အာမခံထား

သေချာရေရာမှုနှင့် အာမခံထား ရှိမှု

အာမခံထား တဲ့ ကိစ္စကို စီးပွားရေးသမား အပါအဝင် လူအတော်များများက မလိုအပ်ဘူးလို့ ယူဆကြတယ်။ လိုအပ်တယ်လို့ ယူဆသူတွေထဲမှာလည်း မရှိမဖြစ် လိုအပ်တယ်လို့ လက်ခံသူက အရေအတွက် နည်းပါးပါတယ်။ ဆိုလိုတာက အာမခံထား ဖို့ လိုတယ်။ မရှိလို့မဖြစ်တဲ့ အရာတော့ မဟုတ်ဘူးဆိုတဲ့ သဘောထားမျိုးကို ပြောတာပါ။ အခုအခန်းမှာ အဓိကပြောချင်တဲ့ အချက်က အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက် အာမခံထား ရှိခြင်းဟာ မရှိမဖြစ် လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်တယ် ဆိုတာပါပဲ။ အသေးစား အလတ်စားလုပ်ငန်းရှင်တွေပဲလားဆိုတော့ မဟုတ်ပါဘူး။ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတိုင်းမှာ အာမခံထားရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ စွန့်စားလုပ်ဆောင်ရတဲ့ အသေးစားနဲ့ အလတ်စား စွန့်ဦး တီထွင်လုပ်ငန်းတွေအတွက် အာမခံထား ရှိခြင်းဆိုတာ အင်မတန် အရေးကြီးတဲ့ ဥပဒေစီမံချက် တစ်ရပ် ဖြစ်တယ်ဆိုတာကို အလေးပေး ပြောချင်ပါတယ်။
လုပ်ငန်းလုံးဝ ရပ်ဆိုင်းသွားတာမျိုး၊ အရှိန်အဟုန် လျော့ကျသွားတာမျိုးတွေကို ဖြစ်စေနိူင်တဲ့ လုံးဝ မမျှော်လင့် ထားတဲ့ အဖြစ်အပျက်တွေ အတွက် စိုးရိမ်ပူပန်စရာ မလိုဘဲ ကိုယ့်လုပ်ငန်းကို လည်ပတ်လုပ်ကိုင်နိူင်အောင် အာမခံ ထားရှိခြင်းက တာဝန်ခံပေးထား ပါတယ်။
ပိုက်ပေါက်တာကနေ ရေကြောင့် ပျက်စီးဆုံးရှုံးတာ၊ ငွေကြေးအလွှဲအပြောင်းမှာ ခိုးယူခံရတာ ဒါမှမဟုတ် ကုန်လှောင်ရုံမှာ မီးလောင်တာ စတဲ့ မျှော်မှန်းမထားတဲ့ ပေးရန်ရှိ တာဝန်တွေကြောင့် အခက်တွေ့ရနိူင်ပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ ပုံသေရပိုင်ခွင့်တွေကို မျှော်မှန်းမထားနိူင်တဲ့ ဆုံးရှုံးမှုတွေနဲ့ အခြားဥပဒေအရ ပေးရန်ရှိတဲ့ တာဝန်တွေကနေ ကာကွယ်ပေးထားပြီး ဖြစ်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုနဲ့ ရှေ့ကို ဆက်လှမ်းနိူင်အောင် အာမခံစာချုပ်က ဝန်ဆောင်မှုပေးတာဖြစ်တယ်။
ကံဆိုးလှတဲ့ အချက်ကတော့ အခြားနိူင်ငံတကာ ဈေးကွက်တွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိူင်ငံမှာ အသေးစား၊ အလတ်စား လုပ်ငန်းတွေရဲ့ အာမခံထားနှုန်းက အများကြီး နည်းပါးနေသေးတယ်လို့ ဆိုနိူင်တဲ့ အချက်ပါပဲ။ ဒီလို အာမခံ ထားရှိမှုနဲ့ ပတ်သတ်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေ ကြားမှာ နားလည်မှု လွဲမှားနေတယ်လို့ ယူဆစရာ ဖြစ်ပါတယ်။ အာမခံ ထားတော့မယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းအတွက် အမှန်တကယ် လိုအပ်မယ့် အာမခံ အမျိုးအစားကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဥပမာ – ကိုယ့်လုပ်ငန်းမှာ ရှိတဲ့ ပုံသေရပိုင်ခွင့်တွေ အနက် ဘယ်ဟာက အရေးတကြီး ဖြစ်လဲဆိုတာ အရင်စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဥပဒေအရ ကိုယ့်အနေနဲ့ ဘယ်လောက် အတိုင်းအတာ အထိ တာဝန်ရှိသလဲ ဆိုတာကိုလည်း စိစစ်ရမှာပါ။ နောက်ဆုံး တစ်ချက်အနေနဲ့ မဖြစ်မနေ လိုအပ်တဲ့ အလုပ်သမား နစ်နာကြေး အာမခံ ဆိုတာမျိုးကိုလည်း ထည့်သွင်း ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

လုပ်ငန်းဖွံ့ဖြိုးမှုအလိုက် လိုအပ်ချက်ကြီးမားလာတဲ့ အာမခံစာချုပ်များ

အောင်မြင်လာတဲ့ ဘယ်လို စီးပွားရေးလုပ်ငန်းမှာမဆို ကျယ်ပြန့်လာတဲ့ စီမံခန့်ခွဲမှုတွေ ရင်ဆိုင်ရတဲ့ မရေရာမှု အန္တရာယ်တွေကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အာမခံအမျိုးအစား လိုအပ်ချက်တွေ ပိုပြီး ကျယ်ပြန့်လာပါတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့တော့ သူတို့ရဲ့ အာမခံမူဝါဒကို ပုံမှန်စိစစ် အကဲဖြတ်ချက် လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်စဉ် အာမခံမူဝါဒ ပြန်လည်စိစစ်ချက်လုပ်ဖို့ တိုက်တွန်းလိုပါတယ်။ ဒါမှသာ ဖြစ်လာနိူင်ခြေရှိတဲ့ ပေးရန်ရှိတာဝန်အသစ်တွေကို မြင်လာမှာ ဖြစ်ပါတယ်။ ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့ အပြောင်းအလဲတွေကိုလည်း အာမခံ ကိုယ်စားလှယ်ဆီ သတင်းအချက်အလက် ပေးပို့သင့်ပါတယ်။ ဒါမှသာ အာမခံ ကိုယ်စားလှယ်က ကိုယ့်လုပ်ငန်းနဲ့ အသင့်လျော်ဆုံးဖြစ်မယ့် အာမခံစာချုပ်ကို ညွှန်းဆိုပေးနိူင်မှာ ဖြစ်ပါတယ်။

မြန်မာ့အာမခံလုပ်ငန်း

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအနေနဲ့ အာမခံ ထားရှိဖို့ လိုအပ်ကြောင်း အထက်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခု မြန်မာ့အာမခံလုပ်ငန်းအကြောင်း အနည်းအကျဉ်း ပြောခွင့်ပြုပါ။ မြန်မာ့အာမခံလုပ်ငန်း ဥပဒေနဲ့ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ပြုသည့် ဥပဒေကို ၁၉၉၃ ခုနစ်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဥပဒေ ပြဋ္ဌန်းရခြင်း ရည်ရွယ်ချက်က ဖြစ်ပျက်တတ်တဲ့ ဘေးအန္တရာယ်တွေကြောင့် ပြည်သူတွေကြုံတွေ့ရနိူင်တဲ့ လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုတွေကို နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ အာမခံထားခြင်းဖြင့် ငွေကြေးပြေလည်မှု ရရှိစေရန်၊ လူတစ်ဦးအနေနှင့် အသက်အာမခံ ထားခြင်းဖြင့် ငွေစုဆောင်းတဲ့ အလေ့အထ တိုးပွားလာစေပြီး နိူင်ငံရဲ့ အရင်းအနှီးစုဆောင်းမှုကို အထောက်အကူ ပြုစေရန်နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ လိုအပ်လာမယ့် အကာအကွယ် အမျိုးမျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိူင်ခြင်းကြောင့် အာမခံစနစ်အပေါ် ပြည်သူအများ ယုံကြည်အားကိုးလာစေရန်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းကဏ္ဍနဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အချက်များ။

(၁) အာမခံလုပ်ငန်း လုပ်ကိုင်ပြီး အာမခံ ပေါ်လစီတွေ ထုတ်ရောင်းနေတဲ့ လုပ်ငန်းတွေကို လိုင်စင် ထုတ်ပေးရတဲ့ တာဝန်ကို ဒါရိုက်တာအဖွဲ့က ဆောင်ရွက်ပြီး အဲဒီအဖွဲ့က ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကို တင်ပြဆောင်ရွက် ရပါတယ်။ အဲဒီ ဒါရိုက်တာ အဖွဲ့ကို ကြီးကြပ်တဲ့ တာဝန်ကိုတော့ အစိုးရပိုင် မြန်မာ့အာမခံ လုပ်ငန်းက စိစစ်ကြီးကြပ် ထားပါတယ်။

(၂) နိုင်ငံခြားက အာမခံနဲ့ အာမခံပွဲစားလုပ်ငန်းတွေ အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ အခြေစိုက်တဲ့ လုပ်ငန်းကနေ တစ်ဆင့် ဒါမှမဟုတ် ပူးပေါင်းပြီး လုပ်ငန်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနစ်မတိုင်မီအထိ အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်း တစ်ခုတည်းပဲ ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနစ်၊ စက်တင်ဘာလအတွင်းမှာ ပုဂ္ဂလိက အာမခံကုမ္ပဏီ လုပ်ငန်းပေါင်း ၁၂ ခုကို လုပ်ငန်းလိုင်စင် အသစ် ချပေးခဲ့ပါတယ်။

မြန်မာ့အာမခံလုပ်ငန်းဟာ အောက်ပါအာမခံလုပ်ငန်းတွေကို ဝန်ဆောင်မှုပေးနိူင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ (မြန်မာ့အာမခံလုပ်ငန်းဥပဒေ ပုဒ်မ (၁၁))။
၁။    အသက်အာမခံ
၂။    သူတစ်ပါး ထိခိုက်မှု အာမခံ
၃။    အထွေထွေ နစ်နာဆုံးရှုံးမှု ပေးလျော်ရန် အာမခံ
၄။    မီးအာမခံ
၅။    ရေကြောင်းကုန်ပစ္စည်း အာမခံ
၆။    ရေကြောင်းကိုယ်ထည် အာမခံ
၇။    လေကြောင်း အာမခံ
၈။    အင်ဂျင်နီယာ အာမခံ
၉။    အလုံးစုံ မော်တော်ယာဉ် အာမခံ
၁၀။    ငွေပို့ငွေသယ် အာမခံ

လုပ်ငန်းရှင်အနေနဲ့ ချိန်ဆစဉ်းစားရယ့် အာမခံ ပေါ်လစီအကျိုးနှင့် အားနည်းချက်များ

စီးပွားရေး လုပ်ငန်းရှင်တစ်ဦး အနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်နိူင်ဖို့အတွက် အနည်းဆုံး အာမခံပေါ်လစီ တစ်ခုကို ချမှတ်ရပါလိမ့်မယ်။ ဒါပေမယ့် မိတ်ဆွေအနေနဲ့ ချိန်ဆရမယ့် အာမခံပေါ်လစီရဲ့ အကျိုးအပြစ်တွေတော့ ရှိပါတယ်။ ကိုယ့်လုပ်ငန်းအတွက် လိုအပ်တာက စီးပွားရေးအာမခံ။ စီးပွားရေးအာမခံ ဆိုတာ နိုင်ငံတကာစံနှုန်းများအရ ပြောရမယ်ဆိုလျှင် ကျယ်ပြန့်တဲ့ သဘောရှိပါတယ်။ မြန်မာနိူင်ငံမှာတော့ ၂၀၁၃ ခုနစ်ကမှစတင်ပြီး ပုဂ္ဂလိကလုပ်ငန်းတွေ အနေနဲ့ အာမခံကဏ္ဍကို စတင်လုပ်ကိုင်ခဲ့တာဖြစ်လို့ ကိုယ့်လုပ်ငန်းရဲ့ လိုအပ်ချက်တွေနဲ့ တိုက်ရိုက်မကျတာမျိုးလည်း ဖြစ်နိူင်ပါတယ်။

အာမခံပေါ်လစီအကျိုး

သင့်ရဲ့စီးပွားရေးလုပ်ငန်းကို အာမခံထားလိုက်တဲ့အတွက် ကာကွယ်မှုရှိနေတယ်ဆိုတဲ့ အချက်က မိတ်ဆွေရဲ့ စိတ်ပူပန်ရမှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိူင်တာက မြင်သာသလို အရေးကြီးတဲ့ အကျိုးပါပဲ။ လုပ်ငန်းတစ်ခု  လည်ပတ်နေတဲ့ နေရာမှာ စွန့်စားလုပ်ဆောင်ရတာတွေ အများကြီး ရှိပါတယ်။ အဲဒီလို စွန့်စား စီမံရမယ့် အကြောင်းတွေ အများကြီးထဲမှာ အာမခံ ထားလိုက်တာကြောင့် စိုးရိမ်ရမယ့် အချက်တစ်ခု လျော့ကျသွားပါတယ်။ ဒါလည်း မြင်သာတဲ့ အချက်ပါပဲ။ မိတ်ဆွေရဲ့ လုပ်ငန်းအပေါ် ကျလာနိူင်တဲ့ ကံဆိုးမိုးမှောက်ကျမှုတိုင်းအတွက် ပြင်ဆင်မထားနိူင်ပါဘူး။ အာမခံထားလိုက်တာကြောင့် အဲဒီလို မျှော်မှန်း မထားနိူင်တဲ့ ဖြစ်စဉ်တွေကို အကာအကွယ် ယူထားနိူင် ပါတယ်။ အာမခံကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ် ဆိုလျှင် ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းနဲ့ ကိုက်ညီမယ့် အာမခံပုံစံကို ရယူနိူင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းတိုးချဲ့ဖို့အတွက် ငွေကြေးလိုအပ်ချက် ရှိလာချိန်မှာလည်း အာမခံထားတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေလို့ ချေးငွေရယူရာမှာ အထောက်အကူ ဖြစ်ပါသေးတယ်။ အချို့ရင်းနှီးမြုပ်နှံသူတွေကလည်း သင့်လုပ်ငန်းမှာ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှု မလုပ်ခင်မှာ လုပ်ငန်းကို အာမခံထားရှိမှုနဲ့ ပတ်သတ်ပြီး သိချင်ကြပါလိမ့်မယ်။

အာမခံပေါ်လစီ အားနည်းချက်

ဘယ်လို စီးပွားရေး လုပ်ငန်းတွေပဲဖြစ်ဖြစ် အာမခံ ထားရှိခြင်းက ကုန်ကျစရိတ်လို့ ယူဆပြီး မလုပ်ကြတာက များပါတယ်။ အာမခံကြေး ပေးရမဲ့ ပမာဏက ကိုယ့်လုပ်ငန်းရဲ့ အချက်အလက်တွေပေါ်မှာလည်း မူတည်နေပါတယ်။ ဒါ့အပြင် အချို့ အာမခံ ကုမ္ပဏီတွေရဲ့ တုံ့ပြန်မှု နှေးကွေးတာကလည်း မူတည်နေပါတယ်။ ဒါ့အပြင် အချို့ အာမခံ ကုမ္ပဏီတွေရဲ့ တုံ့ပြန်မှုနှေးကွေးတာကလည်း အာမခံပေါ်လစီရဲ့ အားနည်းချက် ဖြစ်စေပါတယ်။ ဒါကြောင့် အာမခံ ကုမ္ပဏီ တစ်ခုမှာ ကိုယ့်လုပ်ငန်းအတွက် အာမခံ ထားတော့မယ်ဆိုရင် အဲဒီကုမ္ပဏီရဲ့ သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်တဲ့ အထိ လေ့လာသင့်ပါတယ်။

အာမခံထားရှိခြင်း အကျဉ်းဖော်ပြချက်

မဖြစ်မနေ အာမခံ ထားရှိရေးနှင့် ပတ်သတ်ပြီးလည်း သိရှိထားဖို့ လိုအပ်ပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ ပတ်သတ်ပြီး အာမခံ ထားနိူင်ရင်တော့ အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့် စက်တပ်ယာဉ်ပိုင်ရှင်တွေကတော့ သူတစ်ပါး ထိခိုက်မှု အာမခံ မထားမနေရ ထားရှိရပါလိမ့်မယ် (ပုဒ်မ ၁၅)။ နိုင်ငံပိုင်ပစ္စည်းတွေကို ပျက်စီးစေနိူင်တဲ့၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို နစ်နာဆုံးရှုံးစေနိူင်တဲ့၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေနိူင်တဲ့ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေဟာ မဖြစ်မနေ အာမခံ ထားရှိရမှာ ဖြစ်ပါတယ် (ပုဒ်မ ၁၆)။ နိုင်ငံတော် အဖွဲ့အစည်းနှင့် နိူင်ငံတော်၏ မတည် ရင်းနှီးငွေ ငါးဆယ် ရာခိုင်နှုန်းနှင့် ယင်းအထက် ပါဝင်သော လုပ်ငန်းရှင်များကလည်း အာမခံ မဖြစ်မနေ ထားရပါလိမ့်မယ်။ မြန်မာအာမခံလုပ်ငန်းမှာ ရှိနေတဲ့ အာမခံ အမျိုးအစား ဖြစ်မယ်ဆိုရင် မြန်မာအာမခံလုပ်ငန်းမှာပဲ ထားရှိရမှာ ဖြစ်ပါတယ် (ပုဒ်မ ၁၈)။

သုတ

# Open More Online

Related Posts