အမှိုက်ထုပ်သီအိုရီ

အမှိုက်ထုပ်သီအိုရီ – ဒီစာအုပ်လေးရဲ့ပထမဆုံးအခန်းမှာ စာဖတ်သူတွေကို အရမ်း အဖိုးတန်ပြီး ကျွန်တော့်အတွက် တကယ်အသုံးဝင်ခဲ့တဲ့ ပုံပြင်လေးတစ်ခု ပြောပြချင်ပါတယ်။ ဒီပုံပြင်လေးကို Kindspring.org ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကနေ ဖတ်ပြီးနောက်ပိုင်း လက်တွေ့အသုံးချရာကနေ အရမ်းကို အသုံးဝင်လို့ ခေါင်းထဲမှာ အမြဲစွဲနေခဲ့ပါတယ်။ ပုံပြင် လေးဆိုတာထက် အကြောင်းအရာလေးတစ်ခုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ အခု အရင်ဆုံး ဒီအကြောင်းအရာလေး ဖတ်ကြည့်ကြရအောင်။

သာသာယာယာရှိတဲ့ မနက်ခင်းတစ်ခုပါပဲ။ ကျွန်တော် လေဆိပ်ကို သွားဖို့ရှိတာကြောင့် တက္ကစီတစ်စီးကို ငှားလိုက်ပါတယ်။ တက္ကစီစထွက်ပြီး ခဏအကြာမှာတော့ လမ်းဘေးက ပါကင်ထိုးထားတဲ့ကားတွေထဲက တစ်စီးက ဝုန်းခနဲဆို အရှိန်ပြင်းပြင်းနဲ့ ကျွန်တော်တို့ကားရှေ့ကနေ မောင်းထွက်သွားပါတယ်။ ကျွန်တော့် တက္ကစီဆရာကလည်း ဘရိတ်ကို ချက်ချင်းနင်းလိုက်ရပြီး ပွတ်ကာ လွတ်သွားပါတယ်။ တကယ်တော့ ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ်က သွားနေတာပါ။ ရှေ့က ရုတ်တရက်မောင်းထွက်သွား တဲ့ကားက ရပ်ပြီးတော့တောင် ကျွန်တော်တို့ကားကို လှည့်ဆဲသွားပါသေးတယ်။ သူကလည်း မှားသေးတယ်၊ ဆဲလည်း ဆဲသွား တယ်ဆိုတော့ ကျွန်တော် တော်တော်လေးကို ဒေါသထွက်သွားပါတယ်။

ဒါပေမဲ့ အံ့သြစရာက ကျွန်တော့်ရဲ့ တက္ကစီဆရာပါ။ သူက ဒေါသမထွက်ဘဲ ရှေ့က ဒရိုင်ဘာကို ပြုံးတောင် ပြုံးပြလိုက်ပါသေးတယ်။ ကျွန်တော်လည်း အရမ်းသိချင်တာနဲ့ “သူ့ကားက ခင်ဗျား ကားကို ပျက်စီးသွားနိုင်စေသလို ကျွန်တော်တို့နှစ်ယောက်စလုံးလည်း ဆေးရုံရောက်သွားနိုင်တယ်နော်။ ဒါကို ခင်ဗျားက ဘာလို့ပြုံးနေနိုင် တာလဲ”လို့ မေးလိုက်မိပါတယ်။ အဲဒီအခိုက်အတန့်မှာပဲ ကျွန်တော့်ဘဝမှာ အရမ်းအသုံးဝင်လာမယ့် အမှိုက်ထုပ်သီအိုရီကို ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ အမှိုက်ထုပ်သီအိုရီဆိုတာ ကျွန်တော့်ဘာသာ နာမည်ပေးထားတာပါ။ သူ တကယ် ပြောပြခဲ့တာကတော့ ဒီလိုပါ။

ဒီလိုလူမျိုးတွေက တကယ်တော့ အမှိုက်ထုပ်တွေ အများကြီးတင်ထားတဲ့ အမှိုက်ကားနဲ့ တူတယ်ဗျ။ သူတို့မှာ အမှိုက်နဲ့တူတဲ့ စိတ်လေးစရာ ဒေါသတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်ပျက်မှုတွေနဲ့ ပြည့်နှက်နေတာ။ သူတို့ရဲ့အမှိုက်ပုံကြီးက ကြီးလာတဲ့အခါ သူတို့က အဲဒီအမှိုက်တွေကို သွန်ဖို့နေရာ လိုက်ရှာတတ်တယ်။ တစ်ခါတလေ ခင်များအပေါ်ကို အဲ့ဒီ အမှိုက်တွေ သွန်ချလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား မယူရင် ဘာမှမဖြစ်ဘူး။ ပြုံးပြသင့်ရင် ပြုံးပြလိုက်၊ မသိသလို နေသင့်တဲ့အခါ မသိသလိုနေလိုက်၊ သူတို့ကို စိတ်မဆိုးနဲ့။ ပြီးရင် ကိုယ့်ခရီး ကိုယ်ဆက်လျှောက်။ သူတို့အမှိုက်တွေကို ယူပြီး အခြားလူတွေဆီကို လက်ဆင့်ကမ်းမိစေနဲ့” လို့ တက္ကစီဆရာက တည်တည်ငြိမ်ငြိမ်ပဲ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ ကျွန်တော် လေဆိပ်ရောက်သွားပြီးနောက်ပိုင်း သူ့ရဲ့ အမှိုက်ထုပ်သီအိုရီအကြောင်းပဲ ဆက်လက်တွေးနေမိတော့တယ်။ ဒီနေ့အထိလည်း အဲဒီအမှိုက်ထုပ်သီအိုရီကို ကျင့် သုံးလျက်ရှိပြီး ကျွန်တော့်ဘဝ ပိုပြီးပျော်ရွှင်လာခဲ့ပါတယ်။

အထက်ပါအကြောင်းအရာလေးကတော့ ကျွန်တော် အွန်လိုင်းပေါ်မှာ ဖတ်ခဲ့မိတာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအကြောင်းအရာလေးထဲက တက္ကစီဆရာလို အရင်က မတွေးခဲ့ဖူးပါဘူး။ ကိုယ့်ကို အမှိုက်တွေ လာသွန်ချတဲ့အခါ ယူထားမိခဲ့ဖူးပါတယ်။ ဒေါသတွေကို ဒေါသတွေနဲ့ တုံ့ပြန်ခဲ့ဖူးပါတယ်။ ကိုယ့်မကောင်း ကြောင်း ပြောတဲ့သူတွေကိုလည်း စိတ်ထဲမှာ ထားခဲ့ဖူးပါတယ်။ အဲဒီလိုစိတ်တွေကြောင့်လည်း ပူလောင်ခဲ့ရဖူးပါတယ်။ တစ်ခါတလေ ကိုယ့်ကို တစ်စုံတစ်ယောက်က စိတ်အနှောင့်အယှက်ပေးသွားရင် တစ်ပတ်လောက် ကြာတဲ့အထိ စိတ်ထဲက ဖျောက်လို့မရ ဖြစ်တတ်ပါတယ်။ ကိုယ့်ကို လာပေးတဲ့အမှိုက်တွေကို မသိဘဲ ယူထားခဲ့မိတာပါ။

ဒီစာအုပ်လေးရဲ့ အခန်း(၁)မှာ ဒီအကြောင်းကို ရေးတာ အကြောင်းရှိပါတယ်။ လူတော်တော်များများ စိတ်ညစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းက သူများတွေဆီက အမှိုက်ထုပ်တွေကို ယူထားမိလို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်ခဲ့တဲ့အရာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှ အမှိုက်ထုပ်တွေ မယူမိအောင် တဖြည်းဖြည်း ကြိုးစားရာကနေ ပိုပြီးစိတ်ချမ်းသာလာတာဖြစ်ပါတယ်။ ကျွန်တော်၂၀၁၆ ခုနှစ် မေလက “သူ စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့” စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ပထမဆုံးစာအုပ်က အရမ်းအောင်ပြီး အကြိမ်ကြိမ် ထုတ်ဝေခဲ့ရပါတယ်။ လက်ရှိစာရေးနေချိန်မှာ အဲဒီစာအုပ်ထွက်တာ တစ်နှစ်ကျော်သွားပါပြီ။ City Mart ရဲ့ အရောင်းရဆုံးစာရင်းမှာ Top Ten အတွင်း တစ်နှစ်နီးပါး ရပ်တည်ခဲ့ပါတယ်။ အဲဒီလို စာအုပ်ထုတ်ထုတ်ချင်း အောင်မြင်တော့ ကျွန်တော် အဝေဖန်ခံခဲ့ရပါတယ်။ ဘာဝေဖန်လဲဆိုတော့ ကျွန်တော် ရေးတဲ့စာတွေက တစ်ရာဖိုး သုံးပုဒ်တွေတဲ့။ အရမ်းပေါတဲ့စာမျိုးတွေတဲ့။ စာအုပ်ကလည်း ပါးတယ်တဲ့။ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က ပြောလို့ သူတို့ ဝေဖန်ထားတဲ့ပို့စ်တွေကို ကြည့်ခဲ့မိတာပါ။ ကျွန်တော် မညာပါဘူး။ ကျွန်တော် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ပါတယ်။ “သူ စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့” စာအုပ်က ဘာသာပြန်ပုံပြင်လေးတွေ ပါသလို ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ထည့်သွင်းရေးထားတာပါ။ စာအုပ်လေးက အရမ်းတော့ မထူပါဘူး။ ဒါပေမဲ့ အဲဒီစာအုပ်လေးထဲက အတွေ့ အကြုံနဲ့ အသိတရားတွေဟာ နှစ်တွေနဲ့ ရင်းခဲ့ရတာပါ။ အဲဒီအချိန်က တစ်ခုခု ပြန်ပြောချင်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်တော် ဘာမှမပြောဘဲ သူ့ပို့စ်ကနေ ပြန်ထွက်လာနိုင်ခဲ့တယ်။ အဲဒီတုန်းက ဒီအမှိုက်ထုပ် သီအိုရီဆိုတာလည်း မဖတ်ဖူးသေးပါဘူး။ ပြန်ထွက်လာရခြင်း အကြောင်းအရင်းက –

  1. အဲဒီလိုလူတွေ ကျွန်တော့်ဘဝမှာ အများကြီး ကြုံခဲ့ဖူး ပါတယ်။ စေတနာအပြည့်ထားလည်း အပြစ်ပြောခံရခြင်းကနေ လွတ်ကင်းအောင်နေလို့မရဘူးဆိုတာ ကျွန်တော် သဘောပေါက်ပြီးနေပါပြီ။
  2. ဝေဖန်တာ မခံနိုင်ရင် အမြင့်ရောက်မှာ မဟုတ်ပါဘူး။
  3. သူလည်း လူသားတစ်ယောက်ပေမို့ သူ့အထင်အမြင်ကို လွတ်လပ်စွာ သူ့ Wall မှာ ရေးခွင့်ရှိပါတယ်။

အဲဒီအချက်တွေကြောင့် ကျွန်တော် ဘာမှမပြောဖြစ်ခဲ့ပါဘူး။ ကျွန်တော့်လုပ်ရပ်အတွက်လည်း ကျွန်တော် အရမ်း အားရမိပါတယ်။ မိမိ လိပ်ပြာသန့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တဲ့အတွက် လူတိုင်းကို လိုက်ရှင်းပြနေစရာ မလိုပါဘူး။ ဟိုးအရင် ၅ နှစ်လောက်က စိတ်မျိုးဆိုရင် တော့ ကျွန်တော် အဲဒီလိုတုံ့ပြန်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို မုန်းတဲ့သူတွေကို ကျွန်တော် အကောင်းဆုံး ပြန်လည်ရှင်းပြပြီး ဆက်ဆံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘဝမှာ ကျွန်တော် သင်ယူလိုက်ရတဲ့ အရာတစ်ခုက အချို့လူတွေက သင် ဘယ်လောက်ပဲ ကောင်းအောင် နေနေ သင် လုပ်သမျှကို အဆိုးပဲ မြင်နေတတ်တယ်ဆိုတဲ့ အချက်ပါပဲ။ အဲ့လိုလူမျိုးတွေကို ရှင်းပြနေလို့ကတော့ သင် ရှေ့ရောက်မှာ မဟုတ်ပါဘူး။ ရှင်းပြဖို့ တကယ်လိုအပ်လာတဲ့အခါ ရှင်းပြပြီး၊ မလိုအပ်တဲ့အခါမှာတော့ မသိမသာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်တတ်လာခဲ့ပါတယ်။

အချို့လူတွေက တကယ်တော့ အမှိုက်ထုပ်သီအိုရီလိုပဲ သူတို့ နေ့စဉ်ဘဝက မကျေနပ်မှု၊ မရောင့်ရဲမှု၊ လောဘ၊ ဒေါသ စတာတွေ ကို အခြားသူခေါင်းပေါ် ပုံချဖို့ အမြဲကြိုးစားတတ်ကြပါတယ်။ သင်သာ လက်ခံလိုက်လို့ကတော့ သင်လည်း အမှိုက်တွေနဲ့ နံစော်နေပါလိမ့်မယ်။ ဒါ့အပြင် သင်လည်း သင့်အမှိုက်တွေကို မနိုင်တော့တဲ့အခါ လက်ဆင့်ကမ်းပြီး အခြားသူခေါင်းပေါ် သွန်ချဖို့ ကြိုးစားကောင်း ကြိုးစားနိုင်ပါသေးတယ်။

လူသားပီပီ အမြဲတမ်းတော့ အမှိုက်တွေ မယူမိဖို့ ရှောင်ရှားနိုင်ချင်မှ ရှောင်ရှားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ သူများတွေရဲ့ အမှိုက်တွေကို မယူမိအောင် ကြိုးစားကြည့်ပါ။ သင့်ရဲ့ သာယာလှပဖွယ်ရာ ကောင်းနိုင်တဲ့ နေ့တစ်နေ့ကို အခြား သူတစ်ဦးရဲ့ စကားတစ်ခွန်းကြောင့် သင် အပျက်အစီးခံမှလား။ တစ်စုံတစ်ယောက်က စိတ်အနှောင့်အယှက်ဖြစ်ဖွယ် စကားတစ်ခွန်း ပြောလိုက်လို့ တစ်နေကုန် သင် စိတ်အနှောင့်အယှက်ဖြစ်ဖူးလား။ အဲဒါ သူများပေးတဲ့ အမှိုက်ကို သင် ယူခဲ့မိလို့ပါ။ ကိုယ်ကိုယ်တိုင် အမှိုက်မယူချင်သလို သူများကို အမှိုက်မပေးမိအောင်လည်း အမြဲကြိုးစားပါ။

ဒီနေ့ကစပြီး သင့်ရဲ့ နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက်ဖြစ် ဖွယ်ရာလေးတွေ ကြုံတိုင်း အပေါ်က အမှိုက်ထုပ်သီအိုရီလေးကို ပြန်စဉ်းစားပါ။ သင့်ကို စိတ်အနှောင့်အယှက်ပေးဖို့ ဝင်ရောက်လာတဲ့ အမှိုက်ထုပ်တွေကို သင် လက်ခံမှာလား။ သင့်ရဲ့ပျော်ရွှင်မှုအတွက် သင့်မှာပဲ အပြည့်အဝတာဝန်ရှိပါတယ်။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts