သယ်ယူပို့ဆောင်ရေးကဏ္ဍအား အရိုးရှင်းဆုံးချဉ်းကပ်မှု

သယ်ယူပို့ဆောင်ရေးဆိုရာမှာ ယေဘုယအားဖြင့်တော့ ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းလိုင်းဆိုပြီး ပို့ဆောင်မှုလုပ်ငန်းလိုအပ်ချက်အရ အသုံးပြုတဲ့နည်းလမ်းတွေ ကွာခြားသွားမှာဖြစ်ပါတယ်။ လုပ်ငန်းအလိုက်လည်း စီမံခန့်ခွဲရတာတွေ ကွာခြားမှုရှိနေပါလိမ့်မယ်။ဘယ်လိုပင်ကွာခြားမှုတွေ ရှိနေပါစေ၊ အခြေခံအချက်တွေမှာတော့ တူညီနေမှာပဲ ဖြစ်ပါတယ်။ အခြေခံအချက်တွေကို မပြောခင်မှာ သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ သဘောကို ရိုးရိုးရှင်းရှင်း နားလည်လွယ်အောင် ဥပမာလေးတစ်ခုပေးပြီး ရှင်းပြလိုပါတယ်။

တကယ်တော့ ပြောမယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ မိတ်ဆွေကိုယ်တိုင်လည်း ဘဝမှာ ရာနဲ့ချီတဲ့ သယ်ယူပို့ဆောင်မှုစနစ်တွေနဲ့ တွေ့ကြုံခဲ့ရတာပါပဲ။ စားသောက်ဆိုင်၊ စတိုး၊ ပွဲရုံနဲ့ အခြားနေရာတော်တော်
များများမှာ သယ်ယူပို့ဆောင်မှုစနစ်အမျိုးမျိုးရဲ့သဘောကို ကြုံတွေ့ခဲ့တယ်လို့ ပြောချင်ပါတယ်။ ရိုးရှင်းတဲ့ သယ်ယူပို့ဆောင်မှုစနစ်တစ်ခုကို သာဓကပြရရင် စားသောက်ဆိုင်လေးတစ်ခုပေါ့။

စားသောက်ဆိုင်ရဲ့ မီးဖိုခန်းက သိမ်းဆည်းသိုလှောင်ရာနေရာ၊ စားသုံးသူဆီ မရောက်ခင် အဲ့ဒီမှာ သိုလှောင်ထားမယ်၊ စားပွဲထိုးတွေက သယ်ယူပို့ဆောင်ရေးစီမံပေးမယ်၊ သူတို့က မီးဖိုခန်းထဲကနေ အစားအစာတွေကို စားသုံးသူဆီ သယ်ပို့ပေးမယ်၊ စားပွဲတွေကတော့ ဝန်ဆောင်မှုဖြန့်ချိတဲ့နေရာ၊ စားသုံးသူက မှာပြီး စားမယ်ပေါ့ဗျာ။

စားသုံးသူအတွက် စားသောက်ဆိုင်ဆိုတာ သယ်ယူပို့ဆောင်ရေးစနစ်မဟုတ်ပါဘူး။ စားဖို့သောက်ဖို့နေရာတစ်ခုမျှသာဖြစ်ပါတယ်။ စားသုံးသူတစ်ယောက်အနေနဲ့ စားသောက်ဆိုင်ကို သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုလို့များ
ယောင်လို့တောင်တွေးမိစရာမရှိပါဘူး။ ဒါပေမယ့် စားသုံးသူအနေနဲ့ စားသောက်ဆိုင်ကနေရနိုင်တယ်လို့ ယုံကြည်ထားတဲ့အရာတွေနဲ့တော့ သယ်ယူပို့ဆောင်ရေးစနစ်က တိုက်ရိုက်ပတ်သက်နေပါတယ်။

စားသုံးသူတစ်ယောက်က စားသောက်ဆိုင်မှာ နေ့လည်စာမှာလိုက်ချိန်မှာ ဘာတွေရမယ်လို့ ယုံကြည်မျှော်လင့်ထားပါသလဲ။
စားသုံးသူတစ်ဦးအနေနဲ့
– စားသောက်ဆိုင်လေးက ဆွဲဆောင်မှုရှိပြီး ဝင်ထိုင်ချင်စရာလေးဖြစ်ရမယ်
– စားသုံးသူကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးမယ်
– မှာလိုက်တဲ့အစားအစာ စားပွဲရှေ့ရောက်လာရမယ်
– မှာလိုက်ပြီးတဲ့နောက် မြန်မြန်ဆန်ဆန်ရမယ်
– ကိုယ်မှာလိုက်တဲ့အတိုင်း မှန်မှန်ကန်ကန်ရောက်လာရမယ်
– အစားအစာရဲ့ အရည်အသွေးက ကိုယ်နှစ်သက်လက်ခံနိုင်တဲ့ အနေအထားဖြစ်ရမယ်
– မှာလိုက်တဲ့ပွဲအရေအတွက်တိုင်းလည်း မှန်မှန်ကန်ကန် ဖြစ်ရမယ်
– မှာလိုက်လို့ရတဲ့အစားအစာနဲ့ သင့်တင့်မျှတတဲ့ ကုန်ကျစရိတ်လည်း ဖြစ်ရမယ်ဆိုတာတွေကို သေချာပေါက်ရမယ်လို့ ယူဆထားပြီးသားပါ။

ဒါကတော့ ရိုးရှင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုပါပဲ။

ရှေ့နေဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

Related Posts