Snapdragon

Snapdragon ဆိုတာ ဘာလဲ…….?

Snapdragon ဆိုတာ ~~~~
ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး ဖုန်းသုံးစွဲနေကြပါတယ်။ ဖုန်းသုံးစွဲသူများပြားတဲ့ အလျောက် ဖုန်းကုမ္ပဏီများကလည်း အသစ်အဆန်းဆုံး ဖုန်းတွေကို ထုတ်လုပ်လာကြပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်က လူတော်တော်များများက Android ဖုန်းဝယ်တော့မယ်ဆိုရင် RAM ကြည့်ပြီးဝယ်တဲ့သူတွေ၊ CPU ကို သေချာကြည့်ပြီးမှ ဝယ်တဲ့ သူတွေ၊ ဟော တချို့ကြတော့လည်း Snapdragonများတာ နည်းတာကို ကြည့်ဝယ်တယ်တဲ့။ ဆိုတော့ကာ Snapdragonဆိုတာ ဘာလဲ….. ဘယ်လိုအသုံးဝင်လဲဆိုတာ ဆက်လေ့လာလိုက်ရအောင်……။
Snapdragonဆိုတာ တပိုင်းလျှပ်ကူးနိုင်စွမ်းရှိတဲ့ ချစ်ပ်ပြားလေးပေါ်မှာ Systemတစ်ခု(SoC) ကို တည်ဆောက်ဖွဲ့စည်းထားတဲ့ ပစ္စည်းလေးပါ။ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုဖို့အတွက် Qualcomm နည်းပညာကုမ္ပဏီက (၂၀၀၇) ခုနှစ် နိုဝင်ဘာလမှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ SoCလေးတစ်ခုမှာ တစ်ခုမကတဲ့ CPU တွေ၊ graphics processing unitလို့ခေါ်တဲ့ GPU တစ်ခုနဲ့ တယ်လီဖုန်းလိုင်းနဲ့ Systemကို ဆက်သွယ်ပေးမယ့် ကိရိယာတွေ ပါ ပါတယ်။ ဒါတင်မကသေးပါဘူး…တခြား ဆော့ဖ်ဝဲလ်များစွာလည်း ပါဝင်ပါတယ်။ တခြားပါဝင်သေးတဲ့ ဟက်ဒ်ဝဲလ်တွေကတော့ ဖုန်းတစ်လုံးမှာ လိုအပ်တဲ့ GPS၊ ကင်မရာနဲ့ အမူအရာ မှတ်သားနိုင်ခြင်းစတဲ့ နည်းပညာတွေကို ထောက်ပံ့ပေးပါတယ်။ 
Snapdragonကို series ငါးခုလောက်ထုတ်လုပ်ထားပါတယ်။  Snapdragon 400, 700, 600, 800 နဲ့ X seriesဆိုပြီး ဈေးကွက်မှာတွေ့ရပါတယ်။ (၂၀၀၇)နိုဝင်ဘာလောက်မှာ Qualcommက သူ့ရဲ့ ပထမဆုံး Snapdragon မျိုးဆက်ကို  မိတ်ဆက်ခဲ့ပါတယ်။ QSD8250လို့ နာမည်ပေးခဲ့ပြီး မိုဘိုင်းဖုန်းတွေအတွက် တစ် ဂစ်ဂါဟက်စ်(gigahertz, GHz) processor ပါဝင်ပါတယ်။ (၂၀၀၁)ခုနှစ်မှာ ဒုတိယ Snapdragon မျိုးဆက်ကို ထုတ်လုပ်ခဲ့ပါတယ်။ Krait လို့ အမည်ရပြီး ပါဝင်တဲ့ processorတိုင်းက ဖုန်းတစ်လုံးမှာလိုအပ်မယ့် အမြန်နှုန်းကို ထိန်းညှိစေပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကျင်းပတဲ့ အီလက်ထရောနစ် ပြပွဲတစ်ခုမှာတော့ Qualcomm က သူတို့ရဲ့ Snapdragon Seriesနောက်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ Snapdragon 800 seriesဖြစ်ပါတယ် ။နောက်ပိုင်းမှာ Qualcommက သူတို့ရဲ့ အရင်ထွက်ရှိခဲ့တဲ့ Snapdragonမျိုးဆက်တွေကို 200, 400နဲ့ 600 seriesဆိုပြီး အမည်ပြောင်းလဲခေါ်တွင်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ Acer Liquid Metal, HTC HD2နဲ့ Sony Ericsson Xperia X 10 တို့မှာ Snapdragon SoCsတွေကို အသုံးပြုလာကြပါတယ်။ Lenovo ကလည်း ၂၀၀၉ခုနှစ် ဒီဇင်ဘာလမှာ သူတို့ရဲ့ ပထမဆုံး Snapdragon SoCsသုံးတဲ့ netbookကို ထုတ်လုပ်ခဲ့ပါတယ်။ ထိုအချိန်က Appleကလည်း စမတ်ဖုန်းဈေးကွက်မှာ နေရာရနေပါပြီ။ ဒါပေမယ့် Appleကုမ္ပဏီက သူတို့ရဲ့ ထုတ်ကုန်တွေမှာ Snapdragon SoCsကို ထည့်မသုံးခဲ့ပါဘူး။ ၂၀၁၁ ခုနှစ်မှာ ဆိုရင် Qualcommကုမ္ပဏီက ဈေးကွက် ရှယ်ယာ ၅၀ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာ Appleက သူတို့ရဲ့ 64-bitသုံး A7 chipsetကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါဟာ Qualcommကုမ္ပဏီကို 64-bit ထုတ်ကုန်ကို ထုတ်လုပ်ဖို့ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။ထွက်ရှိထားခဲ့တဲ့ Snapdragon 800, 801, 805တို့က 32-bit performanceပဲ တတ်နိုင်ပါတယ်။ ဒါကြောင့် Qualcommဟာ 64-bit performanceအတွက် Snapdragon 808နဲ့ 810တို့ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။
Snapdragon 400မျိုးဆက်ကတော့ entry-level(Budget Phone)ဖုန်းတွေအတွက်ဖြစ်ပြီး smart watchတွေမှာလည်း သုံးပါတယ်။ Snapdragon 600 seriesကိုတော့ mid-rangeဖုန်းတွေမှာသုံးကြပါတယ်။ Snapdragon 800 မျိုးဆက်ကတော့ flagshipဖုန်းတွေမှာ အသုံးများပါတယ်။ 
ဒီလောက်ဆိုရင်တော့ Snapdragonရဲ့ အကြောင်းကို တီးမိခေါက်မိတော့ သိလောက်ပြီထင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ Wikipedia.org မှာ “Qualcomm Snapdragon”လို့ သွားရောက်ရှာဖွေနိုင်ပါတယ်။ ဖတ်ရှုမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ သာယာလှပသော နေ့လေး ပိုင်ဆိုင်ကြပါစေ……။

PS – Snapdragon အပြင် တခြားသော SoCs များလည်း ရှိသေးပါတယ်။

Phyo Wai Yan

အိုင်တီ

# Open More Online

Related Posts