာ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ အဖွဲ့ဝင်နိုင်ငံများမှာ အရင်းရှင်အနောက်နိုင်ငံများအုပ်စု၊ ကွန်မြူနစ်ဆိုရှယ်လစ်အုပ်စု၊ ဘက်မလိုက် ကြားနေနိုင်ငံများအုပ်စု၊ ထွန်းသစ်စနိုင်ငံငယ်များ စသည်တို့ဖြင့် ရောပြွန်းလျက်ရှိသည်။ ပဋိပက္ခဖြစ်ပွားတိုင်း အဖွဲ့ဝင်များ တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံတိုက်ခိုက်ကြသည်။

နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိသော ပြဿနာကြီးငယ်တို့မှာ ဖြေရှင်း၍ ကုန်ဆုံးနိုင်ဖွယ်ပင် ရှိအံ့မထင်မိပေ။ အဖွဲ့ကြီး၏သက်တမ်းမှာ ရင့်ညောင်းလာခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံတချို့က လက်ရှိ (ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်း) ကြီးသည် ဟောင်းနွမ်းပြီး ခေတ်မမှီတော့ကြောင်း ပြောလာကြသည်။ ထိုအခါ၌ “စာတမ်းကြီးထက် စိတ်စေတနာက ပို၍အရေးကြီးကြောင်း၊ စေတနာကောင်းထားပါက လက်ရှိစာတမ်းကြီးပါ အချက်အလက်များအရ ကမ္ဘာ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းတည်ဆောက်သွားနိုင်ပါသည်” ဟု ဦးသန့်က ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံတကာမှ ကိုယ်စာလှယ်များ၊ သံတမန်များ၊ နိုင်ငံ့ခေါင်ဆောင်များမှာ ကုလသမဂ္ဂဌာနချုပ်ရှိရာ အမေရိကန်နိုင်ငံတွင် သွားရောက်နေထိုင်ဆောင်ရွက်ကြရသည်။ ထွန်းသစ်စနိုင်ငံအချို့က သွားမှုလာမှု လွယ်ကူ၍ ငွေကုန်ကြေးကျ သက်သာရေးအတွက် ကုလသမဂ္ဂဌာနချုပ်ကြီးကို ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့လိုကြောင်း သတင်းပေါ်ထွက်ခဲ့သေးသည်။ သို့သော် ယခုအထိကား အကောင်အထည် မပေါ်ခဲ့ပေ။

ထို့အပြင် အမေရိကန်၊ ဗြိတိသျှနှင့် အိန္ဒိယအမျိုးသားများသည် ကုလသမဂ္ဂတွင် ရာထူးရာခံများ ပိုမိုရရှိနေကြကြောင်း ၎င်းတို့ကသာ နေရာတကာတွင် ချယ်လှယ်နေကြကြောင်းဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးတစ်ဦးဖြစ်သူက သူ၏စာအုပ်၌ ရေးသားစွပ်စွဲခဲ့သည်။

ဦးသန့်သည် ကုလသမဂ္ဂတွင် အရေးပါအရာရောက်နေချိန်၌ မြန်မာနိုင်ငံ၌ ဗိုလ်ချုပ်ကြီးနေဝင်းသည် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးပြီး၊ ရာထူးမှ ရွှေ့ပြောင်းခဲ့သဖြင့် ဦးနု ဝန်ကြီးချုပ်ဖြစ်လာသည်။ ၁၉၆၁-ခုနှစ်၊ ဇန်နဝါရီလ၌ ဦးသန့်သည် မြန်မာပြည်သို့ ခေတ္တခဏ ပြန်လာခဲ့ပေးသေးသည်။ ထိုနှစ်မှာပင် သူ့အားနိုင်ငံတော်မှ မဟာစည်သူဘွဲ့ ချီးမြင့်ခဲ့သည်။

ထို့နောက် ကမ္ဘာအရပ်ရပ်သို့ သွားရောက်စဉ် အိုင်ယာလန်နိုင်ငံ၌ သမ္မတဒီဗလဲရာနှင့် ဒဗ္ဗလင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဦးသန့်သည် သူဥက္ကဌအဖြစ် ဆောက်ရွက်ရသော ကော်မတီတွင် မတူညီမှုများကို အကြိတ်အနယ်ဆွေးနွေးကြပြီး မဲခွဲ ဆုံးဖြတ်ကြသည်။

ဦးသန့်ကမူ အခြားသော အာရှတိုက်ကိုယ်စားလှယ်များကဲ့သို့ ပြဿနာအတွက် တစ်ဘက်သပ် ဖြေရှင်းမျိုးကို ရှောင်ရှားနိုင်သမျှ ရှောင်ရှားခဲ့သူဖြစ်သည်။ ကုလသမဂ္ဂရုံးချုပ်၌ မြန်မာနိုင်ငံမှ ဦးသန့်ဟူ၍ ရေပန်းစားလျက် ရှိနေပေသည်။

သူ့ထက် စီနီယာကျသော အထွေထွေအတွင်းရေးမှူးချုပ်ဒဂ်ဟမ္မားရှိုးသည် ဦးသန့်၏ လုပ်ရည်ကိုင်ရည်နှင့် မြှော်မြင်တွေးခေါ် ဆုံးဖြတ်နိုင်မှုစွမ်းအားတို့ကို ယုံကြည်ခဲ့သည်။ ထို့ကြောင့် ဟမ္မားရှိုး၏ နိမိတ်ဖတ်ရာတွင်…
“ဦးသန့်ဟာ အထွေထွေအတွင်းရေးမှူးချုပ်ကောင်း တစ်ယောက်ဖြစ်လာမယ့် ပုဂ္ဂိုလ်ဘဲဗျ၊ ကြည့်ထားကြ”
ဟူ၍ ဦးသန့်အား လက်ညှိုးညွှန်ကြသွားခဲ့သည်။

-သန်းထွန်း(လှည်းကူး)ရေးသားသော ဦးသန့်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Related Posts