ဘာအမွေပေးကြမှာလဲ

လွန်ခဲ့သည့် ၁၀ နှစ်ကျော်။ ကျွန်တော် စာစရေးတုန်းက ဆရာသွေး(ဆရာမောင်သွေးသစ်) ဦး‌ဆောင်နေသည့် Familyမဂ္ဂဇင်းမှာ ပင်တိုင်ရေးခဲ့ဖူးပါသည်။ ယခု ဆရာက ‘နီတိ’နှင့်ပတ်သက်တာရေးပေးပါဆိုတော့ အဲဒီမှာ ကျွန်တော်ရေးခဲ့ပြီး ဘယ်စာအုပ်မှာမှမထည့်ရသေးသည့် ဆောင်းပါးကလေးတစ်ခုကို သွားသတိရသည်။ ‘သားသမီးကို ဘာအမွေပေးမှာလဲ’ ဆိုတာပါ။

မိဘဆိုတာ သားသမီးကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်သည့်မိဘတွေချည်းပဲဟုပြောလျှင် ယေဘုယျအားဖြင့် မှန်ပါသည်။ ကျွန်တော်စိတ်ပူတာက မိဘတွေက သားသမီးတွေကို ဖြည့်ဆည်းပေးချင်သည့်ဆန္ဒသာရှိပြီး ဘာကိုဖြည့်ဆည်းပေးရမည်ဆိုတာကိုရော သိကြပါသလားဟု။ သားသမီးကို ဘယ်လိုအမွေမျိုးပေးနေကြပါသလဲဟု။

ဆန္ဒနှင့်ချမ်းသာ

လွယ်လွယ်မေး၊ လွယ်လွယ်ဖြေရင်တော့ မိဘဆိုတာ သားသမီးဆန္ဒကို ဖြည့်ဆည်းပေးချင်သည်ပေါ့။ ကိုယ်တိုင်ပင် လက်ကိုင်ဖုန်းမကိုင်နိုင်သောမိဘက သားသမီးကလက်ကိုင်ဖုန်းကိုင်ချင်လျှင် ကြိုးစား၍ဝယ်ပေးသည်။ ဘာဖြစ်လို့လဲ။ ဆန္ဒကိုဖြည့်ဆည်းပေးချင်လို့ဖြစ်သည်။

အချို့သောမိဘတွေက သားသမီးဆန္ဒမရှိတာကိုတောင် အတင်းရှိစေချင်ကြသည်။ ဆရာဝန်မလုပ်ချင်ပါဘူးဟု ပြောသောသားကို ဆေးကျောင်းအတင်းတက်ခိုင်းသည်။ သားက စာမေးပွဲတွေတဖုတ်ဖုတ်ကျတော့ ဆရာတွေကို လိုက်တွေ့သည်။ ကြည့်ပေးပါတဲ့။ ကြည့်ပေးပါသည်။ မြင်နေတာပဲ။ သည်ကလေး ဆရာဝန်မဖြစ်သင့်ဘူးဆိုတာကို။ မိဘလက်ခံအောင်ကြတော့ တော်တော်ခက်သည်။

ကျောင်းသားဆိုးတစ်ယောက်ရှိသည်။

ဆေးကျောင်းတက်နေရသည်ဟုဆိုကာ တက်ခိုင်းသည့်မိဘဆီက ငွေတွေအများကြီးတောင်းသည်။ မဟုတ်တဲ့နေရာမှာ သုံးသည်။ ကျောင်းတော့ ကောင်းကောင်းမတက်။ စာမေးပွဲတွေတဖုန်းဖုန်းကျတော့ ကျောင်းကထုတ်ပစ်လိုက်သည်။ မိဘတွေက အသနားခံစာတင်သည်။ ကျောင်းကပြန်လက်ခံသည်။ သားကိုလည်း သူတောင်းသည့်ငွေထုတ်ပေးသည်။ အဲသည်တစ်နှစ်တော့ သကောင့်သားက ကျောင်းမှန်မှန်ပြန်တက်သည်။ စာဖတ်သည်။ အအောင်ပေးလိုက်တော့ အလုပ်သင်ဆရာဝန်ဖြစ်သွားသည်။ မိဘဆီက ငွေသုံးဆတိုးတောင်းသည်။ မိဘကမပေးတော့ အလုပ်သင်ဆရာဝန်တာဝန်ကျရာမှာ ကောင်းကောင်းမဆင်း။ ဆရာဝန်ဖြစ်မလာဖို့တော့ တော်တော်သေချာနေပြီ။

အဲသည်သားကို မိဘတွေ ဘာအမွေပေးလိုက်ရပါသနည်း။ တောင်းတတ်သည့်စိတ်နှင့် အကျင့်ပဲမဟုတ်ပါလား။ အဲသည်လိုသားမျိုး ရသည်နှင့်စာလျှင် နဂိုကတည်းက မိဘမပံ့ပိုးနိုင်၍ ချို့ချို့တဲ့တဲ့ဖြင့် ကြိုးစားတတ်သော သားတစ်ယောက်ရတာကမှ ပိုမကောင်းပေဘူးလား။

ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျပါစေတဲ့။ အော်တိုရေးခိုင်းလျှင် ရေးတတ်ကြသည့်စကားကလေး။ ဆန္ဒနှင့်ဘဝက ဘယ်လိုလုပ်တစ်ထပ်တည်းကျနိုင်မှာတဲ့လဲ။ တစ်ထပ်တည်းကျသည်ဆိုတာက ငြိမ်ငြိမ်နေတတ်သော အရာနှစ်ခုသာ တစ်ထပ်တည်းကျတတ်တာမဟုတ်ဘူးလား။ ဆန္ဒကလည်း ငြိမ်ငြိမ်နေတာမဟုတ်။ ဘဝကလည်း ငြိမ်ငြိမ်နေတာမဟုတ်။

သားသမီးကို ဆန္ဒဖြည့်ဆည်းပေးချင်သည်ဆိုတာက “ချမ်းသာ” စေချင်တာမဟုတ်ဘူးလား။ ဘယ်သူဌေးကများ သူ့စည်းစိမ်ချမ်းသာကို သူလုံလောက်ပြီ။ တော်ပြီ။ ချမ်းသာနေပြီဟု ပြောဖူးလို့လဲ။

ချမ်းသာတာက ဆန္ဒရှိသည့်အရာရတာကို ပြောတာပါ။ သားသမီးဆန္ဒရှိသမျှ ကိုယ်အမြဲဖြည့်နိုင်လို့လား။ ကုဋေရှစ်ဆယ်သူဌေးသားတောင် မိဘမရှိတော့ ဘာဖြစ်သွားသလဲ သတိရစေချင်ပါသည်။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ လင်္ကာရည်ကျော်၏ ဘာအမွေပေးကြမှာလဲ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts