နေ့စဉ် ရေတစ်ခွက်သာသောက်ခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများ

ကျွမ်းကျင်သူတွေကတော့ တစ်နေ့ကိုရေနှစ်လီတာ(ရှစ်ဖန်ခွက်)သောက်ဖို့အကြံပေးထားပေမဲ့ တချို့လူတွေဟာသောက်ရေအတွက် ရေအလွယ်တကူမရတာ၊ ခရီးလမ်းမှာ မကြာခဏအိမ်သာသွားရမှာစိုးလို့ ရေလျှော့သောက်တာလိုမျိုး အကြောင်းကြောင်းတွေကြောင့် ရေသောက်နည်းတတ်ကြပါတယ် ။သင့်ခန္ဓာကိုယ်အနေနဲ့ ရေဓာတ်ပြည့်ဝစွာရှိဖို့လိုအပ်နေတဲ့အတွက် တစ်နေ့ကိုရေတစ်ခွက်ပဲသောက်သုံးရင် ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေကို သိထားသင့်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

ရင်တုန်ခြင်း
သင့်ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှုဟာ အကောင်းဆုံးအနေအထား ရောက်ရှိဖို့ရေများများသောက်ဖို့လိုအပ်ပါတယ်။ တစ်နေ့ကို ရေတစ်ခွက်ပဲသောက်တာကြောင့် သွေးပမာဏ လျော့နည်းသွားတဲ့အတွက် နှလုံးက ပုံမှန်ထက် ခက်ခက်ခဲခဲ အလုပ်လုပ်ရတာကြောင့် နှလုံးခုန်၊ ရင်တုန်လာပါတယ်။

သွေးဖိအားကျဆင်းသွားခြင်း
နှလုံးက ခက်ခက်ခဲခဲ အလုပ်လုပ်ရတဲ့အတွက် သွေးဖိအားလည်း ကျဆင်းသွားနိုင်ပါတယ်။ သွေးဖိအားမြင့်တက်လွန်းတာက ကျန်းမာရေးအတွက်ဆိုးရွားနိုင်သလို သွေးဖိအား အလွန်အမင်းကျဆင်းသွားတာကြောင့်လည်း ကိုယ်တွင်းအင်္ဂါတွေဆီ အောက်ဆီဂျင်လိုအပ်သလောက် မရောက်ရှိနိုင်တဲ့အတွက် ကျန်းမာရေး အခြေအနေဆိုးရွားနိုင်ပါတယ်။

ခေါင်းကိုက်ခြင်း
ခန္ဓာကိုယ်အတွင်း ရေလုံလုံလောက်လောက် မရတာကြောင့် အလွန်အမင်းခေါင်းကိုက်နိုင်ပါတယ်။ သင့်ဦးနှောက်မှာ ရေက ၅၇ရာခိုင်နှုန်းပါဝင်တဲ့အတွက် ရေဓာတ်မပြည့်ဝခဲ့ရင် ဦးနှောက် ယာယီကျုံ့သွားတာကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတာပါ။

အာရုံစူးစိုက်မှုလျော့နည်းခြင်း
ဦးနှောက်က ရေဓာတ်ပြည့်ပြည့်ဝဝရရှိဖို့ လိုအပ်တဲ့အတွက် ကိုယ်တွင်းရေဓာတ်မပြည့်ဝချိန်မှာ ဦးနှောက်အနေနဲ့ ခက်ခက်ခဲခဲ အလုပ်လုပ်ရပါတယ်။ ရေသောက်နည်းတာကြောင့်
ပင်ပန်းနွမ်းနယ်တဲ့အပြင် စိတ်ခံစားချက်လည်းမကောင်းတော့တဲ့အတွက် အလုပ်အပေါ်မှာ အာရုံစူးစိုက်လျော့နည်းသွားနိုင်ပါတယ်။

ကြွက်တက်နိုင်ခြင်း
ခန္ဓာကိုယ်ရဲ့ကြွက်သားတွေအနေနဲ့လည်း အလုပ်ကောင်းမွန်စွာလုပ်နိင်ဖို့ရေလိုအပ်ပါတယ်။ ရေသောက်နည်းတာကြောင့် ကြွက်သားအားနည်းတဲ့အပြင် ကြွက်တက်တဲ့ဝေဒနာ
ခံစားနိုင်ပါတယ်။

ဆီးအရောင်ရင့်ခြင်း
သင့်ရဲ့ဆီးအရောင်ကိုကြည့်ပြီး သင့်အနေနဲ့ရေလုံလုံလောက်လောက် သောက်မသောက်သိရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ရေတစ်ခွက်ပဲသောက်တာကြောင့် ကိုယ်တွင်းရေချို့တဲ့တဲ့ လက္ခဏာအနေနဲ့သင့်ရဲ့ဆီးအရောင်ရင့်သွားပါတယ်။

ဝမ်းချုပ်ခြင်း
နေ့စဉ်ရေဓာတ်လုံလုံလောက်လောက်မသောက်နိုင်ရင် ဝမ်းချုပ်နိုင်ပါတယ်။ အထူးသဖြင့်အမျှင်ဓာတ်ပါဝင်မှုနည်းပါးတဲ့အစာစားသူတွေ၊ ထိုင်ပြီးအလုပ်လုပ်ရသူတွေပါ။
ဝမ်းချုပ်တာကြောင့် လေပွတာ၊ အသားအရေ ညစ်ထပ်ထပ်ဖြစ်တာ၊ ခံတွင်းအနံ့ဆိုးတာတွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ ဘယ်လိုအခက်အခဲမျိုး၊ ဘယ်လိုအနေအထားမျိုးမှာမဆို ရေကို လုံလုံလောက်လောက် ရရှိအောင် မဖြစ်မနေသောက်သုံးပါ။

ဒေါက်တာခင်မိုးမိုးရေးသားထားသော Don’t for your health စာအုပ်မှကူးယူဖော်ပြသည်။

Related Posts