ည

ထူးခြားတဲ့ ည တစ်ညမှာ ကျွန်တော်နဲ့ အတူ ထူးခြားတဲ့ အမျိုးသမီးတစ်ဦးဟာ Aoyama အရပ်က အဆင့်မြင့် အီတလီ စားသောက်ဆိုင်ကို ရောက်သွားခဲ့ပြီး ညစာအတူစားခဲ့ကြတယ် စကားအရသာ ဒီလိုပြောရတာ။ တကယ်တော့ ကျွန်တော့်အမျိုးသမီးနဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သွားကျင်းပကြတာပါ။ ဘာလဲဟ… ပျင်းစရာကြီး၊ ပျော်စရာမကောင်းဘူးလား။ ဒါကို ဘယ်လိုပြောပြရမလဲ။
ဆိတ်ငြိမ်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ပါ။ စားပွဲခုံတစ်ခုနဲ့ တစ်ခုကြားမှာ သင့်တော်တဲ့ အကွာအဝေးခြားထယးတယ်။ ထူထဲတဲ့ စပျစ်ဝိုင် မီနူးရှိတယ်။ ဝိုင်အကြောင်း ရှင်းပြ အကြံပေးမယ့် ယမကာဆရာလည်း ထွက်လာပြီး ဧည့်သည်တွေကို ဝန်ဆောင်မှုပေးတယ်။ ဖြူဆွတ်တဲ့ စားပွဲခင်း၊ နူးညံ့တဲ့ ဖယောင်းမီးရောင်အောက်မှာ တေးဂီတသံမရှိဘူး။ သက်တောင့်သက်သာ တိတ်ဆိတ်မှုနဲ့ လူနှစ်ယောက်ရဲ့ စကားပြောသံက နောက်ခံဂီတအဖြစ် ကိုယ်စားပြုထားတယ်။ ဟင်းလျာက မြောက်ပိုင်း အီတလီအရသာ ဟင်းဖြစ်တယ်။ အဲဒီဒေသက အရသာအတိုင်း ဂရုတစိုက် စီမံပြုလုပ်ထားတဲ့ အမဲနံရိုးပါပါးကြော်ကို စီစဉ်ထားတယ်။ ခံစားချက်အနည်းအကျဉ်းကို ခင်ဗျားနားလည်နိုင်မလား မသိဘူး။ ခြုံပြောရရင်နည်းနည်းသေသေသပ်သပ်ရှိလှတဲ့ Ristorante ပေါ့။( အီတလီစကား Ristorante ဟာ အင်္ဂလိပ်စကား Restaurant စားသောက်ဆိုင်ဖြစ်ပါတယ်။) ဈေးနှုန်းကလည်း မသေးဘူး။ အမြဲတမ်း သွားနိုင်တဲ့ ဆိုင်တော့ မဟုတ်ဘူးပေါ့။
စားပွဲခုံမှာ ကျွန်တော်တို့ ထိုင်လိုက်တဲ့ အချိန် ကျွန်တော်တို့နဲ့ မလှမ်းမကမ်းစားပွဲမှာ လူရွယ်စုံတွဲတစ်တွဲ ရှိနေပါတယ်။ ညဉ့်က သိပ်မနက်သေးလို့ ဧည့်သည်ဆိုင်လို့ ကျွန်တော်တို့နဲ သူတို့နှစ်တွဲပဲ ရှိသေးတယ်။ ကောင်လေးက အသက် ၃၀ လောက်၊ ကောင်မလေးက အသက် ၂၅ လောက်၊ နှစ်ယောက်လုံး ရုပ်ရည်မဆိုးဘူး။ ဝတ်စားထားတာလည်း ရည်ရည်မွန်မွန်ပဲ။ ထက်မြက်ချောမောလှပတဲ့အတွဲ တစ်တွဲမှန်း မြင်တာနဲ့ သိတယ်။
ဝိုင်အရက်ကို ရွေးပြီး၊ ဟင်းလျာရွေးပြီး တစ်ဖက်က ဝိုင်နဲ့ ဟင်းပို့ အလာကို စောင့်နေရင်း တစ်ဖက်က သူတို့ နှစ်ယောက်ရဲ့ ပြောစကားကို နားထောင်လိုက်တဲ့အခါ (ဒါမှ မဟုတ် စကားပြောသံက သူ့ဟာသူ ကိုယ့်ဆီလွှင့်လာတာလို့ ပြောသင့်တာ) “ဒီလူ နှစ်ယောက်ရဲ့ သံယောဇဉ်က ပိုနက်ရှိုင်းတဲ့ အဆင့်ကို ရောက်တော့မယ်” ဆိုတာ သိလိုက်တယ်။ ပြောတဲ့စကားတွေက သာမန်စကားစမြည်းတွေ ဆိုပေမယ့် စကားအသံအနေအထားပေါ်မူတည်ပြီး သံစဉ်ကို အနည်းအကျဉ်း ခန့်မှန်းလို့ရနိုင်တယ်။ ကျွန်တော်က စာရေးဆရာဆိုတော့ ယောကျ်ားနဲ့ မိန်းမတို့ရဲ့ အဲဒီ ခံစားချက်သိမ်မွေ့လျှို့ဝှက်မှုကို အတိုင်းအတာတစ်ခုအထိတော့ ဖတ်နိုင်တာပေါ့။ ကောင်လေးက “သူ့ကို ငါခေါ်လို့ ရလောက်ပါပြီ” လို့ တွေးနေတယ်။ ကောင်မလေးက “သူ့ကို ငါခွင့်ပြုသင့်ပြီ” လို့ တွေးနေတယ်။ တကယ်လို့ အဆင်ပြေရင် ည စာစားပြီးတဲ့နောက် ဘယ်နေရာရဲ့ ခုတင်ပေါ်သွားကြမယ်လို့ ဆုံးဖြတ်ကြလိမ့်မယ်။ စားပွဲခုံရဲ့ အလယ်တည့်တည့်မှာ Pheromone ရဲ့ အဖြူရောင်အခိုးအငွေ့တွေ လွင့်ဝဲနေတာကို တွေ့မြင်နေရတယ်။ ကျွန်တော်တို့ ဒီဝိုင်းကရော အိမ်ထောင်သက် နှစ် ၃၀ ရှိနေပါပြီ။ ဒါကြောင့် Peromone အငွေ့တွေ လွင့်ဝဲမနေတော့ပါဘူး။ သို့သော် ပျော်ရွှင်ချမ်းမြေ့စရာ လူငယ်အတွဲတစ်တွဲကို ဘေးကနေ ကြည့်နေရလည်း မဆိုးပါဘူး။
ဒါပေမယ့် ဘောင်သွင်းထားသင့်တဲ့ ဒီလိုလှပမှု အခြေအနေဟာ ပထမ ဟင်းလျာ (Primi Piatti) လာချချိန်မှာပဲ နာမည်နဲ့ လိုက်ဖက်စွာ အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားပါတယ်။ ဘယ်လိုပြောရမလဲ။ အဲဒီကောင်လေးဆီက “ရှူး… ရှူး… ရှလွတ်”ဆိုတဲ့ လူကို အံ့သြစေတဲ့ အသံမျိုးနဲ့ အီတလီခေါက်ဆွဲကို ပါးစပ်ထဲ သွင်းလိုက်လို့ပါပဲ။ တကယ်.. တကယ်ပဲ လူကို စိတ်ပျက်စေတဲ့ အသံမျိုးပေါ့။ တကယ့် အခွင့်အရေးကျချိန်ရောက်မှ ငရဲတံခါး တစ်ခါပိတ်ဖွင့်တတ်တဲ့ အသံမျိုးနဲ့ပေါ့။ နားက အဲဒီလို အသံကြားလိုက်တာနဲ့ ကျွန်တော့်တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားတယ်။ ကျွန်တော့်အမျိုးသမီးလည်း အေးစက်တောင့်တင်းသွားတယ်။ စားပွဲထိုးနဲ့ ဝိုင်ဆရာလည်း အေးစက်တောင့်တင်းသွားတယ်။ သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကောင်မလေးလည်း တင်းတင်းကျပ်ကျပ် အေးစက်တောင့်တင်းသွားတယ်။ လူတွေ အကုန်လုံး လေအေးအေးကို တစ်ချက်ရှူသွင်းလိုက်ကြပြီး အသံမဲ့ကုန်ကြတယ်။ ဟိုကောင်လေးတစ်ယောက်တည်းပဲ တမင်တကာမဟုတ်တဲ့ “ရှူး…. ရှူး… ရှလွတ်… ရှလွတ်” အသံကြီးနဲ့ အီတလီခေါက်ဆွဲကို အားရပါးရကျေနပ်စွာနဲ့ ဆက်စားနေခဲ့တယ်။
အဲဒီစုံတွဲက နောက်ပိုင်းမှာ ဘယ်လိုကံတရားနဲ့ ရှေ့ဆက်ခဲ့ကြသလဲတော့ မသိဘူး။ ကျွန်တော်ကတော့ အခုအချိန်အထိ တစ်ခါတစ်ရံ သတိရနေတုန်းပါပဲ။

ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ဆိုသော “မူရာကာမိ ရေဒီယို” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

ရသ

# Open More Online

Related Posts