ဒုက္ခအခက်အခဲဟာ လူကိုပြောင်းလဲစေတယ်

ဒုက္ခအခက်အခဲဟာ လူကို ပြောင်းလဲစေတယ်

၁၅ နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ နေ့စဉ် ကျောင်းကပြန်လာတိုင်း သူ့အဖေကို ညည်းညူပြလေ့ရှိပါတယ်။ အဖေတစ်ခု သမီးတစ်ခုဆိုတော့ တိုင်တည်စရာဆိုလို့ ဒီအဖေတစ်ယောက်ပဲရှိတာကိုး။ “အဖေရယ် ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေကလည်း များလိုက်တာ။ ဒီညမပြီးရင် ဆရာမဆူပြီး ဒဏ်ပေးတော့မှာပဲ”။ နောက်တစ်နေ့ကျ ပြန်ရင် “အဖေရယ် ကျောင်းကိုသွားတာ ဘတ်စ်ကားတွေကလည်း ကျပ်လိုက်တာ။ ကျောင်းတောင် မတက်ချင်တော့ဘူး”။ တစ်ခါတစ်လေကျပြန်ရင်လည်း “ရာသီဥတုကလည်း ပူလိုက်တာ။ လူ့လောကကြီးဟာ နေချင်စရာတောင် မကောင်းတော့ဘူး” စသဖြင့် နေ့တိုင်း ညည်းနေတော့တာပဲ။

သမီးလေးနေ့တိုင်းညည်းနေတာကြားနေတဲ့အဖေဟာ စိုးရိမ်လာတယ် သူ့သမီးလေးကို ဘယ်လိုဖြောင့်ဖြရမလဲဆိုတာ စဉ်းစားတယ်။ တစ်နေ့ သူ့သမီးကျောင်းက ပြန်လာချိန်မှာ အဖေက သမီးကို မီးဖိုခန်းထဲခေါ်လိုက်တယ်။ သမီးက မီးဖိုခန်းထဲဝင်သွားတော့ မီးဖိုသုံးဖိုပေါ်မှာ ရေနွေးအိုးတစ်အိုးစီကို ရေဖြည့်ပြီးတင်ထားတာ တွေ့ရတယ်။ အဖေက “သမီး ဟောဒီမှာကြည့် ဒါဘာလဲ”။ သမီးက “အဲဒါ အာလူးပေါ့အဖေရဲ့”။ အဖေက အာလူးကြီးတစ်လုံးကို ပထမဆုံးရေနွေးအိုးထဲ ထည့်လိုက်ပါတယ်။ နောက်တစ်ခါ အဖေက မေးပြန်တယ်။ “သမီး ဒါကရော”တဲ့။ သမီးက “အဖေကလဲ ဘာတွေမေးနေတာလဲ။ အဲ့ဒါ ကြက်ဥပေါ့” တဲ့။ အဖေက ကြက်ဥတစ်လုံးကို ဒုတိယရေနွေးအိုးထဲ အသာလေး ထည့်လိုက်ပြန်ပါတယ်။ 

နောက်ဆုံးမှာ ဒါဘာလဲဆိုပြီးမေးပြန်တော့ သမီးလည်း စိတ်တိုတိုနဲ့ ပြန်ပြောလိုက်ပါတယ်။ “အဖေလည်း ရူးနေပြီထင်တယ်။ ကော်ဖီစေ့ပုလင်းကြီးကိုင်ပြီး ဘာတေ လျောက်မေးနေတာလဲ။ သမီးစိတ်တိုလာပြီ။ ငိုလိုက်မှာနော်”။ အဖေကလည်း “သမီးလေးရယ် မငိုလိုက်ပါနဲ့နော်။ အဖေပြချင်တာရှိလို့ ခဏလေး သည်းခံကြည့်နေပါနော်” လို့ ချော့ပြောရင်း သူကိုင်ထားတဲ့ ပုလင်းထဲက ကော်ဖီစေ့လေးဇွန်းကို ဇွန်းနဲ့ခပ်ပြီး တတိယရေနွေးအိုးထဲကို ထည့် အသာလေး မွှေလိုက်ပါတယ်။ ပြီးတာနဲ့ အဖေလုပ်သူဟာ ရေနွေးသုံးအိုးစလုံးကို အဖုံးပိတ်ပြီး မီးစတင်မွှေးလိုက်ပါတယ်။ သမီးလေးက တဖျစ်တောက်တောက်နဲ့ အဖေကို ဘာတွေလုပ်နေမှန်းလည်း မသိဘူး ဆိုပြီး ဆူလိုက်ပူလိုက် လုပ်နေတယ်။ အဖေကလည်း သမီးကို ချော့မော့နေရပါတယ်။ 

အိုးတွေအားလုံးထဲက ရေတွေတဖြည်းဖြည်း ပူလာနေတယ်။ မိနစ်၂၀ လောက်ကြာတော့ အိုးအားလုံးက ရေတွေလည်း ဆူလာတယ်။ အဖေက ပထမဆုံးရေနွေးအိုးထဲက အာလူးကိုဆယ်လိုက်ပြီး မေးပါတယ်။ အခု အာလူး ဘယ်လိုဖြစ်သွားပြီလဲတဲ့။ သမီးက အာလူးဟာ ပျော့အိသွားပြီလို့ပြောတယ်။ နောက်တစ်ခါ ကြက်ဥရော ဘယ်လိုဖြစ်သွားသလဲ မေးပြန်တယ်။ သမီးကကြက်ဥဟာ အခုတော့ မာသွားပြီပေါ့တဲ့။ အဖေက နောက်ဆုံးအိုးကို ဖွင့်လိုက်ပြီး ကော်ဖီစေ့ထည့်ထားတာ အခုမှာ ဘာတွေ့သလဲတဲ့။ သမီးက ကော်ဖိတွေ ဖြစ်သွားပြီတဲ့။ အရသာ မြည်းကြည့်လိုက်တော့ အရမ်းမွှေး၊ အရသာအရမ်းကောင်းတဲ့ကော်ဖီ ဖြစ်နေတာကို သိလိုက်ရတယ်။ 

အဲဒီတော့မှ အဖေကို ခုလိုပြောပြတယ်။ “အာလူးရယ်၊ ကြက်ဥရယ်၊ ကော်ဖီစေ့တွေအားလုံးကို အပူချိန်တူတူနဲ့ ရေနွေးထဲထည့်လိုက်တာပါ။ အခုကြည့်စမ်း၊ အရင်ကမာတယ်ဆိုတဲ့ အာလူးဟာ ပျော့သွားပြီ။ အရင်ကဖိကိုင်လိုက်ရင် ကွဲသွားနိုင်တဲ့ကြက်ဥကျတော့ မာသွားပြီ။ ကော်ဖီစေ့တွေ ကျတော့လည်း အရင်က ကိုက်စားလိုက်ရင် ခါးလိုက်တာ၊ ကော်ဖီအရည်ဖြစ်ပြီးအခုတော့ မွှေးလိုက်တာနော်”

“သမီး လူ့လောကကြီးမှာ ဒုက္ခအခက်အခဲဆိုတာ ရှောင်လွှဲလို့မရဘူး။ အမြဲတွေ့နေမှာပဲ။ အခက်အခဲဆိုတာနဲ့ ရင်ဆိုင်ရပြီး တချို့ဟာ စိတ်ဓာတ်မာကျော ကြံ့ခိုင်သွားကြတယ်။ တချို့ကျတော့လည်း ဘဝကို အရှုံးပေးလိုက်တဲ့ လူပျော့လူညံ့တွေ ဖြစ်သွားကြတယ်။ တချို့ကျပြန်တော့ ပတ်ဝန်းကျင်က ချစ်ခင်လေးစားရတဲ့လူ ဖြစ်သွားကြတယ်။ အဲဒီတော့ သမီးလေးက ဘယ်လိုလူဖြစ်ချင်လဲဆိုတာ စဉ်းစားပေါ့။ ကဲ သမီးလေးလည်း ထမင်းဆာရောပေါ့။ ထမင်းစားကြရအောင်” တဲ့။ 

ဒုက္ခအခက်အခဲတွေ ကြုံလာရင် သင်ဘယ်လိုတုံ့ပြန်မလဲ။ အာလူးလို ပျော့သွားချင်သလား၊ ကြက်ဥလိုမာသွားချင်သလား၊ ကော်ဖီလို သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲသွားစေချင်သလား။ သင်ဖြစ်လိုတာ သင့်စိတ်ပေါ်မှာပဲ မူတည်ပါတ‌ယ်။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထာပါသည်။

OpenYourBusinessOnline

ဘဝနေနည်း 

Related Posts