အင်္ဂါရပ်များ

အလုံးစုံအရည်အသွေး တည်ဆောက်မှုဆိုင်ရာ အင်္ဂါရပ်များ (အပိုင်း – ၁)

ခေတ်သစ်ကမ္ဘာမှာ ‘အရည်အသွေး’ ဆိုတာနဲ့ မလုံလောက်တော့ဘဲ ‘အလုံးစုံအရည်အသွေး’ ဆိုတာ လိုအပ်လာပါတယ်။ ဒါကို ‘Total Quality Control’ – TQC လို့ ခေါ်ပါတယ်။ အလုံးစုံအရည်အသွေး ရရှိအောင် ‘Total Quality Management’ TQM အလုံးစုံအရည်အသွေး တည်ဆောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုဆိုတာ လိုအပ်လာပါတယ်။ အလုံးစုံအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုရှိမှ အလုံးစုံအရည်အသွေးကို တည်ဆောက်နိုင်မှာပါ။

ဒါကြောင့် ကုန်ထုတ်လုပ်မှုဌာနတိုင်း၊ ဝန်ဆောင်မှုလုပ်ငန်းနေရာတိုင်းမှာ အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုကို သွတ်သွင်းကြရပါမယ်။ ဒီတော့မှ ကုန်ထုတ်လုပ်မှုဌာနတွေ၊ ဝန်ဆောင်မှုဌာနတွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေ၊ ပေးအပ်တဲ့ ဝန်ဆောင်မှုတွေဟာ အရည်အသွေးရှိလာမှာ ဖြစ်ပါတယ်။

အရည်အသွေးတည်ဆောက်ဖို့အတွက် နေရာတကာမှာ အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှု ‘TQM’ ဟာ မရှိမဖြစ်လိုအပ်တဲ့ အရာပါ။

ကျွန်မတို့ဟာ စက်ရုံတစ်ရုံမှာပဲဖြစ်ဖြစ်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်း) အတွင်းမှာပဲဖြစ်ဖြစ် အရည်အသွေး တည်ဆောက်မယ်ဆိုရင် စီမံခန့်ခွဲမှုဆိုင်ရာ အချက်ခြောက်ချက် လိုအပ်ပါတယ်။

အဲဒီအချက် ခြောက်ချက်က ဘာလဲဆိုတော့ –
၁။  အဖွဲ့အစည်းအတွင်းရှိ လူတိုင်းပါဝင်ရေး။
၂။  လေ့ကျင့်ပညာပေးမှုများ ပြုလုပ်ရေး။
၃။  အရည်အသွေးတည်ဆောက်မှုကို အဖွဲ့ငယ်များ ဖွဲ့စည်းလှုပ်ရှားရေး။
၄။  အရည်အသွေးတည်ဆောက်မှုလုပ်ငန်းအပေါ် စိစစ်ပြီး၊ ဆုချီးမြှင့်ခြင်း၊ ဂုဏ်ပြုခြင်းများ ပြုလုပ်ခြင်း။
၅။  စာရင်းအင်းဆိုင်ရာနည်းစနစ်များ အသုံးပြုခြင်း။
၆။  နိုင်ငံနှင့်အဝန်း အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှု မြှင့်တင်ရေးများ ပြုလုပ်ရေး။

၁။  လူတိုင်းပါဝင်ရေး
        အရည်အသွေးတည်ဆောက်မှုအပေါ် စီမံခန့်ခွဲရေးကိစ္စက စီမံခန့်ခွဲသူရဲ့ ကိစ္စပဲဆိုပြီး ထိပ်ပိုင်းစီမံခန့်ခွဲသူတွေချည်းပဲ
လုပ်လို့မရပါဘူး။ ဒီစီမံခန့်ခွဲမှု နယ်ပယ်မှာ ပါဝင်တဲ့လူအားလုံး ပါဝင်ရပါမယ်။ မော်တော်ယာဉ်ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်း) ဟာ အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှု ပြုလုပ်မယ်ဆိုရင် ဥက္ကဋ္ဌကစပြီး ကော်မတီဝင်၊ ဌာနမှူး၊ ဌာနခွဲမှူး၊ ကြီးကြပ်ရေးမှူး၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ စပယ်ယာ၊ ခရီးသည်၊ သန့်ရှင်းရေး၊ လုံခြုံရေး စသည်ဖြင့် အားလုံးပါဝင် ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒီကိစ္စကို ကျွန်မရှေ့မှာလည်း ပြောခဲ့ဖူးပါတယ်။ အရည်အသွေး စီမံခန့်ခွဲမှုပြုရာမှာ အချို့က အရည်အသွေးဆိုင်ရာ ဌာနတစ်ခုတည်းရဲ့တာဝန်ပဲ၊ သူတို့လုပ်ကြလိမ့်မယ်လို့ ထင်မှတ်ထားကြပါတယ်။

ဒါ မှားပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကုန်ထုတ်လုပ်မှုဌာနတစ်ခုမှာ ဟိုးအောက်ဆုံးက သန့်ရှင်းရေးလုပ်သားက အရည်အသွေးရှိလာဖို့ စီမံခန့်ခွဲရာမှာ ငါနဲ့မဆိုင်ဘူး၊ ငါက တံမြက်စည်းလှည်းတာ၊ ရေအိမ်ဆေးတာပဲ ဆိုပြီး နေလို့မရပါဘူး။ အရည်အသွေးစီမံခန့်ခွဲမှုမှာ ရေအိမ်တွေလည်း သန့်နေမှ၊ အလုပ်ခွင်တစ်ခုလုံးလည်း သန့်ရှင်းနေမှ အလုပ်သမားအားလုံး စိတ်လက်ခန္ဓာကြည်ကြည်လင်လင် ရှိပါမယ်။ ကဲ ရုံးထဲဝင်လာတယ်၊ ရေအိမ်နံ့က တထောင်းထောင်းထွက်နေမယ်၊ အမှိုက်သရိုက်တွေနဲ့ ညစ်ပေနေမယ်ဆိုရင် ဒီပတ်ဝန်းကျင်မှာ ဘယ်သူက အလုပ်လုပ်ချင်မှာလဲ။

ရေအိမ်လည်း သန့်ရှင်းနေမယ်၊ လုပ်ငန်းခွင်လည်း သန့်ရှင်းနေမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ ရုံးထဲဝင်လာကတည်းက စိတ်ကြည်ကြည်လင်လင်နဲ့ ဝင်လာမယ်။ အရည်အသွေးကိစ္စမှာ စိတ်ကြည်လင်ဖို့လည်း လိုပါတယ်။ တစ်ခါတလေ ဒီစက်ရုံအလုပ်ရုံဟာ ဘယ်လောက်အရည်အသွေးရှိသလဲဆိုတာ ငဲ့စောင်းကြည့်ရင် ပထမသန့်စင်ခန်းကို ပြေးကြည့်ရတယ်။

ကျွန်မတို့ စက်ရုံတစ်ရုံကို အရည်အသွေးဆိုင်ရာ လေ့လာဖို့ သွားရောက်တဲ့အခါမှာ သန့်စင်ခန်းရော၊ စက်ရုံပတ်ဝန်းကျင်ကိုပါ လေ့လာတဲ့အခါ အနံ့အသက်တွေကလည်းဆိုး၊ စက်ရုံပတ်ဝန်းကျင်မှာလည်း ကြွပ်ကြွပ်အိတ်တွေ၊ ပလတ်စတစ်တွေနဲ့ အမှိုက်ပုံတောင်မှ ရှိနေပါသေးတယ်။ စက်ရုံမှာ ဒီလိုပတ်ဝန်းကျင်မျိုး မရှိသင့်ပါဘူး။ ဒီပတ်ဝန်းကျင်မှာ ဘယ်သူမှ အလုပ်မလုပ်လိုကြဘူး။ လူ့စိတ်ကမှ အလုပ်မလုပ်ချင်ရင် ဒီလူလုပ်တဲ့ပစ္စည်းကရော ဘယ်မှာအရည်အသွေး ရှိမှာလဲ။ စက်ရုံရဲ့ပတ်ဝန်းကျင်၊ စက်ရုံအတွင်း သန့်ရှင်းနေဖို့လိုပါတယ်။ စက်ရုံအတွင်း မသန့်ရှင်းရင် မတော်တဆဖြစ်ပွားမှုတောင် ဖြစ်နိုင်ပါတယ်။ တစ်ခါက နိုင်ငံခြားမှာဖြစ်ရပ်တစ်ခုက ညစောင့်က လျှပ်စစ်မီးကို မပိတ်ဘဲ ထားမိလို့ လျှပ်စစ်ခလုတ်ကနေတစ်ဆင့် စက်ရုံကြီးမီးလောင်သွားတာ ဖြစ်ဖူးပါတယ်။ မြန်မာစကားပုံမှာ ‘အမှိုက်ကစပြာသာဒ်မီးလောင်’ ဆိုတာလည်းရှိပါတယ်။ ဒါကြောင့် အရည်အသွေးတည်ဆောက်ရာမှာ အမှိုက်သန့်ရှင်းဖို့လည်း လိုပါတယ်။

စက်ရုံအလုပ်ရုံ၊ လုပ်ငန်းဌာနသန့်ရှင်းရေးဟာ အားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ စက်ရုံအလုပ်ရုံ၊ လုပ်ငန်းဌာနမှာရှိတဲ့ ဝန်ထမ်းအားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ အားလုံးက သန့်သန့်ရှင်းရှင်းရှိကြမယ်ဆိုရင် သန့်ရှင်းရေးအလုပ်သမားတွေတောင် အတော်အလုပ်သက်သာဖို့ ရှိပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးရော၊ ပတ်ဝန်းကျင်သန့်ရှင်းရေးပါမရှိဘဲ ထမင်းစားကြွင်းစားကျန်တွေကို ဝန်ထမ်းတွေက ဟိုပစ်ဒီပစ်ဆိုရင် သန့်ရှင်းရေးဝန်ထမ်းကရော ‘ဆန်စဉ်ရာကျည်ပွေ့ချ’ ဘယ်လိုက်လုပ်နိုင်မလဲ။ ဒီလိုမလုပ်နိုင်လို့ စက်ရုံအလုပ်ရုံထဲမှာ ပိုးဟပ်တွေပေါက်ဖွားလာမယ်၊ ယင်ကောင်တွေ ရှိလာမယ်၊ ကြွက်တွေပေါက်ဖွားလာမယ်ဆိုရင် ကြွက်က စက်ရုံက ကုန်ကြမ်းပစ္စည်းတွေကိုက်၊ စားစရာတွေမှာ ပိုးဟပ်တွေတက်၊ ယင်ကောင်တွေကြောင့် ဝန်ထမ်းတွေ၊ အလုပ်သမားတွေ ဝမ်းဖောဝမ်းရောင်ဖြစ်ကုန်ရင် ဒီစက်ရုံဘယ်မှာ အရည်အသွေးရှိနိုင်မှာလဲ။ ဒီလိုစက်ရုံမျိုးမှာ အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုကရော ဘယ်မှာအောင်မြင်နိုင်မှာလဲ။

၂။  သင်တန်းများ၊ ဟောပြောပွဲများ၊ ပညာပေးမှုများ ပြုလုပ်ရေး
        အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ဒုတိယအင်္ဂါရပ်က ဘာလဲဆိုတော့ အရည်အသွေးစီမံခန့်ခွဲမှု ပြုမယ်ဆိုရင်
ဒီအလုပ်ကို လုပ်ရမယ့် ဝန်ထမ်းများ၊ စီမံခန့်ခွဲသူများ သူတို့ ဘာလုပ်ရမယ်၊ ဘာကြောင့် လုပ်ရမယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ ဒါကြောင့် အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းများ၊ ဟောပြောပွဲများ၊ အသိပေးမှုများ၊ ညွှန်ကြားချက်များ ပြုလုပ်ဖို့လိုပါတယ်။ ဒီအတိုင်းဆိုရင် အလုပ်သမားက အရည်အသွေးဆိုင်ရာ သဘောထားကို မသိနိုင်ပါဘူး။

ဥပမာ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) အတွင်းမှာပဲ ကြည့်ကြပါစို့။ အရည်အသွေးဆိုတာနဲ့ ယာဉ်ပိုင်ရှင်က ဘယ်လိုထင်မလဲ။ ငါတော့ ငါ့ကားကို ဆေးသုတ်ရတော့မယ်၊ ပြင်ရဆင်ရရင် ငွေကုန်ကြေးကျများတော့မှာပဲလို့ ထင်တယ်။ ယာဉ်မောင်းနဲ့ စပယ်ယာကလည်း အရည်အသွေးဆိုတာနဲ့ ငါတို့တော့ ကျဉ်းကျပ်ပြီလို့ ထင်တယ်။ အရည်အသွေးတည်ဆောက်ဖို့ဟာ ပိုင်ရှင်၊ ယာဉ်မောင်း၊ စပယ်ယာနဲ့ ခရီးသည်တွေအတွက်ပါ လုပ်တာ၊ တိုင်းပြည်အတွက်ပါလုပ်တာ။ အရည်အသွေးတိုးတက်လာရင် အားလုံးတိုးတက်လာမှာ။ ဘာကြောင့် အရည်အသွေး တည်ဆောက်ဖို့လိုတယ်ဆိုတဲ့အကြောင်း သင်တန်းပေးထားမယ်၊ ဟောပြောပွဲပြုလုပ်ပေးမယ်၊ စာရွက်စာတမ်း၊ စာအုပ်တွေ ပေးဖတ်ထားမယ်ဆိုရင် သင်တန်းတက်ထားတဲ့လူ၊ ဟောပြောပွဲ နားထောင်ဖူးတဲ့လူ၊ စာရွက်စာတမ်း၊ ဆောင်းပါးတွေ ဖတ်ထားတဲ့ လူတွေဟာ အရည်အသွေးတည်ဆောက်မှုအပိုင်းထဲကို အလိုလိုရောက်လာမှာပါ။

အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုပြုလုပ်ရာမှာ ပညာရေး ‘Education’ နဲ့ လေ့ကျင့်ရေး Training ကို အရေးတကြီးလုပ်ဆောင်မှုဆိုင်ရာ ကိစ္စတစ်ရပ်အနေနဲ့ လုပ်ရပါမယ်။ ဂျပန်နိုင်ငံမှာဆိုရင် ပညာပေးရေးနဲ့ လေ့ကျင့်ရေးကို အလွန်ပဲအလေးထားပါတယ်။ ဘယ်စက်ရုံ အလုပ်ရုံမှာမဆို ပညာရေးနဲ့ လေ့ကျင့်ရေးရှိပါတယ်။ တချို့ကုမ္ပဏီကြီးတွေမှာဆိုရင် ပညာရေးနဲ့လေ့ကျင့်ရေးဆိုင်ရာ ကုမ္ပဏီပိုင်ကျောင်းတွေတောင် ရှိပါတယ်။ ဒီကျောင်းတွေက နည်းပညာ၊ အတတ်ပညာ၊ သမိုင်း၊ ကမ္ဘာ့တိုးတက်ပြောင်းလဲမှု၊ မိမိတို့စက်ရုံရဲ့ အနာဂတ်ရည်မှန်းချက်၊ အလုပ်သမားစိတ်ဓာတ်တက်ကြွရေး၊ အရည်အသွေးဆိုင်ရာသဘောတွေကို သင်ကြားပေးပါတယ်။ ကိုရီးယားမှာလည်း အတူတူပါပဲ။ ဒါတွေကို မပြုလုပ်လို့ မရပါဘူး။ ပညာရေးနဲ့လေ့ကျင့်ရေးအတွက် သင်ရိုးညွှန်းတမ်းတွေ ရှိရပါမယ်။ မထသမှာလည်း ပညာရေးနဲ့ လေ့ကျင့်ရေးဆိုင်ရာ ဌာနခွဲ ရှိဖို့လိုပါတယ်။ အဲဒီဌာနခွဲမှာ ဆရာတွေ သီးခြားခန့်ထားရပါမယ်။ ကျောင်းအုပ်ကြီးလည်း လိုပါမယ်။ သင်ရိုးညွှန်းတမ်း၊ နေရာထိုင်ခင်းလည်း လိုပြီး မထသရဲ့ ဝင်ငွေအချို့ကို သင်တန်းအတွက် အသုံးပြုရပါမယ်။ လူမှုရေးလုပ်ငန်းတွေလည်း လုပ်၊ မထသဆိုင်ရာ ဝန်ထမ်းတွေကို ပညာပေးရာမှာနဲ့ လေ့ကျင့်ရာမှာလည်း အသုံးပြုကြရပါမယ်။ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီကနေ ပညာပေးဂျာနယ်တစ်စောင် ထုတ်ဝေနေပါတယ်။ ဒါဟာ ပညာပေးရေးနဲ့ လေ့ကျင့်ရေးကို ပြုလုပ်ထားတာပါပဲ။ ဒါဟာ ပညာပေးရေးနဲ့ လေ့ကျင့်ရေးကျောင်း တစ်ခုပါပဲ။ သင်တန်းကျောင်းကြီးမဖွင့်နိုင်ခင်မှာ စာပေကနေတစ်ဆင့် ပညာပေးတာ၊ လေ့ကျင့်တာ ဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာက ‘Education and Training’ လိုသေးတယ်။ ပညာရေးနဲ့လေ့ကျင့်ရေးက ဒီခေတ်မှာ အမြဲလုပ်နေရမှာပါ။ ကမ္ဘာကြီးက နည်းပညာရော အသိပညာပါ အမြဲပြောင်းလဲနေတာ၊ မရပ်မနားပြောင်းလဲနေတာ၊ အမီလိုက်ရမှာဆိုတော့ လေ့ကျင့်ပညာပေးရေးဟာ အမြဲလုပ်နေရမှာ၊ အဆက်မပြတ်လုပ်နေရမှာ၊ တစ်သက်လုံးလုပ်နေရမှာ ဖြစ်ပါတယ်။

ကျွန်မတို့ကလေးတွေထဲမှာ တစ်ခါတလေတွေ့ရတာက ငါတော့ ဆယ်တန်းအောင်ပြီးပြီ၊ ဘွဲ့ရပြီးပြီဆိုပြီး ဘာမှဆက်မလေ့လာတော့ဘူး။ ဒီခေတ်မှာ အရင်က လက်နှိပ်စက်စာရေးလုပ်တယ်၊ အခု လက်နှိပ်စက်နဲ့ မရတော့ဘူး။ ကွန်ပျူတာ ပေါ်လာတယ်။ ကွန်ပျူတာ အသိပညာက ရပ်မနေဘူး။ ဒီတော့ ကလေးကလည်း ကွန်ပျူတာနဲ့ပက်သက်လို့ သိသင့်တာတွေကို သိနေရမယ်။ ဒါဆို စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေမှရမယ်။

ဒီနေ့ခေတ် ပညာရပ်တွေဟာ ရပ်နေတယ်မရှိဘူး။ အဆက်မပြတ် အသစ်အဆန်းတွေ ထွက်ပေါ်နေတယ်။ ကမ္ဘာကြီးကလည်း ဆက်သွယ်ကွန်ရက်နေတဲ့ ကမ္ဘာကြီး ဖြစ်နေတယ်။ ရွာကမ္ဘာ ဖြစ်နေတယ်။ ကမ္ဘာကြီးက ရွာလောက်ပဲ ဖြစ်နေတယ်။ ‘Global Village’ တို့ ‘Globalization’ ဆိုတဲ့ စကားရပ်တွေကို အားလုံးကြားဖူးကြမှာ ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာမှာ ပညာရပ်တွေဟာ ရပ်တယ်လို့မရှိဘူး။ ဆက်သွားနေတယ်။ ဒါကို ကိုယ်က လိုက်ဖို့အတွက် အာရုံစူးစိုက်နေရမယ်။

၃။  အဖွဲ့ငယ်များ ဖွဲ့စည်းလှုပ်ရှားရေး
        နောက်တစ်ချက်ကတော့ အရည်အသွေးထူထောင်ရာမှာ အဖွဲ့ငယ်များ ဖွဲ့စည်းဆောင်ရွက်ရေး ဖြစ်ပါတယ်။
        လေ့ကျင့်ပညာပေးရေးလုပ်ငန်းတွေကို ‘Quality Control – QC’ အဖွဲ့ငယ်တွေဖွဲ့ပြီး လှုပ်ရှားတဲ့အလေ့အကျင့်တွေ
ရှိတယ်။ ဂျပန်မှာရော တခြားဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာပါ လေ့ကျင့်ရေးအဖွဲ့ငယ်တွေ ရှိတယ်။ တစ်ဖွဲ့မှာ ၆ ယောက်ကနေ ၁၂ ယောက်လောက်အထိ ဖွဲ့နိုင်တယ်။ မိမိတို့အလုပ်ခွင်တူညီတဲ့၊ လုပ်ငန်းသဘောသဘာဝတူညီတဲ့ အဖွဲ့လေးတွေပါ။ ရုံးပိုင်းဆိုင်ရာအဖွဲ့၊ ယာဉ်မောင်းနဲ့ စပယ်ယာဆိုင်ရာအဖွဲ့၊ ကြီးကြပ်လုပ်ဆောင်သူများအဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွက်တာမျိုးပါ။ တချို့ကိစ္စတွေဟာ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်လို့မရပါဘူး။

ဒါကြောင့် ပညာရေးနဲ့လေ့ကျင့်ရေးအဖွဲ့ ‘QC’ အဖွဲ့လေးတွေ ဖွဲ့ပြီး ဆောင်ရွက်တာပါ။ သူတို့က ဘာလုပ်ကြမလဲဆိုတော့ –
(က) မကြာခဏ အလုပ်ခွင်မှာ ပေါ်ပေါက်တဲ့ ပြဿနာလေးများကို စုပေါင်းတိုင်ပင်ဆွေးနွေးကြမယ်။
(ခ)  ကူညီပံ့ပိုးခြင်း၊ အသိချင်းဖလှယ်ခြင်း
အလုပ်များကို လုပ်ကြပါမယ်။

ဂျပန်တွေဟာ ကမ္ဘာလှည့်ခရီးသွားကြတာတောင် အဖွဲ့နဲ့စုဝေးပြီးသွားကြတယ်။ အဖွဲ့နဲ့သွားကြတော့ တစ်ယောက်မသိတာ တစ်ယောက်မေး၊ တစ်ယောက်ကိုတစ်ယောက်က ကူညီနဲ့ဆိုတော့ လုပ်ငန်းပိုပြီး အောင်မြင်တာပေါ့။ ဂျပန်တွေဟာ လူငယ်ဘဝကတည်းက အဖွဲ့အစည်းဖွဲ့လုပ်ဆောင်ဖို့ လေ့ကျင့်ပေးထားတယ်။ မူကြိုကတည်းက မိမိကျောင်းကိုသွားရင် ကားတို့၊ ရထားတို့နဲ့ မိမိတို့ဘာသာ သွားတတ်အောင် လေ့ကျင့်ပေးထားတယ်။ မိမိတို့ဘာသာအဖွဲ့လေးနဲ့ သွားတတ်အောင် လေ့ကျင့်ပေးထားတယ်။ ကျောင်းကို ချမ်းသာတဲ့လူတွေကတောင် ကိုယ်ပိုင်ကားနဲ့ ပို့တာ နည်းကြတယ်။ မူလတန်းကလေးတွေ ရထားဘူတာရုံမှာ၊ ကားဂိတ်တွေမှာစုပြီး ကျောင်းသွားကြတယ်။ တစ်ယောက်မပါသေးရင် အားလုံးကစောင့်ကြတယ်။ ခေါင်းဆောင်လုပ်သူက အလံလေးကိုင်ပြီး စောင့်တယ်။ တစ်ယောက်နောက်ကျရင်၊ ဒုက္ခတွေ့ရင် အဖွဲ့လိုက်အကူအညီပေးတယ်။

ဒီနေရာမှာ အရည်အသွေးမှာ သုံးတဲ့ စကားတစ်လုံးရှိတာကို ပြောပါရစေ။ ဒါဘာလဲဆိုတော့ ‘Tool’ ဆိုတာပါ။ မြန်မာလိုတော့ အဘိဓာန်တွေထဲမှာ ‘တန်ဆာပလာ’ လို့ ဆိုတာပေါ့။ ‘Tool of TQM’ ဆိုတာ စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးတည်ဆောက်မှုအတွက် တန်ဆာပလာတွေပေါ့။ အခုလိုအဖွဲ့အစည်းလေးတွေ ဖွဲ့ပြီး လုပ်ဆောင်မှုဟာလည်း အရည်အသွေးတည်ဆောက်မှုမှာ လိုအပ်တဲ့ တန်ဆာပလာ တစ်ရပ်ဖြစ်ကြောင်း တင်ပြရပါတယ်။

နောက်တစ်ပိုင်းမှာ အရည်အသွေးစီမံခန့်ခွဲမှုလုပ်ဆောင်ရာမှာ လိုအပ်တဲ့ အင်္ဂါရပ်အမှတ်စဉ် ၄၊ ၅ နဲ့ ၆ အကြောင်း ပြောကြတာပေါ့။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

# Open More Online

Related Posts