ဦးပိန်တံတား

အင်းဝရွှေမြို့တော်ကြီးမှသည် ဦးပိန်တံတားဆီသို့

ဦးပိန်တံတားဟု နာမည်ကျော်သည့် ကမ္ဘာ့အရှည်ဆုံး ကျွန်းတံတားကြီးကို မြန်မာသက္ကရာဇ် ၁၀၂၉ ခုနှစ် ခရစ်နှစ် ၁၈၄၉ ခုနှစ်တွင် မြို့ဝန်ဘိုင်ဆပ်နှင့် မြို့ဝန်စာရေးမောင်ပိန်တို့မှ ဦးစီး၍ တည်ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ အဆိုပါတံတားကြီးသည် အရှည်ပေ (၄၀၀၀) နီးပါးရှည်၍ ကမ္ဘာစံချိန်တင် အရှည်ဆုံး ကျွန်းတံတားကြီးအဖြစ် ယနေ့ မြန်မာတို့ဂုဏ်ယူရသော သမိုင်းအမွေအနှစ် တစ်ခုလည်းဖြစ်ပါသည်။

အဆိုပါကျွန်းတံတားကြီးကို ပုဂံမင်းလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ပုဂံမင်းသည် မြန်မာရာဇဝင်တွင် တိုင်းရေးပြည်ရေးကို စိတ်ဝင်စားမှုမရှိ၊ လောင်းကစားဝိုင်း၊ ကြက်ဝိုင်း၊ အရက်ဝိုင်းတွင်သာ အချိန်ကုန်နေတတ်သူဖြစ်၍ တိုင်းရေးပြည်ရေးအားလုံးကို လွှတ်တော်သို့လွှဲအပ်ထားပြီး ၎င်းမှ လောကီစည်းစိမ်ကိုသာ အပြည့်အဝခံစား၍ နေထိုင်သူ ဖြစ်ပါသည်။ ၎င်းမင်းလက်ထက်တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲကြီးဖြစ်ပွားခဲ့ပြီး အောက်မြန်မာနိုင်ငံကို လုံးဝ စွန့်လွှတ်လိုက်ရပါသည်။

လောင်းကစားဝါသနာပါသော ထိုပုဂံမင်းလက်ထက်တွင် အိမ်တော်ပါငယ်ကျွန်ဖြစ်သည့် ကုလားဘိုင်ဆပ်သည် ပုဂံမင်း မင်းမဖြစ်ခင်ကတည်းကပင် အနီးကပ်နေထိုင်သူဖြစ်၍ မင်းအလိုကို သိရှိသောကြောင့် အမျိုးမျိုးသော လောင်းကစားပွဲများ၊ ထူးထူးဆန်းဆန်းများကို အစဉ်အမြဲ ဖန်တီးပေးတတ်သူဖြစ်သဖြင့် ဘုရင်၏ ယုံကြည်ခြင်းကို အထူးရရှိကာ ပုဂံမင်းမှ မင်းနေပြည်တော် အမရပူရမြို့ဝန်ကြီးအဖြစ် ရာထူးပေးခြင်းခံခဲ့ရသူ ဖြစ်ပါသည်။ ထိုအချိန်တွင် ဦးပိန်တံတားကြီး၏ပဲ့ကိုင်ရှင် သူ​ဌေးကြီးဦးပိန်မှာ မြို့ဝန်စာရေးဖြစ်ပါသည်။

မြို့ဝန်ဘိုင်ဆပ်နှင့်မြို့ဝန်စာရေး မောင်ပိန်တို့မှာ မင်းတရားကြီး၏ အထူးယုံကြည်ကိုးစားခြင်းကို ခံရသူများဖြစ်သဖြင့် နန်းမြို့ပေါ်တွင် ထင်တိုင်းကြဲနေကြတော့လေသည်။ တစ်နေ့တွင် မြို့ဝန်ဘိုင်ဆပ်နှင့် မောင်ပိန်တို့သည် အင်းဝရွှေနန်းတော်ဟောင်းကြီးမှ ကျွန်းတိုင်ကြီးများအား မျက်စိကျကာ တောင်သမန်အင်းကြီးကို ဟိုဖက်ဒီဖက် တံတားကြီးထိုးရန် အကြံရသဖြင့် ပုဂံမင်းထံလျှောက်ထား၍ နောင်တစ်ချိန်တွင် ဦးပိန်တံတားဟု နာမည်တွင်တော့မည့် ကမ္ဘာကျော်တံတားကြီးကို မြန်မာသက္ကရာဇ်၁၂၀၉ ခုနှစ် ခရစ်နှစ် ၁၈၄၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ အဆိုပါတံတားကြီးကို တည်ဆောက်ရန်အတွက် စာရေးမောင်ပိန်သည် အင်းဝရွှေနန်တော်ဟောင်းကြီးအား ဖျက်ကာ ၎င်းမှရရှိသော သစ်များဖြင့် ဦးပိန်တံတားကြီးကို တည်ဆောက်ခဲ့ပြီး ၁၈၅၁ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။

တံတားကြီးပြီးစီးသွားပြီးနောက် နန်းတော်ဟောင်းမှပိုသော ကျွန်းသစ်တိုင်ကြီးများကို အသုံးချကာ မြို့ဝန်စာရေးမောင်ပိန်မှသည် သူဌေးကြီးဦးပိန်ဘဝသို့ ရောက်ရှိသွားလေတော့သည်။ ထို့နောက် မြို့ဝန်ဘိုင်ဆပ်နှင့် စာရေးဦးပိန်တို့သည် ပုဂံမင်းမှ မြှောက်စားသည့်အလျှောက် မင်းတရားကြီးအားဆက်သရန် မြေအောက်သတ္တဝါများအား ရှာဖွေဆက်သမည်ဟုလျှောက်ထားသည်ကိုလည်း ပုဂံမင်းမှခွင့်ပြုသဖြင့် ရွှေမြို့တော်အတွင်းရှိ သူဌေးကြီးများ မင်းမှုထမ်းကြီးများတို့၏ အိမ်ခြံဝင်းအတွင်း မြေအောက်ကောင်များ ရှာဖွေခြင်းကို အကြောင်းပြကာ တူးဆွရှာဖွေ၍ မြှုတ်နှံထားသည့် ရတနာများအား သိမ်းပိုက်ကြပြန်သည်။

နန်းတော်မှာ အာဏာကြီးလာသည့် မြို့ဝန်ဆရာတပည့်ရဲ့ သောင်းကျန်းမှုသတင်းများသည် ပုဂံမင်းဆီကို တဖြည်းဖြည်းချင်း ရောက်ရှိသွားပြီး ၎င်းအချိန်တွင် မြို့ဝန်ဆရာတပည့်သည် မင်းတရားကြီး၏ မိဖုရားများနေထိုင်သည့် အနောက်ဆောင် (မည်သည့်ယောက်ျားမှ ဝင်ခွင့်မရှိသောအဆောင်) အား အတင်းဝင်ရောက်ခဲ့သည့် ပြဿနာပေါ်ပေါက်လာသဖြင့် ပုဂံမင်းလည်း မြို့ဝန်ဘိုင်ဆပ်နှင့် စာရေးမောင်ပိန်တို့အား ရာထူးမှချကာ တံကျဉ်ထိုး (တံကျဉ်ဟုခေါ်သည့် စို့ကြီးအား စအိုမှ ပါးစပ်အထိ (၇)ရက်ကြာအောင် ဖြည်းဖြည်းချင်း ထိုးသွင်းရသည့် ရှေးရာဇဝတ်သားကြီးများအား သတ်သည့်နည်း)သတ်စေရန် အမိန့်ချ၍ ကွပ်မျက်လိုက်ပါသည်။ မည်သို့ပင်ဆိုစေကာမူ မြို့ဝန်ဘိုင်ဆပ်နှင့် မြို့ဝန်စာရေးဦးပိန်တို့ကြောင့်ပင် ယနေ့မြန်မာနိုင်ငံတွင် ရှေးအမွေအနှစ်အဖြစ် ရွှေနန်းတော်တိုင်များဖြင့် တည်ဆောက်ထားသည့် ကမ္ဘာအရှည်ဆုံး ကျွန်းသစ်တံတားကြီးကို ပိုင်ဆိုင်ခဲ့ရခြင်း ဖြစ်ပါသည်။

ဦးနတ်ရဲ

Related Posts