ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း - ၂)

ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း – ၂)

ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း – ၂) ~~~~
နစ်ဆင်၏ ပင်ကိုစိတ်က ငြိမ်းချမ်းရေးသမား မဟုတ်ခဲ့ပေ။ စစ်ပွဲကို တစ်ဆင့်ပင် တက်လိုက်သေးသည်။ ဗီယက်နမ်သာမက အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများကိုပါ ကျူးကျော်တိုက်ခိုက်ပြီး စစ်ပွဲကို တိုးမြှင့်ခဲ့သည်။ ဤလုပ်ရပ်သည် ဥပဒေကို ဆန့်ကျင်သည့် လုပ်ရပ် ဖြစ်သည်။ ကွန်ဂရက်လွှတ်တော် တစ်ခုတည်းအနေဖြင့် စစ်ကြေညာခွင့် မရှိ။ သို့သော် နစ်ဆင်သည် ပင်တဂွန်က သူ့ကို ကတိပေးထားသည့်အတိုင်း အောင်ပွဲ မရလျှင် ဗီယက်နမ်ပြည်သူတွေကို ဗုံးကြဲပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ခေါ်ခိုင်းရတော့မည် ဖြစ်သည်။

ပုန်းလျှိုးဝှက်လျှိုး ပေါ်လစီတွေ ချကာ သတင်းမီဒီယာ မသိစေရန် လျှို့ဝှက်လှုပ်ရှားနေရသည့် သမ္မတဘဝမှာ တကယ်တော့ အပြောနှင့် လက်တွေ့တခြားစီ ဖြစ်နေသည်။ ဝါရှင်တန်တွင် သူ ယုံကြည်သည့်သူက အနည်းငယ်သာ ရှိတော့သည်။ သူ့ဘေးနားတွင် သူ့လို စည်းအပြင် ရောက်နေသူများကို ဝန်းရံထားလိုက်သည်။ ထိုသူများသည် အစိုးရအဖွဲ့ကိုလည်း မကူညီ၊ နိုင်ငံရေးအရလည်း အာဏာကို ဆက်လက် ထိန်းထားနိုင်ရေး စွမ်းဆောင်မှု မပေးနိုင်တော့ပေ။

ဟေးဒါးမန်းသည် ယခင်က ပြည်သူ့ဆက်ဆံရေးတာဝန်ကို ထမ်းဆောင်သူ ဖြစ်သည်။ သူက အိမ်ဖြူတော်၏ အကြီးအကဲရာထူးကို လက်ခံပြီး သမ္မတကို ကိုင်တွယ်ထိန်းသိမ်းရမည့်သူ ဖြစ်လာသည်။ နစ်ဆင်နှင့် ယခင် ရှေ့နေပူးတွဲလိုက်ဖူးသူ၊ ၁၉၆၈ ခုနှစ် ရွေးကောက်ပွဲ လှုပ်ရှားမှု မန်နေဂျာ ဂျွန် မစ်ချယ်က ရှေ့နေချုပ် ဖြစ်လာသည်။ နောက်ထပ် ပြည်သူ့ဆက်ဆံရေးမှူး ဖြစ်လာသူမှာ ဟေးဒါးမန်း၏ သူငယ်ချင်း ဂျွန် အားလစ်ချ်မန်း ဖြစ်သည်။ သူက ပြည်ထဲရေးဌာနတွင် လက်ထောက်အဖြစ် အမှုထမ်းနေသူ ဖြစ်သည်။

နစ်ဆင်ကို ဗီယက်နမ်စစ်ပွဲတွင် ပြောထားသည့်အတိုင်း မဖြစ်လာသဖြင့် အတော်လေး အကြည်ညို ပျက်နေကြသည်။ ထို့ပြင် နစ်ဆင်သည် FBI ၏ ဒါရိုက်တာ အက်ဂါ ဟူးဗား၏ ယုံကြည်မှုကိုလည်း မရသူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နစ်ဆင်သည် ဟူးဗားကို တစ်ချိန်က အလုပ်ထုတ်ရန် တစ်ကြိမ်မက ကြိုးစားခဲ့သူ ဖြစ်သည်။ ဟူးဗားသည် FBI ၏ အကြီးအကဲအဖြစ် ၁၉၂၀ လောက်ကတည်းက တာဝန်ထမ်းဆောင်လာခဲ့သူ ဖြစ်သည်။ သူကိုယ်တိုင်က အာဏာကို အခိုင်အမာ တည်ဆောက်ထားသူတစ်ယောက် ဖြစ်နေပြီး သူ့အာဏာကို မည်သူ့ထံသို့မျှ လွှဲပြောင်းပေးလိုသူတစ်ယောက် မဟုတ်ပေ။ နစ်ဆင်သည် ဟူးဗားကို ပြိုင်ဘက်တစ်ယောက်အနေဖြင့်သာမက ဒုက္ခပေးမည့်သူတစ်ယောက်အနေဖြင့်ပါ သတ်မှတ်ထားသူ ဖြစ်သည်။

နစ်ဆင်သည် CIA ကိုလည်း မယုံကြည်ပေ။ သမိုင်းစဉ်တစ်လျှောက်လုံး အမေရိကန်၏ ရန်ဘက်များနှင့် ညှိနှိုင်းရာတွင် အစဉ်အလာရှိသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် သူကိုယ်တိုင်က မမြင်ခဲ့ပေ။ သို့ဖြစ်ရာ နစ်ဆင်သည် အိမ်ဖြူတော်ကို ကိုယ်စားပြုမည့် ကိုယ်ပိုင်ထောက်လှမ်းရေးအဖွဲ့ကို သီးခြားဖွဲ့စည်းလေတော့သည်။

၁၉၇၀-၇၁ ခုနှစ်လောက်တွင် နစ်ဆင်က ပြိုင်ဘက်နိုင်ငံရေးသမားများနှင့် သူ့ကို အမြဲဒုက္ခပေးနေသည့် သတင်းမီဒီယာအဖွဲ့ကို တန်ပြန် ထောက်လှမ်းရန် စီမံချက်များစွာ ချမှတ်ခဲ့သည်။ ထိုစစ်ဆင်ရေးကို ဦးဆောင်သူများအဖြစ် ဝန်ကြီး ဒွိတ် ချာပင်၊ သတင်းထုတ်ပြန်ရေးမှ ရွန် ဇေ့ဂ်လာ၊ ဟေးဒါးမန်း၏ လက်ထောက် ဂေါ်ဒွန် စထရာ့ချန်းနှင့် အိမ်ဖြူတော် အကျိုးဆောင်ရှေ့နေ ဒွန်ဆီ ဂရက်တီတို့ကို နစ်ဆင်က ခန့်အပ်ခဲ့သည်။ ထိုအဖွဲ့ဝင်အားလုံးသည် တောင်ကာလီဖိုးနီးယားတက္ကသိုလ်မှ Trojan Knights ဟု ခေါ်သည့် ကျောင်းသားအဖွဲ့ဝင်များအဖြစ် အမည်ခံယူထားပြီး မဲပုံးများနှင့် ရွေးကောက်ပွဲ ကလိမ်ကျမှုများကို စစ်ဆေးရန် ဖွဲ့စည်းထားသည့် အဖွဲ့အနေဖြင့် အကြောင်းပြထားသည်။

စစ်ဆန့်ကျင်ရေးက ၁၉၇၁ ခုနှစ် ဇွန်လလောက်တွင် အရှိန်တက်လာသည်။ နယူးယော့ခ်တိုင်းမ် သတင်းစာကြီးက ‘Pentagon Papers’ ဆိုသည့် စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ဗီယက်နမ်စစ်အတွင်းရေးများ၊ အမေရိကန် ပါဝင်ပက်သက်မှုနှင့် ပက်သက်၍ သတင်းအချက်အလက်များ ဖျောက်ဖျက်ထားမှု၊ အထူးသဖြင့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ နစ်ဆင်၏ တရားမဝင် ဝင်ရောက်ကျူးကျော်မှုများကို ဖွင့်ချထားသည်။ ထိုစာအုပ်ရေးရန် အချက်အလက်များကို ဒယ်နီရယ် အဲလ်စ်ဘတ်ထံမှ ရရှိခြင်း ဖြစ်ပြီး အဲလ်စ်ဘတ်သည် ယခင် ပင်တဂွန်ထောက်လှမ်းရေးမှ ဖြစ်သည်။

နစ်ဆင်၏ တုံ့ပြန်မှုက ‘အထူးစုံစမ်းရေးအဖွဲ့’ ကို ဖွဲ့ကာ အဲလ်စ်ဘတ်၏ အချက်အလက်များနှင့် ဒီမိုကရက်တို့နှင့် အဆက်အစပ်ရှိမှုများကို စုဆောင်းတော့သည်။ အထူးသဖြင့် ၁၉၇၂ ခုနှစ်တွင် သမ္မတအဖြစ် တစ်ပြေးကာ သူ့ကို ခြိမ်းခြောက်နေသည့် တက်ကနေဒီနှင့် ဆက်စပ်မှုကို စုံစမ်းသည်။ ကွယ်လွန်သွားသည့် အစ်ကိုနှစ်ဦး၏ အရှိန်အဝါကိုသုံးကာ သူ့ကို ပြိုင်နေသည်ဟု နစ်ဆင်က ထင်ထားသည်။

စုံစမ်းရေးအဖွဲ့ကို ‘ပိုက်ပြင်သမားများ’ ဟူသည့် အမည်ကို ပြောင်းပေးလိုက်ကြသည်။ အားလ်လစ်ချ်မန်းက အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး သူ့လက်ထောက် အီဂေး ကရို့ချ် ဂျူနီယာက စီစဉ်သူ ဖြစ်သည်။ သူတို့ရုံးခန်းကို အိမ်ဖြူတော်နှင့် ကပ်လျက် အခန်းအမှတ် (၂၁၆) တွင် ဖွင့်လှစ်ထားသည်။ ဝန်ထမ်းအားလုံး ၅၀ ခန့်ရှိသည့် အဖွဲ့ကြီး ဖြစ်သည်။ အဖွဲ့ကို ဦးစီးဦးရွက်ပြုသူများတွင် အမျိုးသားလုံခြုံရေးကောင်စီ၏ ရှေ့နေ ဒေးဗစ်ယန်း နှင့် နစ်ဆင်၏ အကြံပေး ချားလ်စ်ကိုလ်ဆန်လည်း ပါဝင်သည်။

ကိုလ်ဆန်က စီအိုင်အေ လူဟောင်း ဟောင်းဝပ်ဟန့်ကိုလည်း အဖွဲ့ထဲ ဆွဲသွင်းထားသည်။ ကျူးဘားဝက် ပင်လယ်အော်တွင် မအောင်မြင်သော ကျူးကျော်ဝင်ရောက်မှုနှင့် ပက်သက်ပြီး ဟောင်းဝပ်ဟန့်သည် စီအိုင်အေမှ ကန်ထုတ်ထားခြင်း ခံထားရသူ ဖြစ်သည်။ သူသည် ယခင် အက်ဖ်ဘီအိုင် အေးဂျင်းတစ်ယောက်နှင့် ဆက်သွယ်ခဲ့ပြီး ဒေသဆိုင်ရာ ရှေ့နေ ဂျီ ဂေါ်ဒွန် လစ်ဒီထံတွင် လက်ထောက်အဖြစ် အမှုထမ်းခဲ့ဖူးသည်။

သူတို့ဦးတည်ချက်မှာ အဲလ်စ်ဘတ်ကို အပုပ်ချပြီး မကောင်းသတင်းလွှင့်ရန် ဖြစ်သည်။ ၁၉၇၁ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့တွင် ဟန့်နှင့် လစ်ဒီတို့က အပြင်တွင် စောင့်ပေးပြီး ဟောင်းဝပ်ဟန့်၏ ကျူးဘားအဆက်အသွယ်သုံးယောက်က အဲလ်စ်ဘတ်၏ စိတ်ရောဂါကု ဆေးခန်းအတွင်းသို့ ခိုးဝင်ခဲ့သည်။

လစ်ဒီသည် အတော်လေး အားကိုးအားထားပြုရသူ ဖြစ်လာသည်။ သို့ဖြစ်ရာ သူ့ကို ၁၉၇၁ ခုနှစ် ဒီဇင်ဘာလတွင် အိမ်ဖြူတော် အကြံပေး ဂျွန်ဒင်းက ဂျွန်မစ်ချယ်နှင့် ဂျက် မာဂရုဒါတို့ လက်အောက်တွင် သွားရောက် အမှုထမ်းစေသည်။ သူတို့သည် သမ္မတ ပြန်လည် အရွေးခံရရေးကော်မတီ အမည်ခံပြီး လှုပ်ရှားနေကြသည်။ သူတို့အဖွဲ့ကို အမည်ဝှက် ‘CREEP’ ဟူ၍ ပေးထားသည်။ လစ်ဒီ၏ ရာထူးမှာ အထွေထွေအကြံပေး ဖြစ်သည်။ သို့သော် သူ လုပ်ရမည့် အလုပ်မှာ နိုင်ငံရေးတွင် ထက်မြက်သူများ စုဆောင်းရမည့်တာဝန် ယူထားရသည်။

၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မစ်ချယ်၊ မာဂရုဒါနှင့် ဒီးန်တို့အတွက် ‘ကျောက်ရိုင်းစစ်ဆင်ရေး’ ကို စီမံပေးခဲ့သည်။ နောက်လာမည့် ရွေးကောက်ပွဲတွင် ဖျက်ဆီးရေး၊ ခြိမ်းခြောက် အကျပ်ကိုင်ရေး၊ ပြန်ပေးဆွဲရေး၊ ဖောက်ထွင်းဝင်ရောက်ရေးနှင့် အီလက်ထရောနစ် ပစ္စည်းများ သုံးကာ စောင့်ကြည့်ရေးတို့ကို ထိုစစ်ဆင်ရေးတွင် ပြုလုပ်ရန် ဖြစ်သည်။ စစ်ဆင်ရေးအတွက် သုံးမည့် ကုန်ကျစရိတ်မှာ ဒေါ်လာတစ်သန်း ဖြစ်သည်။

မစ်ချယ်က စစ်ဆင်ရေးကို အကုန်အကျ များလွန်းသည်ဟု ငြင်းပယ်ခဲ့သော်လည်း လစ်ဒီက စရိတ်လျှော့ပြီး ကျောက်ရိုင်းစစ်ဆင်ရေးကို ဘတ်ဂျက်မှ ဒေါ်လာ ၂၅၀,၀၀၀ သုံးရန် ခွင့်ပြုခဲ့သည်။ ပထမဦးဆုံး စစ်ဆင်ရေးအဖြစ် အထက်လွှတ်တော်အမတ် ဂျော့ မက်ဂါဗန်း၏ ရုံးအတွင်းသို့ ခိုးဝင်ရန် စီစဉ်ကြသည်။ မက်ဂ်ဗန်းသည် ဒီမိုကရက်တစ်တို့အတွက် ယခုနှစ်တွင် ရှေ့တန်းသို့ ရောက်လာသူတစ်ဦး ဖြစ်သည်။ သို့သော် ထိုစစ်ဆင်ရေး မအောင်မြင်ခဲ့ပေ။ ၁၉၇၂ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် လစ်ဒီ၊ ဟန့်နှင့် သူတို့၏ ကျူးဘားအဖွဲ့သည် ဝါးတားဂိတ် အဆောက်အအုံအတွင်းရှိ ဒီမိုကရက်တစ် အမျိုးသားကော်မတီ ရုံးခန်းအတွင်းသို့ ခိုးဝင်ခဲ့ကြသည်။

CREEP အဖွဲ့၏ လုံခြုံရေးတာဝန်ခံ ဂျိမ်းစ် မက်ကော့က ထိုရုံးခန်းအတွင်းရှိ ဖုန်းလိုင်း နှစ်လိုင်းကို ခိုးနားထောင်နိုင်ရန် ပစ္စည်းများ လျှို့ဝှက်တပ်ဆင်ခဲ့သည်။ သူတို့ ချိတ်ခဲ့သည့် လိုင်းထဲမှ တစ်လိုင်းသည် အရေးကြီးသည့် စကားများ ပြောရန်အတွက် အသုံးပြုသည့် လိုင်း ဖြစ်သည်။

ပိုက်ပြင်သမားများသည် ၁၉၇၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ညတွင် နောက်တစ်နေရာ ပြောင်းရန် ဆုံးဖြတ်ကြသည်။ ထိုညကျမှ ဒုက္ခနှင့် ရင်ဆိုင်လိုက်ရတော့သည်။ နိုးကြားမှုရှိသည့် ညစောင့်တစ်ယောက်က ရဲကို ခေါ်လိုက်သဖြင့် ဝါးတားဂိတ် အဆောက်အအုံ၏ ခြောက်ထပ်တွင် ဖောက်ထွင်းဝင်ရောက်သူ ငါးဦးကို ဖမ်းဆီးရမိလိုက်သည်။ သူတို့ထံမှ ဖောက်ထွင်းရန်အတွက် အသုံးပြုသည့် ပစ္စည်းများ၊ ဝေါ်ကီတော်ကီ စကားပြောစက်များနှင့် များပြားသည့် ငွေကြေးများကို ဖမ်းဆီးရမိလိုက်သည်။ သူတို့က အမည်များကို ပြောင်းပေးလိုက်ကြသည်။ သို့သော် စစ်ဆေးသူများက သေသေချာချာ စစ်ဆေးကြည့်မှ သူတို့ဘဝမှန်ကို သိရှိသွားကြသည်။ ထိုဖောက်ထွင်းရေးသမား ငါးယောက်မှာ ဂျိမ်းစ် မက်ကော့၊ စီအိုင်အေ အေးဂျင့်ဟောင်း ဘားနတ် ဘေကာ၊ အမေရိကန်ဖွား ကက်စ်ထရို ဆန့်ကျင်ရေးသမား ကြေးစား တိုက်ခိုက်ရေးသမား ဖရန့် စတာဂိစ်၊ ကျူးဘားနှစ်ယောက် ဖြစ်သော ဗာဂီလီယို ဂွန်ဇာလက်နှင့် သော့ပြင်သမား ယူဂျီနို မာတီနက်တို့ ဖြစ်သည်။ လစ်ဒီ၊ ဟန့်နှင့် စီအိုင်အေ စုံထောက်ဟောင်း အဲလ်ဖရက် စီ ဘော်လ်ဒွင်တို့သည် ဝါးတားဂိတ် အဆောက်အအုံနှင့် မနီးမဝေးတွင် စီစဉ် ညွှန်ကြားနေသော်လည်း အခြေအနေမလှသဖြင့် ထွက်ပြေး လွတ်မြောက်သွားကြသည်။

ဖမ်းဆီးရမိသူများကလည်း သူတို့အစီအစဉ်နှင့် သူတို့ ဖောက်ထွင်းဝင်သယောင် ဝန်ခံကြသည်။ သို့သော် စီစဉ် ညွှန်ကြားနေသူများတွင် အောက်ခြေမှ သမ္မတအထိ ပါဝင်ပက်သက်မှုတွေက ရှိနေသည်။ နစ်ဆင်က ထို ဖောက်ထွင်းဝင်ရောက်သည့် သတင်းကို သူ ကြားရစဉ်တွင် ဖလောရီဒါရှိ ကီးဘစ်ကေးနီးတွင် အားလပ်ရက် အပန်းဖြေနေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် သူက ဒီမိုကရက်တစ် အမျိုးသား ကော်မတီ ဌာနချုပ်သို့ ဖောက်ထွင်းဝင်ရောက်ခြင်းသည် မိုက်မဲသည့် အပြုအမူအဖြစ် တုံ့ပြန်ပြောဆိုခဲ့သည်။ သူက ကိုယ်တိုင်ရေး မှတ်တမ်းတွင် အမျိုးသား ကော်မတီ ဌာနချုပ်ရုံး ဆိုသည်မှာ နိုင်ငံရေးအရ သမ္မတ ရွေးချယ် တင်မြှောက်ပွဲအတွက် အရေးမပါသည့် နေရာတစ်နေရာအဖြစ် ရေးသားခဲ့သည်။

ဖောက်ထွင်းသမား ငါးဦးကို ဇွန်လ ၁၇ ရက်နေ့တွင် တရားရုံးသို့ တင်ပြီး စတင်စစ်ဆေးခဲ့သည်။ ထိုသူတို့က သူတို့သည် ကွန်မြူနစ် ဆန့်ကျင်ရေးသမားများ ဖြစ်ကြောင်း ပြောကြသည်။ မက်ကော့က သူသည် စီအိုင်အေမှ ဖြစ်ကြောင်း မပွင့်တပွင့် ပြောကြားခဲ့သည်။ သတင်းမီဒီယာက မက်ကော့ကို CREEP ၏ လုံခြုံရေးတာဝန်ခံ အဖြစ် ဖော်ပြကြသော်လည်း မစ်ချဲလ်၏ အစစ်ခံချက်တွင် မက်ကော့သည် ယာယီလုံခြုံရေး တာဝန်ခံအဖြစ် လွန်ခဲ့သည့် တစ်လကမှ ငှားရမ်းထားသူ ဖြစ်ကြောင်း ထွက်ဆိုပေးခဲ့သည်။

ဇာတ်လမ်းက ဤတွင် အဆုံးသတ်သွားဖွယ်ရာ ရှိသည်။ သို့သော် ဝါရှင်တန်ပို့စ် သတင်းစာတိုက်မှ လူငယ် သတင်းထောက် နှစ်ယောက် ဖြစ်သည့် အသက် ၂၉ နှစ် အရွယ် ဘော့ဝုဒ်ဝပ်နှင့် အသက် ၂၈ နှစ်အရွယ် ကားလ်ဘားစတိန်း တို့ကြောင့် ဇာတ်လမ်းက ယခုမှ အစဟု ပြောရမလို ဖြစ်သွားသည်။ သူတို့နှစ်ယောက်သည် ဖောက်ထွင်းရေးသမားနှစ်ဦး၏ လိပ်စာများ ရေးမှတ်ထားသည့် စာအုပ်များတွင် မထင်မှတ်ဘဲ ဟောင်းဝပ်ဟန့်၏ အမည်ကို သွားတွေ့လိုက်ကြရသည်။ ၁၉၇၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဝါရှင်တန်ပို့စ် သတင်းစာကြီးမှ ဟောင်းဝပ်ဟန့်သည် နစ်ဆင်၏ အထူးအကြံပေးအရာရှိ ချားလ်စ် ကိုလ်ဆန်ထံတွင် အကြံပေး လုပ်နေသူတစ်ယောက် ဖြစ်သည်ဟု ဖော်ထုတ် ရေးသားလိုက်သည်။ ဤဆက်နွယ်မှုသည် မထင်မှတ်ဘဲ သမ္မတကို စိန်ခေါ်လိုက်သလို ဖြစ်သွားသည်။

ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း – ၂)

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts