Wall Street

Wall Street က ဖိနပ်တိုက်သမား

နယူယော့ခ်မြို့ ဝေါလ်စထရိ (Wall Street) ရဲ့ လူစည်ကားရာ အရပ်မှာရှိတဲ့ ဘလက်ခ်စတုန်းဂရု(ပ်) (Blackstone Group) က အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးရင်းနှီးမြှပ်နှံမှု စီမံအုပ်ချုပ်ရေး ကုမ္ပဏီကြီးဖြစ်တယ်။ အဲဒီနေရာမှာ ကမ္ဘာ့ထိပ်တန်းအကျော်အမော်ဝန်ထမ်းတွေ ရှိသလို ဖိနပ်တိုက်သမားလို “ယောင်ပေပေ” လူတွေလည်း ရှိတယ်။ 
ဒီနေရာမှာ ရှိတဲ့ ဖိနပ်တိုက်သမားတွေဟာ သပ်ရပ်တူညီတဲ့ ဝတ်စုံကို ဝတ်ထားကြပါတယ်။ သူတို့ကို “ဖိနပ်တိုက်ပညာရှင်” လို့ ကုမ္ပဏီထဲမှာ ရှိတဲ့သူတွေက တင်စားကြပါတယ်။ ဖိနပ်တိုက်သမားတိုင်းက မတူတဲ့ အခန်းထဲက ဖိနပ်တွေကို တာဝန်ယူရပါတယ်။ တိုက်မယ့် ရှူးဖိနပ်တွေကို အမြန်ဆုံးသိမ်းဆည်းပြီး ပိုးသတ်ထားတဲ့ ကွင်းထိုးဖိနပ်ကို ဖိနပ်အတိုက်ခံမယ့် ဝန်ထမ်းကို အရင်ဆုံးပေးစီးထားရပါတယ်။
ဒီအလုပ်က ကြည့်ရတာလွယ်ကူပြီး အစဉ်ကျတဲ့ အလုပ်ဆိုပေမယ့် ဒီနေရာကို Maurico Dias မရောက်လာခင်တုန်းက အရမ်းကသောင်းကနင်းဖြစ်ခဲ့ပါတယ်။ ဖိနပ်တိုက်သမားတွေဟာ ငွေရဖို့အရေး ဖိနပ်တိုက်သေတ္တာကို ကိုင်ဆွဲပြီး ဖိနပ်တိုက်မယ့်သူတွေကို ရုံးခန်းထဲ ဟိုဝင်ဒီထွက်နဲ့ စည်းမရှိ ကမ်းမရှိ သားကောင်ကို လိုက်ရှာသလို ရှာခဲ့ပါတယ်။ ဒီကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေက အရမ်းအလုပ်များတာမို့ ဖိနပ်တိုက်ဖို့ အချိန်တောင်မပေးနိုင်ခဲ့ကြဘူး။ ဒါကြောင့် ဖိနပ်တိုက်သမားကလည်း စိတ်တိုင်းကျဝင်ထွက်ပြီး ဖိနပ်တိုက်ခံမယ့် သူတွေကို ရှာခဲ့ကြပါတယ်။
Wall Street မှာ ဖိနပ်သွားတိုက်မယ်ဆိုတာက Mauricio Dias ရဲ့ စိတ်ကူးအိပ်မက်တစ်ခုပါ။ ဖိနပ်တိုက်သေတ္တာကို ဆွဲပြီး ကုမ္ပဏီအဆောက်အအုံရှေ့ သူရောက်ချိန်မှာ လက်လက်ထနေတဲ့ ရှူးဖိနပ်ကို စီပြီး ကုမ္ပဏီထဲ ဝင်ထွက်သွားလာနေကြတဲ့ ဝန်ထမ်းတွေကို သူစူးစိုက်ကြည့်ခဲ့မိပါတယ်။ လူတွေဟာ သူ့ရှေ့ကနေ ကသုတ်ကရိုက်သွားလာနေကြပြီး သူ့ကို တစ်ချက်တော် လှည့်မကြည့်ခဲ့လို့ ဖိနပ်တိုက်သမားတစ်ယောက်အနေနဲ့ ဒီနေရာမှာ သူရပ်တည်နိုင်ပါ့မလားလို့ သူတွေးခဲ့မိပါတယ်။
ဒီက ဝန်ထမ်းတွေဟာ အလုပ်များလွန်းတယ်။ ဝန်ထမ်းအများက တစ်ဖက်က အလုပ်လုပ်နေရင်း တစ်ဖက်က ဖိနပ်အတိုက်ခံတယ်ဆိုတာကို Dias သိခဲ့ရတယ်။ ဒီဖိနပ်တိုက်သမားတွေမှာ ဖောက်သည်ပုံမှန်ရှိတယ်။ အခြားသူတွေ ကြားဝင်တိုးလို့မရပါဘူး။ Dias လို့ လူသစ်ဆိုရင် ဖိနပ်တိုက်ဖို့မပြောနဲ့ ကုမ္ပဏီရှေ့မှာ ယောင်ပေပေလုပ်နေလို့ တခြားဖိနပ်တိုက်သမားတွေရဲ့ အရိုက်မခံရတာတောင် တော်သေးတယ်လို့ ပြောရပါမယ်။
ကုမ္ပဏီတွေမှာ ရက်အတန်ကြာ အကဲခတ်ပြီးနောက် သဲလွန်စတစ်ခုကို Dias ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီသဲလွန်စက Blackstone Group က ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ နေရာဖြစ်တယ်။ ရက်သတ္တပတ်တိုင်းလိုလို ဝန်ထမ်းဟောင်းတွေကို ဖြုတ်ပြီး ဝန်ထမ်းသစ်တွေကို ခန့်အပ်တာမျိုးရှိခဲ့ပါတယ်။ 
“ဝန်ထမ်းဟောင်းတွေက ဖိနပ်တိုက်သမားတွေရဲ့ ဖောက်သည်ဖြစ်နေပြီဆိုတော့ အသစ်ဝင်လာတဲ့ ဝန်ထမ်းသစ်တွေကနေပဲ ငါလုပ်ငန်းစရမယ်”လို့ Dias တွေးလိုက်တယ်။ အဲဒီနောက် တစ်ပတ်အကြာမှာ အသစ်ဝင်ရောက်လာတဲ့ ဝန်ထမ်း Dann ကို သူရွေးလိုက်တယ်။ Dann ပထမဆုံးအကြိမ် ဖိနပ်တိုက်ချိန်မှာ Dias က ဖိနပ်တိုက်ခ မယူခဲ့ပါဘူး။ သူက Dann ကိုတောင် “ကုမ္ပဏီ ဥက္ကဋ္ဌက မင်းအတွက် ငွေရှင်းလိုက်ပြီ။ သူကကောင်းမွန်တဲ့၊ နွေးထွေးတဲ့ ပုံစံနဲ့ ဝန်ထမ်းသစ်တွေကို ကြိုဆိုလိုက်တာပါ”လို့ “လိမ်ညာ” ပြောခဲ့ပါတယ်။
Dann က Dias ရဲ့ ဖောက်သည်ဖြစ်သွားချိန်မှာ ဒီ “အလိမ်အညာ”ရဲ့ အမှန်ကို သိခဲ့ပါတယ်။ ဒီကိစ္စကို Blackstone Group ရဲ့ အကြီးအကဲ Rosen ကြားသိရာတော့ နက်နက်နဲနဲ ခံစားသွားခဲ့ပါတယ်။ သူ့ကို အကောင်းပြောပြီး ကူညီခဲ့တဲ့ Dias ကို သူတွေ့ခဲ့ပါတယ်။
ကုမ္ပဏီရဲ့ အကြီးအကဲ Rosen ကို တွေ့ခွင့်ရတာနဲ့ Dias က သူ့စိတ်ကူးကို ရဲရဲဝံ့ဝံ့တင်ပြခဲ့ပါတယ်။ သူ့စိတ်ကူးက ဖိနပ်တိုက်သမားတွေကို အဆင့်ရှိတဲ့ ဖိနပ်တိုက်သမားတွေ အဖြစ် လေ့ကျင့်ပေးပြီး သူတို့ရဲ့ အရည်အချင်းဟာ ဝန်ထမ်းတွေရဲ့ ရှူးဖိနပ်လို ပြောင်လက်တောက်ပလာဖို့ ဖြစ်တယ်။ ဖိနပ်တိုက်သမားတွေဟာလည်း ကုမ္ပဏီရဲ့ စည်းကမ်းရှိတဲ့ ဝန်ထမ်းအဖြစ် တစ်စိတ်တစ်ပိုင်းပါဝင်လာဖို့ ဖြစ်ပါတယ်။ Dias ရဲ့ စိတ်ကူးကို Rosen အားပေးခဲ့ပြီး လိုအပ်တာတွေကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ 
သိပ်မကြာခင်အတွင်းမှာ Dias က သူ့ကိုယ်ပိုင်ဖိနပ်တိုက်ဆိုင်လေး ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ သူ့ဆီဖိနပ်လာတိုက်တဲ့ သူတွေထဲမှာ Berclays, Morgan Stanley, Merrill Lynch စတဲ့ အမေရိကန်နာမည်ကြီးကုမ္ပဏီက ဝန်ထမ်းထောင်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။ Goldman Sachs ကုမ္ပဏီအကြီးအကဲ Jon Corzine က “ဒီဖိနပ်တိုက်ဆိုင်မှာ ဖိနပ်တစ်ရံတိုက်ရင် ခြောက်ဒေါ်လာပေးရတယ်။ တခြားနေရာမှာတော့ သုံးဒေါ်လာပဲယူတယ်။ ဒါပေမယ့် ဒီနေရာကိုပဲ ကျွန်တော်လာမယ်။ အကြောင်းက Dias က ပေးတဲ့ အဆင့်မြင့်ဝန်ဆောင်မှုကို ခံစားကြည့်ချင်လို့ပါပဲ” လို့ ဆိုခဲ့တယ်။
Dias ရဲ့အောင်မြင်မှုကို Rosen သတိပြုမိခဲ့တယ်။ ဖိနပ်တိုက်သမားတွေကို ဦးဆောင်နိုင်သူတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုကိုလည်း စည်းစည်းလုံးလုံးရှိအောင် ဦးဆောင်နိုင်မှာပဲလို့ သူတွေးခဲ့တယ်။ Blackstone Group မှာ ဒီလို အရည်အချင်းရှိတဲ့လူ လိုအပ်တယ်။ ဒီလိုနဲ့ Dias ဟာ Blackstone Group ရဲ့ ငယ်ရွယ်ပြီး ရာထူးကြီးတဲ့ ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့တယ်။ ဖိနပ်တိုက်သေတ္တာကို ကိုင်ဆွဲခဲ့တဲ့သူတစ်ယောက်က ရုံးစာရွက်စာတမ်းတွေထည့်ထားတဲ့ အိတ်ကို ကိုင်ဆွဲတဲ့ ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့တယ်။
Rosen နဲ့ လူအများကို ပိုအံ့သြစေခဲ့တာ Dias ဟာ ဟားဗက်တက္ကသိုလ်က ဘွဲ့ရခဲ့သူတစ်ဦးဖြစ်တယ်ဆိုတာပါပဲ။ သူဟာ တစ်ချိန်က DJL (Donaldson, Lufkin & Jenrette) ရင်းနှီးမြှပ်နှံမှုဘဏ်က ဝန်ထမ်းတစ်ဦးဖြစ်တယ်။ DJL ကို Credit Suisse ဘဏ်က ဝယ်ယူလိုက်တဲ့နောက် သူအလုပ်လက်မဲ့ဖြစ်သွားခဲ့တယ်။ အလုပ်လက်မဲ့ဖြစ်သူတစ်ယောက်ကို လူတွေအထင်မသေးအောင်ဘယ်လို လုပ်ရမလဲ။ Dias ဟာ အလုပ်လက်မဲ့ဖြစ်ချိန်ကစပြီး Wall Street မှာ ဖိနပ်တိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ အဲဒီနေရာက Blackstone Group နဲ့ အနီဆုံးဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။
Dias ဟာ အောင်ခြေအလုပ်နဲ့ ကိုယ့်တန်ဖိုးကို ပြသခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်တဲ့ အတွေ့အကြုံကိုလည်း ဟားဗတ်တက္ကသိုလ်ရဲ့ သင်ရိုးစာအုပ်မှာ ရေးသားခံခဲ့ရတယ်။ အဲဒီထဲမှာ စကားတစ်ခွန်းက ဒီလိုရေးထားပါတယ်။ “တကယ်လို့ Wall Street က ဝန်ထမ်းမဖြစ်နိုင်ခဲ့ရင် Wall Street က ဖိနပ်တိုက်သမား လုပ်ပါ” ဆိုတာပဲ ဖြစ်ပါတယ်။

စာရေးဆရာမ  ⇒  Nine Nine Sanay @ နိုင်းနိုင်းစနေ

Related Posts