Franchising

စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းတွေဟာ မိမိတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို မိမိတို့ရဲ့ ကုန်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချဖြန့်ဖြူးခွင့်သာမက မိမိတို့ရဲ့ လုပ်ငန်းဆောင်ရွက်ပုံနဲ့ ကျွမ်းကျင်မှုတွေကိုလည်း ဒေသတွင်းရှိ တခြားလုပ်ငန်းရှင်တွေကို တန်ရာတန်ကြေးယူပြီး လွှဲပြောင်းရောင်းချလေ့ ရှိကြပါတယ်။ ဒီလိုလုပ်တာကို Franchising လို့ ခေါ်ကြတယ်။ Franchising လုပ်တဲ့အတွက် ဒီကော်ပိုရေးရှင်းတွေဟာ ဆုံးရှုံးနစ်နာမှု ထူးထူးကဲကဲပိုလာခြင်းမရှိဘဲ အမြတ်အစွန်းတွေ ပိုရလာနိုင်တယ်။ မိမိတို့ နာမည်ဟာလည်း ကမ္ဘာ့အနှံ့အပြား ပေါက်ရောက်သွားနိုင်တယ်။


အယူအဆ
    Franchising လုပ်ပုံလုပ်နည်းတွေက အများကြီးပါပဲ။ စားသုံးသူအတွက် အမြန်ဝန်ဆောင်မှုပေးနိုင်တဲ့ MC Donald’s 
အရောင်းဆိုင်ခွဲတွေက အစ Hatt ဇိမ်ခံဟိုတယ်ခွဲတွေအထိ ကုမ္ပဏီတော်တော်များများ သုံးစွဲနေတဲ့နည်းလည်းဖြစ်ပါတယ်။ Franchising လုပ်ရာမှာ Franchiser နဲ့ Franchisee ဆိုပြီးနှစ်ဦးနှစ်ဖက်ရှိတယ်။ Franchiser က သူရဲ့ နာမည်ရပြီးသား ကုန်အမှတ်တံဆိတ်ပါပစ္စည်းနဲ့ အကြံဉာဏ်တွေကို ရောင်းတဲ့သူဖြစ်ပြီး Franchisee ကတော့ ဝယ်တဲ့သူပါပဲ။ သူက ဒီအမှတ်တံဆိပ်နဲ့ ဒီလုပ်ငန်းဆိုင်ရာ အကြံဉာဏ်တွေသုံးပြီး သူ့ဘာသာ စီးပွားရေးလုပ်တော့တာပါ။ Franchiser အတွက် အကျိုးရှိတာက ဘာလဲဆိုတော့ သူ့အတွက် အမြတ်တွေ တိုးရလာတယ်။ တိုင်းပြည်ထဲမှာ ဒါမှမဟုတ် ကမ္ဘာအနှံ့ သူ့နာမည် လူသိများလာပြီး သူ့ရဲ့ ကုန်အမှတ်တံဆိတ်ပါတဲ့ ပစ္စည်းတွေကို လူတွေ စိတ်ချလက်ချ သုံးစွဲလာကြပါတယ်။
    Franchisee အတွက် အကျိုးကျေးဇူးကတော့ ဆုံးရှုံးနိုင်တဲ့ အလားအလာနည်းတာဖြစ်ပါတယ်။ လုပ်ကိုင်ရတာလည်း လွယ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ နာမည်ရပြီးသာ ပစ္စည်းကို လုပ်ရတာကိုး။ ဘယ်လိုလုပ်ရကိုင်ရတယ်ဆိုတာ အခုမှ စတီထွင်ကြံဆနေရတာမျိုးမဟုတ်ပါဘူး။ ခွင်ရှိပြီးသားကို လွှဲပြောင်းဝယ်ယူလုပ်ကိုင်ရတာ ဖြစ်ပါတယ်။
    Franchising အယူအဆက ပေါ်နေတာကြာပါပြီ။ ဒါပေမဲ့ ၂၀ ရာစုနှောင်းပိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတယ်။ ဗဟိုကချည်း ဒိုင်ခံပြီး စီမံထုတ်လုပ်ရောင်းချနေတာမျိုးမဟုတ်ဘဲ အလားတူလုပ်ငန်းတွေကို လက်စွဲလုပ်ကိုင်ချင်တဲ့ ဆန္ဒတွေပေါ်လာလို့ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် စာရင်းဇယားအရ အမေရိကန်နိုင်ငံမှာ Franchising လုပ်ကိုင်တဲ့ အရေအတွက်ဟာ ၅၄၀,၀၀၀ ရှိပါတယ်။ ဒါဟာ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချိန်ပေါင်းရဲ့ ၆ ဒသမ ၅ မိနစ်တိုင်းမှာ Franchisingတစ်ခု ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
    Franchise လုပ်လို့အောင်မြင်မှုရတဲ့ အများသိ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းကတော့ Starbucks ဖြစ်တယ်။ ဒီကုမ္ပဏီဟာ ၁၉၇၁ ခုနှစ်မှာ စတိုးဆိုင်လေးတစ်ဆိုင်နဲ့ စတင်တည်ထောင်လုပ်ကိုင်ခဲ့ရာက Franchisingလုပ်တဲ့အတွက် ၂၀၀၆ ခုနှစ်ရောက်တော့ နိုင်ငံ ၃၇ နိုင်ငံရှိ နေရာပေါင်း ရှစ်ထောင်မှာ ဆိုင်ခွဲတွေ ဖွင့်လှစ်နိုင်ခဲ့ပြီး အမြတ်တွေလည်း ဒေါ်လာ သုံးဘီလီယံနီးပါး ရခဲ့ပါတယ်။


လက်တွေ့ဆောင်ရွက်ရန်
    Franchisingလုပ်ရာမှာ အကျုံးဝင်တဲ့ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းတွေရဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေကို ကျမသွားအောင် တစ်သမတ်တည်း ထိန်းထားပါ။ စားသုံးသူတွေ အမြဲယုံကြည်စိတ်ချ သဘောကျနေဖို့ ဖြစ်ပါတယ်။
    Franchisingလုပ်ထားတဲ့ နေရာတွေနဲ့ အနီးမှာကပ်ပြီး နောက်ထပ်Franchising တွေလုပ်မယ်ဆိုရင် ဇာတ်တူသားစား ဟင်္သာကိုးသောင်းပျက်ဆိုတဲ့ ကိန်းဆိုက်သွားနိုင်ပါတယ်။ အရောင်းအဝယ်ပါ ပျက်သွားနိုင်တယ်။ ဒီလိုလုပ်တာဟာ စီးပွားရေးကို တက်တက်ကြွကြွ ဆောင်ရွက်တာမျိုး ဖြစ်နိုင်ပါတယ်။ မကောင်းတဲ့ အကျိုးဆက်တွေကိုလည်း ထည့်တွက်သင့်ပါတယ်။
    သီးခြားလုပ်ပိုင်ခွင့်တွေ ပိုရှိသင့်တယ်။ ဒီလူတွေဟာ ငွေကို ရင်းနှီးမြှုပ်နှံထားတဲ့သူတွေ သက်သက်မျှသာဖြစ်တယ်လို့သဘောမထားသင့်ပါဘူး။ 
    Franchisingလုပ်ရာမှာ လုပ်ပိုင်ခွင့်ကို ဝယ်သူဖြစ်ဖြစ်၊ ရောင်းသူ ဖြစ်ဖြစ် အတွေ့အကြုံရှိသူတွေ၊ တရားဥပဒေကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်တယ်။ အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးကတော့ အလုပ်ဖြစ်မယ့် ကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းကို ရွေးတတ်ဖို့ပါပဲ။Franchising နဲ့ ပတ်သက်ပြီး သဘောတူရမယ့် အချက်အလက်အသေးစိတ်တွေကို ရှင်းရှင်းလင်းလင်းသိဖို့နဲ့ ပူးပေါင်းဆောင်ရွက်တတ်ဖို့ပါပဲ။

ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာ အယူအဆချက်များမှ ကူးယူးဖော်ပြသည်။

စီးပွားရေး

Open More Online

Related Posts