အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုနှင့် ဒီးဒုတ်နေ့စဉ်သတင်းစာ

အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုနှင့် ဒီးဒုတ်နေ့စဉ်သတင်းစာ


ဒီးဒုတ်ဦးဘချို

ဒီးဒုတ်ဦးဘချိုကို ၂၄ ဧပြီ၊ ၁၈၉၅ တွင် မြောင်းမြမြို့၌ ဆေးဆရာကြီး ဦးဘိုးစာ၊ ဒေါ်မြစ်တို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်က မြောင်းမြဆရာ ဦးမောင်မောင်ကျောင်း၊ ရန်ကုန်စိန့်ပေါကျောင်းတို့တွင် ပညာဆည်းပူးခဲ့ပြီး ၇တန်းနှင့် ၁၀ တန်းတို့တွင် စကောလားရှစ် ရရှိခဲ့သည်။ ရန်ကုန်ကောလိပ်တွင် ဘီအေ အထက်တန်းတက်နေဆဲ မျက်စိရောဂါကြောင့် ကျောင်းထွက်လိုက် ရသည်။ ၁၉၂၀ ပြည့်နှစ်တွင် အမျိုးသားကောလိပ် ကျောင်းဆရာဖြစ်ခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် ဒီးဒုတ်ဂျာနယ်တိုက်ကို တည်ထောင်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် တက္ကသိုလ် သပိတ်ကျောင်းသားများ၏ စောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။

နိုင်ငံရေးတာဝန်

၁၉၄၀ ပြည့်နှစ်တွင် တရုတ်-ဗမာ ချစ်ကြည်ရေး မိတ်ဆက်အဖွဲ့ဝင်တစ်ဦးအဖြစ် တရုတ်ပြည်၊ ချုံကင်းမြို့သို့ သွားရောက်ခဲ့ရသည်။ ၁ ဩဂုတ်၊ ၁၉၄၃ တွင် ဂျပန်မှ ပေးအပ်သော လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ဗမာအတိုင်ပင်ခံ လွှတ်တော်အမတ် ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် သတင်းနှင့် ပြန်ကြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ တိုင်ပြုပြည်ပြု လွှတ်တော်တွင်မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီဝင် ဖြစ်ခဲ့သည်။

လုပ်ကြံခံခဲ့ရခြင်း

၁၉ ဇူလိုင်၊ ၁၉၄၇ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အတွင်းဝန်ရုံး၌ အစည်းအဝေးကျင်းပနေစဉ်အတွင်း လုပ်ကြံခံခဲ့ရကာ ယင်းနေ့ မွန်းလွှဲ ၁ နာရီ၊ ၄၅ မိနစ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်စဉ် ဇနီးဒေါ်လှမေ၊ သမီး မခင်ပု၊ မခင်စုတို့ ကျန်ရစ်ခဲ့သည်။

စာပေ၊ ဂီတ အနုပညာ

ဒီးဒုတ်ဦးဘချိုသည် ငယ်စဉ်ကပင် စာပေ၊ ဂီတ၊ အနုပညာ၌ ဝါသနာထုံသူဖြစ်သည်။အထက်တန်းကျောင်းမှ ထွက်စ ပညာအုပ်အဖြစ် ခေတ္တအမှုထမ်းစဉ်ကပင် ” နောက်စွယ်ချောင်က တောက်တဲ့မောင်” ကလောင်အမည်ဖြင့် စာနယ်ဇင်းများ၌ မြန်မာမှုဆောင်းပါးနှင့် ကဗျာများ ရေးသားခဲ့သည်။ နှစ်ပါးကြည်ဂျာနယ်တွင်လည်း ‘ဒီးဒုတ်’ ကလောင်အမည်ဖြင့် နိုင်ငံရေးဆောင်းပါးများ ရေးသားခဲ့၏။ မြန်မာ့ဂီတကို ဝါသနာပါသူပီပီ သီချင်းကြီးပုဒ်ရေ ၅၇၀ ကျော် ပါဝင်သော မဟာဂီတဝိသောဓနိကျမ်းကို တည်းဖြတ်ထုတ်ဝေခဲ့သည်။ ထို့ပြင် မြန်မာ့ရုပ်ရှင်ကုမ္ပဏီမှ ရိုက်ကူးထုတ်လုပ်သော ‘ မြားနတ်ရှင် ‘ ရုပ်ရှင်လောကတွင် ဇာတ်လိုက်မင်းသား၏ အဖေခန်းမှ ပါဝင်သရုပ်ဆောင်ခဲ့သေး၏။

ဒီးဒုတ်ဂျာနယ်တိုက်

၁၉၂၅ ခု၊ ဧပြီလတွင် ဒီးဒုတ်ဂျာနယ်တိုက်ကို တည်ထောင်ကာ ကိုယ်တိုင် စီမံအုပ်ချုပ်လျက် ဒီးဒုတ်ဂျာနယ် စတင်ထုတ်ဝေခဲ့သည်။ သို့ကြောင့်လည်း မြန်မာ့စာပေလောကတွင် ဒီးဒုတ်ဦးဘချိုဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ဒီးဒုတ်ဦးဘချိုက သူ၏ ဒီးဒုတ်ဂျာနယ်တွင် အမျိုးသားရေးကို အလေးပေးရေးသားလေ့ရှိပါသည်။ ၁၉၃၇ ခုနှစ်တွင် ၉၁ ဌာန အုပ်ချုပ်ရေးကို လက်မခံရန် ဒီးဒုတ်ဂျာနယ်မှ ကလောင်ဖြင့် တိုက်ဖျက်ခဲ့ရုံမျှမက မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ ၉၁ ဌာန အုပ်ချုပ်ရေးတွင် ရာထူးမယူကြရန်လည်း အခြားသတင်းစာဆရာများနှင့်အတူ စုပေါင်းကြိုးစားခဲ့သည်။

ဒီးဒုတ်နေ့စဉ်သတင်းစာ

ဒီးဒုတ်ဦးဘချိုသည် ၂၃ နိုဝင်ဘာ၊ ၁၉၃၈ ဗုဒ္ဓဟူးနေ့တွင် ဒီးဒုတ်နေ့စဉ်သတင်းစာကို ကိုယ်တိုင်ဦးစီးကာ စတင်ထုတ်ဝေခဲ့သည်။ ယင်းသတင်းစာမှာ ၁၃၀၀ ပြည့် အရေးတော်ပုံကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော သတင်းစာဟု ဆိုနိုင်ပါသည်။ ဒီးဒုတ်ဦးဘချိုက အယ်ဒီတာချုပ်အဖြစ်တာဝန် ယူခဲ့ပြီး တာဝန်ခံအယ်ဒီတာအဖြစ် နဂါးနီဦးထွန်းရွှေက တာဝန်ယူခဲ့သည်။ရေနံမြေသပိတ်ကြီး၏ အခြေအနေကို ဦးစားပေး ဖော်ပြသော သတင်းစာဖြစ်သဖြင့် သတင်းစာ၏ ခေါင်းစီးဆောင်ပုဒ်အဖြစ် ” ဒါဒို့မြေ၊ ဒါဒို့ပြေ ” ဟူသော ကြွေးကြော်သံကို ရိုက်နှိပ်ဖော်ပြထားပါသည်။

ရေနံမြေသပိတ်

သတင်းစာ ထုတ်ဝေပြီး ရက်သတ္တပတ်အကြာ ၃၀ နိုဝင်ဘာ၊ ၁၉၃၈ တွင် ချောက်ရေနံမြေမှ အစပြုချီတက်လာခဲ့ကြသော ရေနံ‌မြေသပိတ်တပ်သားများ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်အတွင်း တစ်စောင်လျှင် ၃ ပြားနှုန်းဖြင့် ရောင်းချသော ဒီးဒုတ်သတင်းစာက ရေနံမြေသပိတ်သတင်းကို အလေးပေးဖော်ပြခဲ့သည်။ စာရေးဆရာ သင်္ခါကလည်း “ဒါဒို့မြေ ဒါဒို့ပြေ” ဝတ္ထုရှည်ကို ရေးသားခဲ့သည်။ ရေနံမြေသပိတ်မှသည် တောင်သူလယ်သမားများ ကျောင်းသူ ကျောင်းသားများနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်လာကာ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ်ပွားလာခဲ့သည်။

၁၃၀၀ ပြည့်အရေးတော်ပုံ

ဒီးဒုတ်သတင်းစာ ထုတ်ဝေသည့် တစ်လပြည့်မြောက်သောနေ့ ၂၃ ဒီဇင်ဘာ၊ ၁၉၃၈ တွင်အတွင်းဝန်ရုံးရှေ့၌ ဆန္ဒပြကျောင်းသားများအား စစ်ပုလိပ်တို့က နံပါတ်တုတ်ဖြင့် ရိုက်နှက်နှိမ်နင်းသဖြင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံခဲ့သည်။ ဒီးဒုတ်သတင်းစာသည် ၁၃၀၀ ပြည့် အရေးတော်ပုံကို မျက်ခြည်မပြတ်ရေးသားဖော်ပြခဲ့ရာ ပြည်သူအများ၏ အားပေးခြင်းကို ခံခဲ့ရသည်။ တစ်မုဟုတ်ချင်း စောင်ရေများလည်း တိုးတက်လာခဲ့သည်။ တစ်လအတွင်း ဒီးဒုတ်သတင်းစာမှာ စောင်ရေ တစ်သောင်းကျော်အထိ ရိုက်နှိပ်ထုတ်ဝေခဲ့ရသည် ဆိုပါသည်။

သပိတ်တပ်များ ပူးပေါင်းမိကြခြင်း

၉ ဇန်နဝါရီ၊ ၁၉၃၉ ထုတ် ဒီးဒုတ်သတင်းစာတွင် တောင်သူလယ်သမားနှင့် အလုပ်သမား သပိတ်တပ်များ ပူးပေါင်းမိသွားကြပုံကို ကွင်းကွင်းကွက်ကွက် ရေးသားဖော်ပြခဲ့သည်။ သတင်း၌ ‘ နံနက် ၅ နာရီတွင် ထိုလယ်သမားတပ်ကြီးသည် ကမာရွက်လမ်းဆုံသို့ ရောက်ကြရာ နှင်းတွေဝေတုန်းပင်ဖြစ်သည်။ ထိုနေရာတွင် ရေနံမြေမှ ချီတက်လာခဲ့ကြသော ရေနံမြေသပိတ်တပ်ကြီးနှင့် ပေါင်းဆုံချီတက်ရန် ချိန်းဆိုထားသည့်အတိုင်း စောင့်ကြိုလျက် ရှိကြသည်။ ထိုအချိန်မဲ့ကြီးတွင်ပင် လာရောက်အားပေးကြည့်ရှု ကြိုဆိုနေကြသော ပရိသတ်တို့မှာ တိုးမပေါက်အောင်ပင် ရှိနေသည်။ နံနက် ၈ နာရီတွင် ရေနံမြေသပိတ် အလုပ်သမားတပ်ကြီးသည် စခန်းချရာ ကမာရွတ်ကျားကျောင်း တပ်စခန်းဆီမှ ချီတက်လာကြရာ ယခင်လယ်သမားတပ်ကြီးနှင့် ပူးပေါင်းမိကြပြီးနောက် ရန်ကုန်သို့ ဆက်လက်ချီတက်ကြသည်’ စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်

၁၆ ဇန်နဝါရီ၊ ၁၉၃၉ တွင် ဒီးဒုတ်သတင်းစာမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ချက်ကို ထည့်သွင်းဖော်ပြပေးခဲ့သည်။ ယင်းကြေညာချက်တွင် ကျောင်းအသီးသီးမှ ကျောင်းသားများ သပိတ်မှောက်ကြရာ ကျောင်းအလိုက် ကျောင်းတက်သည့် စာရင်းကို ဖော်ပြထားပါသည်။ ဥပမာအားဖြင့် ‘ ၁။ ကြည့်မြင်တိုင် မြူနီစီပါယ် ယောက်ျားကလေးကျောင်း၊ ဦးရေ (၃၀၀) ကျော်၊ တစ်ယောက်မျှမတက်။ ၂။ ဆင်နင်းကွက်သစ် မြူနီစီပယ်ကျောင်း (၁၅၅)ယောက်၊ ၆ ယောက်တက်’ စသည်ဖြင့် ဖြစ်သည်။

ထိန်းသိမ်းခံရခြင်း

ဒီးဒုတ်နေ့စဉ်သတင်းစာ၏ ဖော်ပြချက်များမှာ ဗြိတိသျှအာဏာပိုင်တို့အတွက် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ ၁၀ ဇန်နဝါရီ၊ ၁၉၃၉ ထုတ် သတင်းစာ၌ဆိုလျှင် ‘ မည်သူကပင် သွေးခွဲစေကာမူ သွေးမကွဲဘဲ ဆက်လက်ကာ မိမိတို့၏ အကျိုးအတွက် ဆောင်ရွက်သွားကြပါရန် နှိုးဆော်အပ်ပသည်’ စသည်ဖြင့် အလုပ်သမားနှင့် လယ်သမားတို့ ပူးပေါင်းတိုက်ပွဲဝင်ကြရန် ဆော်ဩထားပေးသည်။ သို့ကြောင့်ပင် ဗြိတိသျှအစိုးရက ဒီးဒုတ်ဦးဘချိုအား ဘုရင်ခံ၏ လုံခြုံရေး တစ်ချကလွှတ် ဥပဒေအရ ဖမ်းဆီးကာ ရက် ၂၀ ကျော် အကျဉ်းချထားခဲ့သည်။ ဒီးဒုတ်ဦးဘချိုနှင့်အတူ တို့ဗမာ အစည်းအရုံးဥက္ကဌ သခင်ထိပ်တင်ကိုယ်တော်ကြီး၊ သခင်နု၊ တက်ဘုန်းကြီး သိန်းဖေတို့လည်း မရှေးမနှောင်းတွင် ဖမ်းဆီး အကျဉ်းချထားခြင်း ခံခဲ့ရသည်။ ဒီးဒုတ်ဦးဘချိုတို့ကအကျဉ်းထောင်အတွင်း အစာငတ်ခံ တိုက်ပွဲဝင်ခဲ့ကြသေးကြောင်း သိရှိရသည်။ ဒီးဒုတ်ဦးဘချို ဖမ်းဆီးခြင်းခံရသောအခါ သတင်းစာ၊ ဂျာနယ်အသီးသီးက ကန့်ကွက်ဆန္ဒပြကြသည်။ သို့သော် ယင်းသို့ဆန္ဒပြကြသူများထဲတွင် သူရိယသတင်းစာ မပါဝင်ခဲ့ပေ။ ထိုစဉ်က သူရိယသတင်းစာ အယ်ဒီတာချုပ်မှာ မင်းတိုင်ပင်အမတ်လည်းဖြစ်သူ ဂဠုန်ဦးစောဖြစ်သည်။

သတင်းစာဆရာ ပီသသူ

ဒီးဒုတ်ဦးဘချိုကား သတင်းစာဆရာ ပီသသူတစ်ဦးဖြစ်သည်။ စီးပွားရေး မပြေလည်သည့်အခါတစ်ဖက်မှ ‘ ဘချိုအသားလှ ကတ္တီပါရေ၊ ပန်းမြိုင်လယ် ရေမွှေးများ’ ဖော်စပ် ရောင်းချသည်။ နောက်ပိုင်း ဒီးဒုတ်ဆေးတိုက်ကို တွဲဖွင့်ခဲ့ရသည်။ လောကဓံတရားကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ဒီးဒုတ်ဦးဘချိုက သူ၏ဒီးဒုတ်သတင်းစာကို ကြိုးစားထုတ်ဝေခဲ့သည်။ သို့ကြောင့်လည်း ဒီးဒုတ်သတင်းစာမှာ မြန်မာ့သတင်းစာလောကတွင် ဂုဏ်ကျက်သရေရှိသော သတင်းစာတစ်စောင်အဖြစ် မှတ်ကျောက်တင်ခြင်း ခံခဲ့ရလေသည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်ထဲမှ ကူးယူဖော်ပြထားပါသည်။

Related Posts