အကြောက်တရားကိုဘယ်လိုကျော်လွှားမလဲ

အကြောက်တရားကို ဘယ်လို ကျော်လွှားမလဲ

တစ်နေ့မှာ ရာဇဝတ်မှုကျူးလွန်တဲ့ လူတစ်ယောက်ကို ဘုရင့်စစ်သည်တော်တွေက ဖမ်းဆီးပြီး ဘုရင့်ရှေ့တော်မှောက်ကို ခေါ်လာကြတယ်။ ဘုရင်က သူ့ကို စစ်ဆေးမေးမြန်းတဲ့ အချိန်မှာ သူက ရာဇဝတ်မှုကျူးလွန်ကြောင်း ဝန်ခံတယ်။ ဒီတော့ဘုရင်က သူ့ကို သေဒဏ်အမိန့် ချမှတ်လိုက်တယ်။ ဒါပေမယ့်ဘုရင်က သူ့ကိုရွေးချယ်စရာ နှစ်ခုပေးလိုက်ပါတယ်။ ကြိုးပေးကွပ်မျက်တာကို ခံမလား၊ ဒါမှမဟုတ် သံတိုင်အတုတ်ကြီးတွေနဲ့ ကာထားပြီး မှောင်မိုက်နေတဲ့ အခန်းကြီးထဲကို ဝင်မလား။ ကြိုက်တာကို ရွေးလို့ရတယ်တဲ့။ 

ရာဇဝတ်သားဟာ ကြိုးပေးကွပ်မျက်တာကို ခံဖို့ရွေးလိုက်တယ်။ ဒါကြောင့် စစ်သည်တော်တွေဟာ သူ့ကို ကြိုးစင်ပေါ်ကို ခေါ်သွားတယ်။ ကြိုးစင်ပေါ်မှာ သူ့လည်ပင်းကို ကြိုးကွင်းစွပ်ပြီးပြီ။ မျက်နှာကို အဝတ်စည်းခါနီးမှာ ရာဇဝတ်သားက အနားမှာလာကြည့်နေတဲ့ ဘုရင်ကို ခုလိုပြောလိုက်ပါတယ်။ 

အရှင်၊ အဲ့ဒီ မှောင်နေတဲ့ အခန်းကြီးထဲမှာ ဘာရှိသလဲဆိုတာ သိချင်လို့ ပြောပြပေးပါ။ ကျွန်တော် အခုပဲ သေရတော့မှာမို့ ဘယ်သူ့ကိုမှလဲ ပြန်ပြောလို့မရပါဘူး။ ကျွန်တော် သိပ်သိချင်လွန်းလို့ပါ။ ကျွန်တော် အသေဖြောင့်အောင် ပြောပြပေးပါအရှင်

ဘုရင်က ခဏစဉ်းစားလိုက်ပြီး အခုလို ပြန်ပြောလိုက်တယ်။ 

လွတ်မြောက်ခြင်း။ မင်းအဲဒီအခန်းထဲကို ဝင်လိုက်ရင် မင်းသေဒဏ်က လွတ်မြောက်ပြီး လွတ်လပ်ရာကို ထွက်သွားနိုင်ပြီ။ မင်းအရင်က လူတွေအားလုံးလည်း ကြိုးပေးဖို့ကိုပဲ ရွေးချယ်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့အားလုံးဟာ မမြင်ရတာကို ကြောက်နေကြတာကိုး. . .

ဒါလေးဟာ ပုံပြင်ဆိုပေမယ့် အကြောက်တရားနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖော်သွားတာပါ။ ကျွန်တော်တို့ဟာ အမှောင်ထုကို ကြောက်ကြတယ်။ အမှောင်ထုထဲမှာ ဘာရှိတယ်ဆိုတာ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်လို့ ကြောက်စရာဘာမှမရှိဘူးဆိုရင် ကြောက်ပါအုံးမလား။ ဒါက အမှောင်ထုကို ကြောက်တာပါ။ 

နောက်ထပ် အများကြားဖူးကြတဲ့ ပုံပြင်လေးတစ်ခုရှိပါသေးတယ်။ လူတစ်ယောက်ဟာ တောရွာတစ်ခုကို အလည်ရောက်သွားတယ်။ အဲဒီမှာ ဆင်အကြီးကြီးတွေရဲ့ ခြေထောက်တွေမှာ လျှော်ကြိုးတွေနဲ့ ချည်ထားတာကို တွေ့ရတယ်။ ဆင်တွေဟာ တစ်ချက်လောက် ရုန်းလိုက်ရင်ပဲဖြစ်ဖြစ်၊ ပြေးလိုက်ရင်ဖြစ်ဖြစ် လျှော်ကြိုးတွေဟာ ပြတ်ထွက်သွားမှာ သေချာပါတယ်။ ဒါပေမယ့်ဆင်တွေဟာ ရုန်းလည်းမရုန်း၊ ပြေးလည်းမပြေးကြပါဘူး။ အဲဒါဟာ ထူးဆန်းလွန်းလို့အဲဒီလူက ဆင်ထိန်းကို ဘာကြောင့်လဲလို့ မေးကြည့်လိုက်တယ်။ 

ဆင်ထိန်းက ပြောပြတယ်။ ဆင်တွေဟာ မွေးစကတည်းက သူတို့အမေတွေစီက ယူလာပြီး သံကြိုးအကြီးကြီးတွေကို ခြေထောက်မှာချည်ထားပြီး သံကြိုးအဆုံးကိုမြေကြီးမှာ ခိုင်ခိုင်မြဲမြဲစိုက်ထားတဲ့ ငုတ်တိုင်တွေမှာ ချည်ထားလိုက်တယ်။ ဆင်လေးတွေဟာ သူတို့အမေရှိရာကို ပြေးသွားကြတယ်။ ဒါပေမယ့် သံကြိုးကြီးကြောင့် သူတို့ မရုန်းနိုင်ကြဘူး။ သူတို့ရုန်းလေ သူတို့‌ခြေထောက်တွေ နာကျင်လွန်းပြီး သွေးတွေထွက်လာတယ်။ ကြာတော့ ဆင်လေးတွေဟာ မရုန်းရဲကြတော့ဘူး။ ရုန်းရင်လည်း လွတ်မှာမဟုတ်ဘူး ဆိုတာကိုလည်း သိနေကြလို့ပါ။ ဆင်လေးတွေ ကြီးလာတဲ့အခါ ပိုသေတဲ့ သံကြိုးနဲ့ချည်တယ်။ ဆင်ကြီး ဖြစ်လာတဲ့အခါ လျှော်ကြိုးနဲ့ပဲ ချည်တော့တယ်တဲ့။ 

ဆင်ကြီးတွေဘာကြောင့် လျှော်ကြိုးတွေကို ရုန်းပြီးမပြေးကြတာလဲ။ သူတို့ငယ်ငယ်က သံကြိုးကို ရုန်းလို့နာကျင်တဲ့ ဝေဒနာမျိုးခံစားရမှာကို ကြောက်လို့ပါ။ သူတို့ဟာ အခု သူတို့ခြေထောက်ကို ချည်ထားတဲ့ လျှော်ကြိုးကို ငယ်ငယ်ကအချည်ခံရတဲ့ သံကြိုးကြီးတွေလိုပဲ ထင်နေကြတယ်။ သနားစရာပါ။ 

ပုံပြင်ရဲ့နောက်ဆက်တွဲက ပိုပြီးတောင်စိတ်မကောင်းစရာပါ။ အဲဒီလူရောက်သွားတဲ့ရွာဟာ တစ်ရက်မှာ မီးလောင်တယ်။ မီးဟာကြီးလာပြီး တစ်ရွာလုံးက အိမ်တွေကို ကူးစက်သွားတယ်။ မီးကို မငြိမ်းသက်နိုင်တာကြောင့် ရွာထဲကလူတွေဟာ ကိုယ်လွတ်ရုန်း ထွက်ပြေးကြရတယ်။ မီးငြိမ်းသွားတဲ့အခါမှာ ရွာသားတွေ ရွာထဲပြန်ဝင်လာကြတော့ ဆင်တွေအားလုံး မီးခိုးမွှန်ပြီး သေဆုံးနေတာကို တွေ့ရတယ်။ သူတို့ခြေထောက်တွေမှာ လျှော်ကြိုးတန်းလန်းတွေနဲ့ပါ။ ရုန်းထွက်ရင် ငယ်ငယ်ကနာကျင်တဲ့ဝေဒနာ ခံစားရမှာကြောက်လို့ မပြေးကြတာကြောင့် မီးခိုးငွေ့တွေရှူမိပြီး သူတို့ကို ကြိုးချည်ထားတဲ့နေရာမှာပဲ လဲကျသေသွားကြတယ်တဲ့။ 

ဒီပုံပြင်ကဘာကို အသိပေးသလဲဆိုတော့ ကျွန်တော်တို့တွေလဲ ဆင်တွေနဲ့ တူနေပါတယ်။ ဆင်ကြီးတွေဟာ ငယ်ငယ်ကသံကြိုးကိုရုန်းလို့ အရမ်းနာကျင်ခဲ့ကြတာကြောင့် ရုန်းထွက်ဖို့ မကြိုးစားကြတော့ဘူး။ ထပ်နာမှာကို ကြောက်တာရယ်၊ ရုန်းလည်းလွတ်မှာ မဟုတ်ဘူးဆိုတာကို သိနေကြလို့ပါ။ ကျွန်တော်တို့လည်း တစ်ခါကျရှုံးဖူးရင် နောက်ထပ် မကြိုးစားရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်တစ်ခါကျရှုံးမှာကို ကြောက်နေလို့ပါ။ 

အကြောက်တရား အများကြီးရှိပါတယ်။ စောစောကပြောတဲ့ အမှောင်ထုကိုကြောက်တာ၊ နာကျင်မှာကို ကြောက်တာတွေအပြင် ချစ်ရတဲ့သူနဲ့ ကွေကွင်းမှာကိုကြောက်တာ၊ မိမိပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေဆုံးရှုံးမှာကို ကြောက်တာ၊ အမြင့်ကိုကြောက်တာ၊ လူတွေရှေ့မှာ စကားပြောရမှာကို ကြောက်တာ စသည်ဖြင့်အများကြီးပါ။ အဲဒါတွေကို ရှင်းပြနေရင် စာရှည်သွားပါလိမ့်မယ်။ ဒီစာမှာ ရေးပြချင်တာက အကြောက်တရားကို ဘယ်လိုကာကွယ်မလဲ၊ မကြောက်အောင် ဘယ်လိုလုပ်မလဲဆိုတာပါ။ 

လူသားတွေဖြစ်ကြတဲ့ ကျွန်တော်တို့အားလုံးမှာ အကြောက်တရားဆိုတာ ရှိကြပါတယ်။ ကောင်းပြီ၊ အကြောက်တရားဆိုတာ ဘာလဲ။ ကျွန်တော်တို့ကို အန္တရာယ်မကျအောင် သတိပေးတဲ့ စိတ်ခံစားချက်ပါ။ အကြောက်တရားကြောင့် ကျွန်တော်တို့တွေဟာ တစ်ခုခုလုပ်တော့မယ်ဆိုရင် သတိထားတတ်တယ်။ အလျင်စလိုမလုပ်ဘဲ လုပ်သင့်၊ မလုပ်သင့်ကို သေချာစဉ်းစားတတ်လာတယ်။ 

လူတိုင်းမှာ အကြောက်တရားရှိတယ်ဆိုရင် အောင်မြင်သူတွေ စွန့်စားသူတွေကျတော့ ဘာလို့မကြောက်ကြတာလဲ။ အဖြေက သူတို့လည်း ကြောက်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အကြောက်တရားရဲ့ လွှမ်းမိုးမှုကိုမခံဘဲ သူတို့က အကြောက်တရားကို ထိန်းချုပ်နိုင်ကြလို့ပါ။ သူတို့ဟာ အကြောက်တရားကြောင့် မလုပ်ရဲမကိုင်ရဲ မဖြစ်ကြဘူး။ ဒါပေမယ့် အကြောက်တရားကို သတိပေးချက်အဖြစ်ခံယူပြီး အလုပ်မလုပ်ခင်မှာတွေ့ကြုံရမယ့် အခက်အခဲဒုက္ခတွေကို ကြိုတင်တွေးမြင်ကြပြီး အဲဒါတွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတဲ့ အစီအစဉ်တွေချမှတ်ထားပြီးမှ အလုပ်ကို စလုပ်တတ်ကြတယ်။ 

အကြောက်တရားကို ဖြေရှင်းဖို့နည်းလမ်းတွေကို စဉ်းစားရှာဖွေရာမှာ သင့်ခံစားချက်တွေကို မေ့ထားပါ။ ပြဿနာကို အရှိအရှိအတိုင်း ရှုမြင်ပါ။ ငါ အဲဒါတွေကိုလုပ်ရင် ဘာတွေစွန့်စားရမလဲ။ ငါဖြစ်ချင်တာတွေ ရဖို့အတွက် စွန့်စားရတာတန်ရဲ့လား။ တခြား ဘာနည်းတွေ ရှိသေးသလဲ။ အဲဒီနည်းတွေ သုံးရင် ဘယ်လိုပြဿနာတွေ၊ အခက်အခဲတွေ ထပ်ပေါ်လာနိုင်သလဲ။ ငါအခု စဉ်းစားနေတာတွေမှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပြည့်စုံရဲ့လား။ ငါတွေ့နေရတဲ့ပြဿနာ အခက်အခဲတွေကို အောင်မြင်သူတွေ ဘယ်လို ဖြေရှင်းခဲ့ကြသလဲ။ ဘာကြောင့်လဲဆိုတော့ သင်အချိန်ဆွဲပြီး စလုပ်ဖို့နှောင်နှေးနေမယ်ဆို စိတ်ထဲမှာ သံသယဝင်လာမယ်။ အကြောက်တရားလဲ ဝင်လာနိုင်တယ်။ 

သင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ချိန်မှာ အခက်အခဲတွေ့လို့ကြောက်နေရင် အခုပြောမယ့်အချက်လေးကို သတိရပါ။ သင်တစ်ယောက်တည်း ခက်ခဲကြမ်းတမ်းတဲ့ ဘဝကိုလျှောက်လှမ်းနေတာ မဟုတ်ပါဘူး။ သင့်ကို အားပေးနေတဲ့ မိသားစု၊ သင့်ကို အကြံဉာဏ်ပေးမယ့် ဆရာသမားတွေ၊ အကူအညီပေးမယ့် မိတ်ဆွေစစ်တွေ ရှိကြပါတယ်။ အဲဒါကိုသတိရလိုက်ရင် သင့်ရဲ့ အကြောက်တရား လျော့ပါးသွားပါလိမ့်မယ်။ သင် အကြောက်တရားကို အောင်နိုင်ပါလိမ့်မယ်။ 

ဗန်းမော်သိန်းဖေရေးသားထားသော အောင်မြင်မှုပန်းတိုင်သို့ ခြေလှမ်း၅၀ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

သုတ

Related Posts