လောက သဘာဝတွေကို ဘယ်လိုခံယူ ကျင့်သုံးသင့်သလဲ

Universal truth ဆိုတာ ဘယ်နေရာ၊ ဘယ်ဒေသက ဘယ်လိုလူမျိုးအတွက်မဆို မှန်နေတဲ့ သဘာဝတရားတွေ ဖြစ်ပါတယ်။ အရှေ့အရပ်က နေထွက်သလိုမျိုးပေါ့။ ကျွန်တော်တို့ လူတွေအပါအဝင် သက်ရှိသတ္တဝါတိုင်းအတွက်လည်း အမြဲမှန်နေတဲ့ အရာတွေ ရှိတယ်။ တစ်နေ့ သေရမယ်၊ သေရင် ဘာပစ္စည်းဥစ္စာမှ ယူသွားလို့ မရဘူး၊ ဘယ်သူ့ကိုမှလည်း အတူခေါ်သွားလို့ မရဘူး စသဖြင့်။ ဒီလိုစကားတွေကို ဗုဒ္ဓဘာသာဝင်တွေ ကြားထဲမှာပဲ အပြောများပေမဲ့ တကယ်တော့ ဗုဒ္ဓကပဲ ရှာတွေ့ခဲ့တာတွေ မဟုတ်ဘူး။ နဂိုကတည်းကိုက ရှိနေတဲ့ သဘာဝတရားတွေ။ အဲ့လိုပဲ၊ ဗုဒ္ဓဘာသာဝင်တွေပဲ ကြုံရမှာ မဟုတ်ဘူး။ လူတိုင်း ကြုံကြရမှာ ဖြစ်ပါတယ်။ ဒီလိုတွေ ပြောတဲ့အခါ တချို့ကျ စိတ်ဆင်းရဲစရာ ကောင်းတယ်၊ ဘဝကို အဆိုးမြင်နေကြတယ်လို့ ထင်တယ်။ အထူးသဖြင့် လူငယ်၊ လူလတ်ပိုင်းတွေ။ ကျွန်တော့်ကိုလည်း လွန်ခဲ့တဲ့ ၂၀၁၉ – ၂၀၂၀ လောက်ကသာ ဒါတွေ လာပြောရင် ဒီလိုပဲ မြင်မိမှာပဲ။ အခုလို မတရား အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ လောကဓံရဲ့ အထုအထောင်းတွေ ခံခဲ့ရပြီးတဲ့နောက်မှာတော့ ကျွန်တော့်အမြင်တွေလည်း ပြောင်းသွားပါတယ်။ တချို့ကျတော့လည်း သေရင်လည်း ထားခဲ့ရမဲ့အတူတူ ဘာလို့ ကြိုးစားနေမလဲ၊ စုဆောင်းနေမလဲ ဆိုပြီး ကိုယ့်ရဲ့ ပျင်းရိမှု၊ အသုံးအဖြုန်း ကြီးမှုတွေကို ကာဗာယူတတ်ကြပြန်တယ်။ ဒါကြောင့် ဒီသဘာဝတရားတွေကို ဘယ်လိုခံယူကျင့်သုံး နေထိုင်သင့်သလဲ ဆိုတာကို မျှဝေလိုပါတယ်။

၁။ အိုခြင်းသဘောကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။

မနေ့ကနဲ့ ဒီနေ့ မှန်ထဲ ယှဉ်ကြည့်ရင် ဘာမှ ပြောင်းလဲမသွားဘူး ထင်ရပေမဲ့ မနှစ်ကနဲ့ ဒီနှစ်ဆိုရင်တော့ မတူတော့ဘူး။ ခေတ်တွေက တိုးတက်လာတော့ အသက် ၄၀-၅၀ လည်း နုနေ၊ လှနေအောင် ပြုပြင်လို့ ရလာတယ်။ သို့သော် အပြင်ပန်း အလှအပလောက်ပဲ တတ်နိုင်တာ။ အတွင်းထဲက ဆဲလ်တွေ၊ တစ်ရှူးတွေ၊ ကိုယ်တွင်းကလီစာတွေကတော့ တစ်နေ့တစ်ခြား အိုမင်းရင့်ရော်နေတာပဲ ဖြစ်ပါတယ်။ ဒါကို သဘောပေါက်သွားတဲ့အခါ ကိုယ့်ရဲ့ နုပျိုမှု၊ အလှအပအပေါ် မာန်မတက်တော့ဘူး။ ဥပမာ အက်ဆီးဒင့် ဖြစ်လို့ မျက်နှာပျက်စီးသွားတာလိုမျိုး မတော်တဆ ဒီအလှအပတွေ ထိခိုက်ခဲ့ရရင်လည်း ခံနိုင်ရည် ရှိသွားတယ်။ အသက်အရွယ် ရလာလို့ ယိုယွင်းလာတဲ့ ခန္ဓာကိုယ်၊ ထွက်လာတဲ့ ဆံပင်ဖြူ၊ ပျက်စီးလာတဲ့ အသားအရည်တွေကိုလည်း လက်ခံနိုင်သွားတယ်။ ကိုယ့်မိဘ၊ ကိုယ့်အဖိုးအဖွားတွေ အသက်အရွယ်ကြောင့် အသွားအလာ နှေးသွားတာ၊ သတိမေ့တတ်လာတာ စတာတွေကိုလည်း မငြိုငြင်တော့ဘူး။ ကိုယ်လည်း တစ်နေ့ ဒီလိုဖြစ်လာမယ် ဆိုတာ သိနေတာကိုး။ သို့သော် လူဆိုတာ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လာတဲ့အခါ၊ အဝတ်အစားကောင်းကောင်း ဝတ်ထားရတဲ့အခါ၊ အသားအရည် ကြည်လင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တက်လာတာပဲ။ ချောတာ၊ မချောတာထက် Personality ကောင်းခြင်းသည် အလုပ်မှာလည်း ပိုအဆင်ပြေစေတယ်။ ဆိုတော့ သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ရမယ်။ သန့်သန့်ရှင်းရှင်း နေထိုင်ရမယ်။ တစ်နေ့ အိုမှာပဲ ဆိုပြီး နေချင်သလို နေရမယ်လို့ မဟုတ်ဘူး။

၂။ နာခြင်းသဘောကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။

တကယ်တော့ ခေါင်းကိုက်၊ ခါးနာက စလို့ တခြားကြီးကြီးမားမား ရောဂါတွေလည်း အသက်အရွယ်မရွေး ဖြစ်နေနိုင်တာပဲ။ ဒါပေမဲ့ မေ့နေကြတယ်။ နောက်ပြီး ကိုယ့်ရဲ့ ကျန်းမာခြင်းအပေါ်မှာ မာန်တက်နေကြတယ်။ ငါက ကျန်းမာတယ်၊ တော်ရုံ ရောဂါမဖြစ်ဘူး၊ ဘယ်လို Fit ဖြစ်တာ စသဖြင့်ပေါ့။ အဲဒီအခါ ပေါ့ဆမိသွားတာမျိုး ဖြစ်တတ်တယ်။ ဥပမာ ကိုဗစ်ကာလမှာကိုပဲ အပြင်တွေ လျှောက်သွားနေတာ၊ လက်သေချာမဆေးတာ၊ Mask မတပ်တာလိုမျိုး။ အဲဒီကနေမှ ကိုယ့်အိမ်က လူကြီးသူမတွေဆီ ကူးစက်သွားတာတွေ ဖြစ်လာနိုင်တယ်။ နောက်ပြီး အဲ့လို မာန်တက်ခဲ့တဲ့အခါ တကယ်တမ်း နေထိုင်မကောင်း ဖြစ်လာပြီလည်း ဆိုရော၊ လက်မခံနိုင်တော့ဘူး။ ဘာကိစ္စ ဒီလိုတွေ နေမကောင်း ဖြစ်ရတာလဲ၊ ငါ့အချိန်တွေ ကုန်တယ်၊ အလုပ်တွေ ပျက်တယ် ဆိုပြီး ကိုယ့်ခန္ဓာကိုယ်ကိုပါ အပြစ်ပြန်တင်တတ်ကြသေးတာ။ ဒါကြောင့် နာခြင်းသဘောကို ငါမှ မဟုတ်ဘူး၊ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး ဆိုပြီး အမြဲနှလုံးသွင်းနေဖို့ လိုတယ်။ လူ့ခန္ဓာကိုယ်ကို စက်ပစ္စည်းတစ်ခုလို သဘောထားကြည့်လိုက်ရင် ဒီပစ္စည်းမှာ သက်တမ်း ပါလာတယ်။ ဘယ်နှနှစ် ခံမယ်ပေါ့။ အဲဒီသက်တမ်းအတိုင်း အပြည့်သုံးနိုင်ဖို့ဆို ဘယ်လို ဘယ်လို လုပ်ရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိတယ်။ ဘယ်နှနာရီ သုံးပြီးရင် ဘယ်လောက် အနားပြန်ပေးပါ၊ ဆီကို ဘယ်လိုထည့်ပါ၊ ရေကို ဘယ်လိုစစ်ပါ၊ ဒီလိုမျိုးတွေ တိတိကျကျ လုပ်ရင် စက်က သက်တမ်းပြည့် ခံတယ်။ ဒါကို လူအနေနဲ့ကျ Healthy lifestyle (ကျန်းမာတဲ့ လူနေမှုပုံစံ) လို့ ခေါ်တယ်။ ဒါကြောင့် တစ်နေ့ နာရမှာပဲ ဆိုပြီး စားချင်သလို စား၊ နေချင်သလို နေမယ် မဟုတ်ဘူး။ ကိုယ့်ဘက်ကတော့ ကိုယ့်ရဲ့ လူနေမှုပုံစံကို တတ်နိုင်သမျှ ပြုပြင်ရမယ်။ ထိန်းသိမ်းရမယ်။ သို့သော် နာခြင်းသဘောကို မလွန်ဆန်နိုင်တာမို့ နာဖျားမှုတွေ ဖြစ်လာတဲ့အခါမှာလည်း လက်သင့်ခံနိုင်ဖို့ လိုတယ်ပေါ့။

၃။ သေခြင်းသဘောကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။

ဒါလည်း အားလုံးသိတဲ့ကိစ္စပဲ။ သို့သော် မေ့နေကြတဲ့အခါ အရေးမပါတာတွေနဲ့ အချိန်ဖြုန်းမိတယ်။ အကျိုးရှိတာတွေ မလုပ်ဖြစ်တော့ဘူး။ ကိုယ်သာ မနက်ဖြန် သေရတော့မယ်ဆို ဒီနေ့ ကိုယ်လုပ်နေတာတွေကို လုပ်ဖြစ်ပါဦးမလား ဆိုပြီး စဉ်းစားကြည့်လိုက်ပါ။ တော်တော်များများကို လုပ်ချင်စိတ် မရှိ ဖြစ်သွားမယ်။ စကားတချို့ကို မပြောမိတော့ဘဲ ထိန်းနိုင်သွားလိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေကို အချိန်မဆိုင်းဘဲ လုပ်ဖြစ်သွားလိမ့်မယ်။ဒါကြောင့် တစ်နေ့ သေကြရမယ် ဆိုတဲ့စကားသည် စိတ်ဆင်းရဲအောင် ပြောတာ မဟုတ်ဘူး။ ကိုယ့်အချိန်တွေကို အကျိုးရှိရှိ သုံးဖြစ်အောင် တွန်းအားပေးတဲ့ စကားသာ ဖြစ်ပါတယ်။

၄။ ပစ္စည်းဥစ္စာတွေသည် မတည်မြဲခြင်းသဘော ရှိတယ်။

အနိစ္စ ဆိုတာကလည်း လူကို ကြိုးစားချင်စိတ် မရှိတော့အောင် ပြောနေတာမျိုး မဟုတ်ဘူး။ သမ္မာအာဇီဝနဲ့ စီးပွားရှာချင်အောင်၊ စိတ်အေးချမ်းအောင် သင်ပေးနေတာပဲ ဖြစ်တယ်။မမြဲတဲ့ အရာတစ်ခုအတွက် မဟုတ်တဲ့နည်းနဲ့ စီးပွားမရှာချင်တော့ဘူး။ ကိုယ့်ကြောင့် ဘယ်သူမှ မျက်ရည်ပေါက်ကြီးငယ် မကျရတော့ဘူး။ ရထားပြီးရင်လည်း အတင်း ဆုပ်ကိုင်ထားပြီး ကပ်စေးနည်းမနေတော့ဘူး။ ပေးသင့်တာ ပေး၊ လှူသင့်တာ လှူ၊ စွန့်သင့်တာ စွန့်တယ်။ မတော်တဆ ပျက်စီးဆုံးရှုံးရရင်လည်း ခံနိုင်ရည် ရှိတယ်။ ဒီအတွက် အနိစ္စသဘောကို နှလုံးသွင်းထားရတာ ဖြစ်ပါတယ်။ လောကဓံတရား အကောင်း ၄ ပါးဆိုလည်း ဒီလိုပဲ။ ချမ်းသာခြင်း၊ လာဘ်လာဘ ပေါခြင်း၊ အခြွေအရံ များခြင်း၊ ချီးမွမ်းခံရခြင်း ဆိုတဲ့ အကောင်းတရားတွေသည် လူကို ပျက်စီးစေတယ်။ ဘာလို့ဆိုတော့ ဒါတွေကို လိုချင်တဲ့အတွက် လူက မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားမိတတ်တယ်။ ရလာတဲ့အခါ မာန်တက်တယ်။ ဘဝင်မြင့်တယ်။ ဆုံးရှုံးသွားတဲ့အခါ သောကများရတယ်။မမြဲခြင်းသဘောကို နှလုံးသွင်းထားရင် ရိုးရိုးသားသားပဲ ကြိုးစားမယ်။ တမင်လူအထင်ကြီးအောင်၊ လေးစားအောင် ဟန်မဆောင်တော့ဘူး။ နာမည်ကြီးလာလို့လည်း မာန်မတက်၊ အောက်ခြေမလွတ်တော့ဘူး။ ဘယ်သူ့ကိုမဆို လေးလေးစားစား ဆက်ဆံတတ်လာမယ်။ ဒါတွေ မရှိတော့ရင်လည်း အေးအေးဆေးဆေးပဲ ဆက်နေနိုင်သွားမယ်။ ဒါသည် အနိစ္စက သင်ပေးတဲ့ ဘဝနေနည်းပဲ။

၅။ လူတိုင်းသည် တစ်နေ့ခွဲခွာကြရမှာ ဖြစ်တယ်။

ကျွန်တော်တို့အားလုံးဟာ ကိုယ့်လမ်းကိုယ်သွားနေကြရင်း လမ်းဆုံမှာ အခိုက်အတန့်သဘော တွေ့ဆုံကြတဲ့သူတွေသာ ဖြစ်ပါတယ်။ ဆိုတာ့ တွေ့တုန်း၊ ဆုံတုန်းခဏ တစ်ယောက်ကိုတစ်ယောက် အဆင်ပြေအောင် ဘယ်လိုဆက်ဆံပေးမလဲ ဆိုပြီး သဘောထားပေးနိုင်ကြရင် အတော်ကောင်းမယ်။ ဒါဆို တစ်နေ့ ခွဲခွာရတဲ့အခါ နောင်တ ရမနေရတော့ဘူးပေါ့။နောက်တစ်ချက်က လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တူကြတာ မဟုတ်ဘူး။ ကိုယ်တစ်ယောက်တည်းတောင် အမျိုးမျိုး ပြောင်းလဲနေတာ။ ဒါကြောင့် ဆက်ဆံရေးတွေ အဆင်ပြေဖို့အတွက် အဓိကအကျဆုံးက သူရော ကိုယ်ပါ အဆင်ပြေမဲ့ Common ground တစ်ခုကို ရှာဖွေနိုင်ဖို့ပဲ။ဥပမာ ယောက်ျားဖြစ်သူက ဆေးလိပ်ကြိုက်တယ် ဆိုပါတော့။ ဖြတ်ပါ ဘယ်လိုပြောပြော မရဘူး။ ဒါကို အတင်းဖိပြောနေရင် သူလည်း စိတ်ဆင်းရဲတယ်၊ ကိုယ်လည်း စိတ်ဆင်းရဲတယ်။ အဲ့တော့ သောက်ချင်သောက်၊ အိမ်ထဲမှာတော့ မသောက်နဲ့၊ ကလေးတွေနားမှာ မသောက်နဲ့ ဆိုတာမျိုး မျှခြေအဖြေတစ်ခုကို ရှာနိုင်ဖို့ လိုတယ်။ သူ မပြောင်းလဲနိုင်တာကိုလည်း အတင်းမပြောင်းလဲခိုင်းနဲ့၊ ကိုယ့်အတွက် အဆင်ပြေနိုင်လောက်မဲ့ အနေအထားတစ်ခုကိုလည်း တောင်းဆို၊ Boundary ကန့်သတ်။ ဒါမှသာ အဆင်ပြေလိမ့်မယ်။ မဟုတ်ရင်တော့ တစ်ချိန်လုံး စိတ်ဆင်းရဲနေရပြီး နောင်တရလောက်စရာ စကားတွေ၊ လုပ်ရပ်တွေကိုပဲ ပြောမိ၊ လုပ်မိနေကြပါလိမ့်မယ်။

အခု ပြောခဲ့တာတွေက တကယ်တော့ ယောနိသော မနသိကာရ လို့ခေါ်တဲ့ မှန်ကန်စွာ နှလုံးသွင်းခြင်းပါ။ လောက သဘာဝတွေဖြစ်လို့ ဒါတွေကို စိတ်ဆင်းရဲစရာ ကောင်းတယ်ဆိုပြီးလည်း လျစ်လျူရှုမထားနဲ့။ တစ်နေ့ ကြုံရတဲ့အခါ ခံနိုင်ရည်မရှိ ဖြစ်နေလိမ့်မယ်။ အိုလာမှာပဲလေ ဆိုပြီး မပြင်မဆင် နေမယ်၊ ထားခဲ့ရမှာပဲလေ ဆိုပြီး မကြိုးစားဘဲ နေမယ်၊ ဒါမျိုးလည်း လုပ်လို့မှ မရတာ။ ဒါကြောင့် ဒီသဘာဝတရားတွေကို မှန်မှန်ကန်ကန် နှလုံးသွင်းပြီး ကိုယ့်ရဲ့ ဘဝကို တန်ဖိုးရှိအောင်၊ ပြည့်စုံအောင်၊ အေးချမ်းအောင် တည်ဆောက်နိုင်ကြစေချင်ပါတယ်။

လောက သဘာဝတွေကို ဘယ်လိုခံယူ ကျင့်သုံးသင့်သလဲ အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

openmoreonline

Related Posts