ဉာဏ်ပညာ

ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံးအရာတစ်ခု ကိုပြောပါလို့မေးလာရင် ဘယ်လိုဖြေကြမလဲ။ အများစုကတော့ စိန်ရွှေငွေ ကျောက်သံပတ္တမြားစသဖြင့် ဖြေကြလိမ့်မယ်။ တချို့ကျတော့ အိမ်၊မြေ၊မော်တော်ကား စသဖြင့် ဖြေကြပါလိမ့်မယ်။ အမှန်တကယ် အဖိုးတန်ဆုံးအရာဟာ ဦးနှောက်ကလာတဲ့ ဉာဏ်ပညာပါ။ ဘာဖြစ်လို့ ခုလိုပြောရတာလဲဆိုတာ ရှင်းပြပါမယ်။

ယနေ့ Microsoft, Facebook, Yahoo, Google, eBay စတဲ့အင်တာနက်ကုမ္ပဏီကြီးတွေဟာ မော်တော်ကားထုတ်တဲ့ General Motors,Toyota ကုမ္ပဏီကြီးတွေထက်ပိုင်ဆိုင်မှုတန်ဖိုးအများကြီးပိုပါတယ်။ အဲဒီကားထုတ်တဲ့ ကုမ္ပဏီကြီးတွေဟာ ဘာပိုင်ဆိုင်သလဲ။ အများကြီးပိုင်တာပေါ့။ ကားထုတ်တဲ့စက်ရုံကြီးတွေ၊ ကားထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ၊ စက်ရုပ်တွေ၊ မော်တော်ကားတွေအများကြီးပါ။ 

အပေါ်မှာဖော်ပြထားတဲ့အင်တာနက် ကုမ္ပဏီကြီးတွေမှာ ဘာပိုင်ဆိုင်သလဲ။ ရုံးခန်း၊ကွန်ပျူတာတွေနဲ့ လူတွေပဲရှိတယ်။ တန်ဖိုးတွက်ကြည့်လိုက်ရင် မော်တော်ကားစက်ရုံကထုတ်တဲ့ ကား ၁၀စီး၊အစီး ၅၀တန်ဖိုးလောက်ပဲရှိမှာပါ။ ဒါပေမယ့် အင်မတန်အဖိုးတန်တဲ့ပစ္စည်းကိုထည့်တွက်ဖို့မေ့နေကြတယ်။ အဲဒါဘာလဲ။ အဲဒီ ကုမ္ပဏီကလူတွေရဲ့ ဦးနှောက်နဲ့ ဉာဏ်ပညာတွေပါ။ 

ထပ်ပြီးပြောပါဦးမယ်။ နောက်ဆုံးရတဲ့ စာရင်းဇယားတွေအရစင်ကာပူရဲ့ အရန်နိုင်ငံခြားငွေဟာ ဒေါ်လာ ၂၄၄ ဘီလီယံဖြစ်ပြီး မြန်မာနိုင်ငံရဲ့အရန်ငွေဟာ ၉.၄ ဘီလီယံပဲရှိပါတယ်။ သယံဇာတ ပေါကြွယ်ဝတယ်။ နိုင်ငံကျယ်ဝန်းတယ်။ လူဦးရေ သန်း၆၀နီးပါးရှိတဲ့မြန်မာနိုင်ငံထက်သယံဇာတမပြောနဲ့ သောက်ရေတောင်တစ်စက်မထွက်၊ ကျွန်းသေးသေးလေး၊လူဦးရေက ရန်ကုန်လူဦးရေလောက်ပဲရှိတဲ့ စင်ကာပူကဘာလို့အများကြီးပိုချမ်းသာနေရတာလဲ။ သယံဇာတ မရှိပေမယ့် ဉာဏ်ပညာရှိတဲ့ဦးနှောက်တွေ ပိုများလို့ပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံကို တခြားနိုင်ငံတွေလိုအမှီလိုက်ဖို့ဉာဏ်ပညာပြည့်ဝတဲ့ ဦးနှောက်တွေ အများကြီးလိုပါတယ်။ အဲဒီအတွက် လူတိုင်းအသိဉာဏ်ပညာတတ်ဖို့လိုပါတယ်။ တစ်ဦးချင်းလည်း စာဖတ်ပြီး မိမိအသိဉာဏ်ကိုမြှင့်တင်ဖို့လုပ်ကြရပါမယ်။ 

ဒီလိုမှမဟုတ်ရင်တေ့ကျွန်တော်တို့နိုင်ငံဟာ သူများနိုင်ငံတွေနောက်မှာ နောင်နှစ်ပေါင်းများစွာကြာအောင် နောက်ကျန်နေဦးမှာပါပဲ။ 

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts