ထောပတ်သီး

ထောပတ်သီး အစွမ်းနှင့် ကျန်းမာစေမည့် နည်းလမ်း

ထောပတ်သီး ဟာ အနှစ်ပြည့်ဝပြီး အရသာထူးလှတဲ့ အသီးပါ။ လုံးဝန်းပြီး မာတဲ့ အစေ့ဆန်တစ်ခုပါပြီးတော့ ဘေးပတ်ပတ်လည်မှာ ထောပတ်လို ပျစ်နှစ်ပြီး အရသာရှိတဲ့ အဝါနုရောင် အသားလွှာကို အခွံမာတစ်ထပ် ကာရံထားပါတယ်။ ပုံသဏ္ဍာန်အားဖြင့် ရှည်မျောမျော ဘဲဥပုံ သို့မဟုတ် လုံးဝန်းတဲ့ ပုံအမျိုးမျိုး ဖြစ်နိုင်ပြီး အရောင်ကတော့ အစိမ်းပုပ်ရောင်၊ စိမ်းဝါရောင်ရင့်၊ မရမ်းရင့်၊ ခရမ်းရင့်ရင့် စသဖြင့် တွေ့ရတတ်ပါတယ်။ အမြဲစိမ်းသစ်ပင်ဖြစ်ပြီး ပင်စည်ကနေ အကိုင်းတွေ ဘေးကို ဖြာထွက်နေပါတယ်။ အမြစ်တွေဟာ မြေတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်နိုင်စွမ်း မရှိဘဲ ခပ်တိမ်တိမ်ပဲ ရှိတဲ့အတွက် ပင်လတ်အမျိုးအစားသာ ဖြစ်ပါတယ်။ အရွက်တွေဟာ ပင်စည်ဘေးမှာ ရစ်ခွေပတ်ဆင်းပြီး ဖြာကျနေတာကို လှပစွာ တွေ့မြင်ကြရပါတယ်။ အပွင့်တွေ အဆုပ်လိုက် အခိုင်လိုက် ပွင့်ပြီး အဝါရောင် သေးငယ်တဲ့ အပွင့်များသာ ဖြစ်ပါတယ်။

စတင်တွေ့ရှိရာ

ထောပတ်သီး ကို အမေရိကန်နိုင်ငံအလယ်ပိုင်းမှာ စတင်တွေ့ရှိခဲ့ပါတယ်။ နယ်မြေသစ် ရှာဖွေသူ ရှေးဦးစပိန်လူမျိုးများရဲ့ မှတ်တမ်းအရတော့ မက္ကဆီကိုနိုင်ငံကနေ တစ်ဆင့် ပီရူးနိုင်ငံကို မျိုးယူစိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။ ၁၆၀၁ ခုနှစ်မှာ စပိန်နိုင်ငံတောင်ပိုင်းသို့ စတင်ရောက်ရှိလာပြီး ၁၇၈၀ ခုနှစ်မှာတော့ Mauritius မှာ စတင်တွေ့ရှိရပါတယ်။ ၁၉ ရာစု အလယ်လောက်ရောက်မှသာ အာရှနိုင်ငံတွေကို ပျံ့နှံ့လာခဲ့တာပါ။ ထောပတ်သီးပင်ဟာ အေးမြတဲ့ဒေသမှာ ဖြစ်ထွန်းတဲ့ အပင်ဖြစ်ပေမယ့် သည်ကနေ့ခေတ်မှာတော့ အပူပိုင်းရာသီဥတုဖြစ်တဲ့ တောင်အာဖရိကနှင့် သြစတြေးလျမှာတောင် စိုက်ပျိုးပေါက်ရောက်နေတာကို တွေ့မြင်ကြရပါတယ်။

ပါဝင်သော အာနိသင်နဲ့ အာမခံချက်

ထောပတ်သီး ဟာ သံလွင်သီးမှတစ်ပါး အခြားသစ်သီးဝလံတွေထက် အဆီဓာတ် ပိုပြီး ပါဝင်ပါတယ်။ ထောပတ်သီးရဲ့ သဘာဝအဆီဟာ အသားအရေကို နူးညံ့ချောမွတ်စေတဲ့နေရာမှာ အကောင်းဆုံးဖြစ်တာကို တွေ့ရပါတယ်။ အသားအလှနှင့်ပက်သက်ပြီး အာမခံချက် အပြည့်အဝရထားတဲ့ အသီးပါ။ ထောပတ်သီးဟာ အသားအရေကို လှပချောမွေ့စေရုံမက ရောဂါပိုးတွေ ကာကွယ်နိုင်စွမ်းရှိတဲ့အတွက် အနာရောဂါလည်း ကင်းစင်စေပါတယ်။ ဗီတာမင်အေနဲ့ အီး လုံလောက်စွာ ပါရှိပြီး နွားနို့နဲ့ထပ်တူ ကျန်းမာသန်စွမ်းစေတဲ့ အာနိသင်ကို ပေးပါတယ်။ ထောပတ်သီးမှာ ကလေးငယ်များနဲ့ အားအင်ချည့်နဲ့သူတွေကို အားပြည့်စေအောင် အာဟာရဓာတ် အလုံအလောက် ဖြည့်တင်းပေးနိုင်စွမ်းလည်း အပြည့်ရှိနေတာကို တွေ့ရပါတယ်။

အာဟာရဓာတ်ခွဲကြည့်တဲ့အခါ

ထောပတ်သီး ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို ဓာတ်ခွဲကြည့်တဲ့အခါ ရေဓာတ် ၇၃ ဒသမ ၆%၊ ပရိုတင်း ၁ ဒသမ ၇%၊ အဆီ ၂၂ ဒသမ ၈%၊ သတ္တုဓာတ် ၁ ဒသမ ၁%၊ ကာဗိုဟိုက်ဒြိတ် ၀ ဒသမ ၈% ပါဝင်တာကို တွေ့ရပါတယ်။ သတ္တုဓာတ်နဲ့ ဗီတာမင်များအနေနဲ့ကတော့ ကယ်လ်စီယမ် ၁၀ မီလီဂရမ်၊ ဖော့စဖရပ် ၈၀ မီလီဂရမ်၊ သံဓာတ် ၀ ဒသမ ၇ မီလီဂရမ်၊ ဗီတာမင်အေ ၂၉၀ အင်တာနေရှင်နယ်ယူနစ်၊ ဗီတာမင်အီး လုံလောက်စွာအပြင် ဗီတာမင်စီနှင့် ဘီအုပ်စုလည်း သင့်တင့်စွာ ပါရှိပါတယ်။ စုစုပေါင်း ကယ်လိုရီတန်ဖိုး ၂၁၅ ရှိပါတယ်။

ရောဂါပျောက်ကင်းစေသည့် စွမ်းအားများ

သစ်သီးဝလံတွေထဲမှာ ထူးခြားတဲ့ စွမ်းအားတွေနဲ့ အကျိုးပြုနိုင်တာ ထောပတ်သီးပါပဲ။ သမားရိုးကျ အာဟာရဓာတ်တွေအပြင် အသားအရေကို သန့်စင်လှပစေနိုင်စွမ်း၊ အစာကြေညက်စေနိုင်စွမ်းနှင့် ခွန်အားဖြစ်စေနိုင်စွမ်း၊ အာဟာရပြည့်ဝစေနိုင်စွမ်းမှာ အလွန်ထူးခြားထက်မြက်လှတာ တွေ့ရပါတယ်။

အစာအိမ်ရောဂါများ

ရုတ်ချည်းဖြစ်ပေါ်လာတတ်တဲ့ အစာမကြေခြင်းကို ထောပတ်သီး အနည်းငယ် စားပေးရုံနဲ့ ပျောက်ကင်းချမ်းသာစေနိုင်ပါတယ်။ အူမကြီးအတွင်းနဲ့ အူသိမ်ဦးပိုင်း အပေါ်ယံနံရံကို သက်သောင့်သက်သာရှိစေဖို့ရာ နူးညံ့သိမ်မွေ့မှုကို ဖြစ်ပေါ်လာစေနိုင်ပြီး အစာအိမ်ရောင်ရမ်းနာနဲ့ အစာအိမ်အတွင်း ပျက်စီးသွားတဲ့ ဆဲလ်တွေကိုလည်း အသစ်ဖြစ်ပေါ်စေဖို့ရာ ဗီတာမင် ကြွယ်ဝစွာ ပါရှိတယ်။ တရုတ်ဆေးပညာရှင်တွေကတော့ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အစာအိမ်ရောဂါနဲ့ ပြင်းထန်တဲ့ လေထိုးလေအောင့်ရောဂါတွေအတွက် ထောပတ်သီးရည်ကို ဆေးအဖြစ် ညွှန်းခဲ့ပါတယ်။ ဂျပန်ပညာရှင်တွေကလည်း အူသိမ်အတွင်း အနာဖြစ်ပေါ်ခဲ့လျှင် ထောပတ်သီးရည်ကိုပဲ သောက်ပေးရန် ညွှန်းခဲ့ကြတယ်။

ထောပတ်သီးဟာ အူသိမ်နံရံက တစ်ဆင့် အစာအဆိပ်ဖြစ်ခြင်းနဲ့ မူးမော်ခြင်း၊ အူရောင်နာ၊ သည်းခြေနာဖြစ်ခြင်းတွေကိုလည်း ကောင်းစွာ သက်သာပျောက်ကင်းစေပါတယ်။ အစာအိမ်အတွင်း အချဉ်ဓာတ်များခဲ့လျှင် ထောပတ်သီးမှည့်နဲ့ သင်္ဘောသီးမှည့်ကိုသာ မှန်မှန်စားပေးပါ။ အစာအိမ်နဲ့ အူသိမ်နာအတွက် အသင့်လျော်ဆုံး ဓာတ်စာတစ်မျိုး ဖြစ်ပါတယ်။ အစာလမ်းကြောင်းအတွင်း တစ်ခဏချင်း ဝင်ရောက်ပျံ့နှံ့သွားပြီး အစာအိမ် အမြှေးတွေကို ညင်သာစွာ ပြုပြင်ပေးနိုင်တဲ့အတွက် အစာတွေကို ကောင်းစွာ ကြေညက်စေသလို အစာအိမ် အချဉ်ပေါက်ခြင်း မဖြစ်စေဖို့လည်း ကောင်းစွာ ကာကွယ်ပေးပါတယ်။

ညစ်ညမ်းသော လေရှူမိခြင်း
Bad Breath

ထောပတ်သီးဟာ မသန့်သော လေရှူမိသူများအတွက် အခြားသော အာခံတွင်း သန့်စင်ဆေးရည်တွေထက် စွမ်းအား ပိုစွာ ခံတွင်းနဲ့ အစာပြွန်အတွင်းကို သန့်စင်ပေးနိုင်ပါတယ်။ အစာလမ်းကြောင်း နံရံတစ်လျှောက် ပုပ်သိုးဆွေးမြည့်ပျက်စီးသွားတဲ့ နံရံမြှေးတွေကိုလည်း ဆေးသဖွယ် အကျိုးပြုနေတဲ့အတွက် ပုပ်သိုးတဲ့ အရာတွေသာမက အနံ့ဆိုးတွေကိုပါ လွယ်ကူထိရောက်စွာ ဖယ်ရှားပေးနိုင်တာ တွေ့ရပါတယ်။

ကျောက်ကပ်ရောင်ရောဂါ
Bright’s Disease

ကျောက်ကပ်ရောင် ရောဂါရှင်များအတွက် အထူး အားကိုးသင့်ပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီး ကောင်းစွာမှည့်တဲ့ ထောပတ်သီးအနှစ်ကိုသာ အဓိက အစားအစာအဖြစ် အားထားပြီး စားသွားပါ။ ၎င်းမှာ ပါဝင်တဲ့ အနည်းငယ်မျှသာ protein နဲ့ ဓာတ်သတ္တုတွေက အစာအဆိပ်ဖြစ်ခြင်းကို ဖြေပေးနိုင်တဲ့အပြင် ကျောက်ကပ်ရောင်ရောဂါကိုလည်း ပျောက်ကင်းစေပါတယ်။

အရေပြားအကွက်ထခြင်း၊ ဂျွတ်၊ ပွေးပေါက်ခြင်း
Psoriasis

ထောပတ်သီးရဲ့အဆီဟာ အရေပြားပေါ်က ရောဂါတွေကို ကောင်းစွာ ပျောက်ကင်းစေနိုင်စွမ်း ရှိတယ်လို့ ယုံကြည်ကြပါတယ်။ အရေပြားအကွက်ထခြင်းအပြင် အရေပြားပေါ်မှာ ပေါက်တတ်တဲ့ အနာမှန်သမျှကို ထောပတ်သီးအဆီဖြင့်သာ ညင်သာစွာ လိမ်းပေးပါ။ အနာဖေးကွာပြီး ပျောက်ကင်းစေတာကို တွေ့မြင်နိုင်ပါတယ်။

ထောပတ်သီးက ပေးတဲ့အလှ
Beauty aid

ထောပတ်သီးဟာ အသားအရေကို လှစေတဲ့အတွက် အလှကုန်ပစ္စည်းအမျိုးမျိုးမှာ ထည့်သုံးကြတာ တွေ့ရပါတယ်။ အထူးသဖြင့် အသားနုချောစေတဲ့ ခရင်မ်အမျိုးမျိုး၊ သန့်စင်ဆေးရည်အမျိုးမျိုးနဲ့ အစိုဓာတ်ခံလိမ်းဆေးတွေမှာ အများဆုံးပါဝင်ပြီး အိုမင်းခြင်းလက္ခဏာတွေကို ဟန့်တားနိုင်စေဖို့ ရည်ရွယ်ထည့်သွင်းထားရှိခြင်းပါပဲ။ ဆံပင်သားကို ကောင်းစေတဲ့အတွက်လည်း ဆံပင်ပေါင်းတင်ဆေး၊ ခေါင်းလျှော်ရည်၊ ပျော့ဆေးနဲ့ ဆံကေသာ အားဖြည့်ဆေးတွေမှာလည်း ထည့်သုံးကြပါတယ်။ ဦးရေကို အေးစေပြီး ဗောက်၊ ဂျွတ်၊ ဒက်နဲ့ ကြေးညှော်ကင်းစင်တဲ့အပြင် ဆံပင်ကို သန်စွမ်းစေပါတယ်။ ထောပတ်သီးအနှစ်တွေဟာ မျက်နှာပေါ်က ပါးရေတွန့်ခြင်းကိုလည်း ကာကွယ်ပေးပါသေးတယ်။ အသားအရေကို တင်းရင်းစေလို့ အရွယ်မတိုင်မီ ရုပ်အိုခြင်းမှ ကင်းစေနိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း
Precaution

“ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီး ကောင်းတယ်” ဆိုတဲ့အတိုင်း ထောပတ်သီးကို မှန်မှန်စားသူဟာ ရောဂါများစွာကို ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။ ထောပတ်သီးတွေကို သဘာဝအတိုင်း အမှည့်ခံပြီး လတ်ဆတ်စွာ စားသုံးသင့်ပါတယ်။ ထောပတ်သီးအစိမ်းကို ရည်ရှည်ထားပြီး စားသုံးလိုရင် ရေခဲသေတ္တာထဲကို ထည့်မသိမ်းရပါဘူး။ အခန်းအပူချိန်မှာပဲ သိမ်းဆည်းပါ။ ထောပတ်သီးမှည့်ကို မှန်မှန်စားသူဟာ အသက်အရွယ်အရ ပြောင်းလဲလာတဲ့ အရိုးပွခြင်း၊ အရိုးအသား ကျစ်လျစ်မှု ကျဆင်းလာခြင်း၊ ကြွက်သားများလျော့တွဲကျလာခြင်း စတဲ့ အိုမင်းခြင်းလက္ခဏာတွေကို ကြိုတင်ဟန့်တား ကာကွယ်ရာလည်း ရောက်ပါတယ်။ အသားအရေကို ထာဝရ စိုပြည်နေစေခြင်း၊ အားအင်ပြည့်ဖြိုး ကျန်းမာစေခြင်းအပြင် သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ သွေးအားနည်းရောဂါတွေ မဖြစ်စေအောင် အစွမ်းကုန် ကာကွယ်ပေးတာကို တွေ့ရပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts