orange

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။ ကမ္ဗလာသီးလို့ပြောရင် ပြန်ငြင်းမယ့်သူတွေ များမှာပဲ။ ORANGE ဆိုတာ လိမ္မော်သီးလို့ ငယ်ငယ်ကတည်းက ကျောင်းမှာသင်ခဲ့တာ။ အဲ့ဒီအတိုင်းပဲ အော်ကျက်ခဲ့တာ။ အိပ်ပျော်နေချိန်နှိုးမေး ORANGE ကို လိမ္မော်သီးလို့ပဲ ပြောမှာ။

တကယ်လို့ အင်တာနက်မှာ ORANGE လို့ ရှာကြည့်လိုက်။ ပုံက ကျွန်တော်တို့ ကမ္ဗလာသီးလို့ခေါ်တဲ့ အသီးပုံတွေ့မယ်။ အတွင်းသားက လိမ္မော်သီးလို အမြွှာမြွှာ ကွဲမနေဘူး။  အင်တာနက်မှာ TANGERINE လို့ ထပ်ရှာကြည့်လိုက်။ ကျွန်တော်တို့ လိမ္မော်သီးလို့ခေါ်တဲ့အသီးကို ပုံတွေနဲ့ပြထားတာ တွေ့ရပါလိမ့်မယ်။ တကယ်ကတော့ ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ပါဘူး။

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။ အမှတ်မှားနေကြတာလို့ပြောရင် စိတ်ထဲမှာ အောင့်သက်သက်ဖြစ်မှာပဲ။ မှားနေပြီဆိုတာသိပေမဲ့ အလွယ်လက်မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ငယ်စဉ်က ကိုယ်လေးစားရတဲ့ ဆရာဆရာမတွေက အဲဒီအတိုင်းပဲ သင်ပြထားတာကိုး။

ကျွန်တော်တို့ အစွဲကြီးကြတယ်။ ကိုယ်လေးစားတဲ့ဆရာက ပြောရင် အလွယ်တကူ လက်ခံတယ်။ ကိုယ်က အဖြူလို့ လက်ခံထားတာက အမည်းလို့သိရချိန်မှာ ကိုယ့်မျက်စိကို ကိုယ်သံသယဝင်တယ်။

ဗုဒ္ဓက ကာလမ ပုဏ္ဏားတွေကို ညွှန်ပြခဲ့တဲ့စကားထဲမှာ ကိုယ်လေးစားတဲ့ ဆရာရဟန်းရဲ့ စကားဆိုပြီးတော့လည်း ဟုတ်ပြီမှန်ပြီလို့ ချက်ချင်းအတည်မယူနဲ့လို့ သတိပေးထားတယ်။ ကိုယ်တိုင် ဆင်ခြင်သိမြင်ပြီးမှ ဆုံးဖြတ်ဖို့ အသိပေးတယ်။

ကိုယ်တိုင် သိတတ်မြင်တတ် ဆင်ခြင်တတ်ဖို့ဆိုတာက ကိုယ့်မှာသိမြင်နိုင်တဲ့ အခြေခံတော့ရှိရမယ်။ ဘယ်လိုနည်းနဲ့ ဒီလိုအခြေခံမျိုးရနိုင်သလဲဆိုရင်တော့ အသိအမြင်တွေ ရနိုင်တဲ့နေရာက ရှာဖွေရမယ်။ စုဆောင်းရမယ်။ ဟောပြောချက်တွေ၊ စာအရေးအသားတွေ၊ စကားဝိုင်းတွေ နေရာများစွာမှာ နား၊ မျက်စိနဲ့ ဦးနှောက်အသိကို ဖွင့်ရမယ်။ အသိပညာတံခါးကို ဖွင့်ထားရမှာ ဖြစ်နိုင်ပါတယ်။ ရေစက်ရေပေါက်တွေ စုပါများရင် အိုးခွက်တွေ ပြည့်လျှံနိုင်သလိုပဲ၊ အသိအမြင်တွေကို တဖြည်းဖြည်းချင်း ဆည်းပူးထားရင် ဆင်ခြင်နိုင်စွမ်း ရှိလာမှာပါ။

အောင်မြင်တယ်ဆိုတဲ့သူတွေဟာ ကိုယ်လက်ခံထားမိတာ အမှားမှန်းသိတဲ့အခါ ချက်ချင်း ပြုပြင်ပြောင်းလဲနိုင်တဲ့ သတ္တိရှိကြတယ်။

ကျော်ရင်မြင့်ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts