ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (ခ) (အပိုင်း – ၃) ~~~~
စာပိုဒ် (ဏ)
ထိုသို့ဆိုလျှင် အတုံ့အပြန် အချစ်မခံရသော ချစ်နေသူအဖို့မှာ မိတ်ဆွေ ဟူ၍ ရှိနိုင်ပါဦးမည်လော။
မရှိနိုင်တော့ပါ။
ထိုသို့ဆိုလျှင် မြင်း၏ အတုံ့အပြန် ချစ်ခြင်းကို မခံရသော ကိစ္စ၌ မြင်းကို ချစ်နေသူ မရှိနိုင်။ ထိုနည်းတူစွာ အတုံ့အပြန် ချစ်ခြင်းကို မခံကြရလျှင် ငုံးကို ချစ်နေသူ မရှိနိုင်၊ ခွေးကို ချစ်နေသူ မရှိနိုင်၊ ဝိုင်အရက်ကို ချစ်နေသူ မရှိနိုင်၊ အားကစားကို ချစ်နေသူ မရှိနိုင်၊ အသိပညာကို ချစ်နေသူ မရှိနိုင်၊ ထိုသို့ပင် ဆိုကြရတော့မည်ကဲ့သို့ ဖြစ်သည်။ သို့တည်းမဟုတ် ဆိုခဲ့သော အရာတို့၏ အတုံ့အပြန် ချစ်ခြင်းကို မခံကြရစေကာမူ ထိုသို့ မခံကြရသော သူတို့သည် ဆိုခဲ့သော အရာတို့ကို ချစ်နေကြသူများသာ ဖြစ်၏ ဆိုရလိမ့်မည်။ ထိုသို့ မဆိုချင်လျှင် ‘အကြင်သူ၌ သူချစ်သော သားသမီးတို့ ရှိကြ၏။ အချအနင်းကောင်းသော မြင်း ရှိ၏။ အနံ့ခံကောင်းသော အမဲလိုက်ခွေး ရှိ၏။ ခရီးထွက်သည့်အခါ ကြိုဆိုဧည့်ခံမည့်သူ ရှိ၏။ ထိုသူသည် ချမ်းသာသုခကို ရ၏။’ ဟု ဖွဲ့ဆိုခဲ့သော စာဆိုတစ်ဦး၏ စကားကို မှားပြီဟု အသင် ဆိုရလိမ့်မည်။ အသင် ဆိုမည်လော။
ဆော့ခရတ္တိ၊ စာဆို၏စကားကို မှားသည်ဟု မဆိုနိုင်ပါ။
မှားသည်ဟု မဆိုနိုင်လျှင် မှန်သည်ဟု ဆိုရမည်လော။
မှန်သည်ဟု ဆိုရမည်သာ။
အချင်း မီနီဇိန၊ မှန်သည်ဟု အသင် ဆိုလျှင် အချစ်ခံရသူက ပြန်၍ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အချစ်ခံရသူသည် ချစ်နေသူ၏ မိတ်ဆွေ ဖြစ်၏ဟု ဆိုရတော့မည်ကဲ့သို့ ဖြစ်လာပြန်ပြီ။ ပုံစံပြရသည် ရှိသော် ငယ်လွန်းလှသဖြင့် ချစ်ရမှန်း ခင်ရမှန်း မသိသေးသော၊ သို့တည်းမဟုတ် မိဘက မြည်တွန်တောက်တီး၍ ဆုံးမလျှင် မိဘကို မုန်းချင်သော သားသမီးတို့သည် ရှိတတ်ကြ၏။ ထိုသားသမီးတို့က ပြန်၍ မချစ်ကြစေကာမူ မုန်းကြစေကာမူ ရှိတတ်ကြ၏။ ထိုသားသမီးတို့က ပြန်၍ မချစ်ကြစေကာမူ မုန်းကြစေကာမူ ထိုသားသမီးတို့သည် မိဘ၏ အချစ်ဆုံးသော မိတ်ဆွေများသာ ဖြစ်ကြသည်။
ဆော့ခရတ္တိ၊ ဟုတ်ပေ၏။
မီနီဇိန၊ ဟုတ်ပေ၏ ဟု အသင်ဆိုလျှင် ချစ်နေသူသည် မိတ်ဆွေမဟုတ်။ အချစ်ခံရသူကိုသာ မိတ်ဆွေဟု ဆိုရပေတော့မည်။
ဆိုရမည်ပါ့။
ထိုသို့ဆိုလျှင် မုန်းနေသူသည် ရန်သူမဟုတ်။ အမုန်းခံရသူကိုသာ ရန်သူဟု ဆိုစရာ ဖြစ်နေပြီ။
အချင်း မိနီဇိန၊ ထိုဆင်ခြေအရသော် များစွာသော လူအပေါင်းတို့သည် အမုန်းခံရသူတို့၏ (ဝါ) ရန်သူတို့၏ အချစ်ကို ခံနေကြရ၍ အချစ်ခံရသူတို့၏ ဝါ မိတ်ဆွေတို့၏ အမုန်းကို ခံနေကြရ၏ဟု လည်းကောင်း၊ များစွာသော လူအပေါင်းတို့သည် ရန်သူများ၏ မိတ်ဆွေများ ဖြစ်ကြ၍ မိတ်ဆွေများ၏ ရန်သူများ ဖြစ်ကြ၏ဟု လည်းကောင်း ကောက်ရတော့မည်ကဲ့သို့ ဖြစ်နေပြီ။ စင်စစ်မှာ ထိုဆင်ခြေသည် ဝိရောဓိဒေါသ သင့်နေသည်။ လောက၌ မဖြစ်နိုင်သော ဆင်ခြေပင်။ ထိုသို့ မဟုတ်ပါလော။
ဟုတ်ပါသည်။ ဝိရောဓိဒေါသ သင့်နေသော ဆင်ခြေပင်။
စာပိုဒ် (တ)
အချင်း မီနီဇိန၊ အချစ်ခံရသူသည် ချစ်နေသူ၏ မိတ်ဆွေဖြစ်၏ ဟူသော ဆင်ခြေကို ဝိရောဓိဒေါသသင့်၏ ဟု အသင်ဆိုလျှင် ချစ်နေသူသည် အချစ်ခံရသူ၏ မိတ်ဆွေဖြစ်၏ဟု အသင် ဆိုချင်ပါသေးသလော။
ဆော့ခရတ္တိ၊ ထိုသို့ ဆိုစရာ ဖြစ်နေပြန်ပြီ။
ကောင်းပြီ၊ ချစ်နေသူသည် အချစ်ခံရသူ၏ မိတ်ဆွေဖြစ်၏ဟု ဆိုချင်သေးလျှင် မုန်းနေသူသည် အမုန်းခံရသူ၏ ရန်သူဖြစ်၏ဟု ကောက်ရဦးတော့မည်ကဲ့သို့ ဖြစ်လာပေလိမ့်မည်။
ဟုတ်ပေ၏။ ဆင်ခြေအရသော် ကောက်ရဦးတော့မည်ကဲ့သို့ ဖြစ်သည်။
ထိုသို့တပြီးကား၊ ရှေ့နားက ဆိုခဲ့ကြသော စကားတို့၌ မကောက်ချင်ဘဲ ကောက်ခဲ့ကြရသကဲ့သို့ ယခုဆိုသော စကားတို့၌လည်း မကောက်ချင်ဘဲ ကောက်ကြရဦးမည်သာ။ လူတစ်ဦးတစ်ယောက်သည် သူ့ကို မချစ်သောသူကိုသော်လည်းကောင်း၊ သူ့ကို မုန်းနေသောသူကိုသော်လည်းကောင်း ချစ်နေရသည်ဖြစ်လျှင် ချစ်နေရသော ထိုသူသည် သူ့မိတ်ဆွေ မဟုတ်သော သူ၏ မိတ်ဆွေသော်လည်းကောင်း၊ သူ့ရန်သူ ဖြစ်နေသောသူ၏ မိတ်ဆွေသော်လည်းကောင်း ဖြစ်၏ဟု မကောက်ချင်ဘဲ ကောက်ကြရတော့မည် မဟုတ်ပါလော။ ထို့ပြင် ထိုသူသည် သူ့ကို မမုန်းသောသူကိုသော်လည်းကောင်း၊ သူ့ကို ချစ်သောသူကိုသော်လည်းကောင်း မုန်းနေသည်ဖြစ်လျှင်၊ မုန်းနေရသော ထိုသူသည် သူ့ရန်သူ မဟုတ်သောသူ၏ ရန်သူသော်လည်းကောင်း၊ သူ့မိတ်ဆွေဖြစ်သော သူ၏ ရန်သူသော်လည်းကောင်း ဖြစ်၏ဟုလည်း မကောက်ချင်ဘဲ ကောက်ကြရတော့မည် မဟုတ်ပါလော။
ဟုတ်ပေ၏၊ ကောက်ရတော့မည်ကဲ့သို့ပင်။
စာပိုဒ် (ထ)
သို့ရာတွင် မီနီဇိန၊ ချစ်နေသူလည်း အချစ်ခံရသူ၏ မိတ်ဆွေ မဟုတ်လျှင်၊ အချစ်ခံရသူလည်း ချစ်နေသူ၏ မိတ်ဆွေ မဟုတ်လျှင်၊ မည်သူမျှ မိတ်ဆွေမဟုတ်လျှင် ပသို့နည်း။ မည်သူ့ကို မိတ်ဆွေဟု ဆိုရမည်နည်း။ မိတ်ဆွေဟု ဆိုအပ်သော သူသည် လောက၌ ရှိပါသေးသလော။ ရှာကြည့်ပါဦး။
အချင်း ဆော့ခရတ္တိ၊ ကျွန်တော် မရှာတတ်တော့ပြီ။
မီနီဇိန၊ မိတ်ဆွေ၏ သဘာဝကို သိချင်၍ ရှာကြရာတွင် ရှာပုံရှာနည်း လွဲနေကြပြီ ထင်သည်။ ရေလိုက်လွဲနေကြပြီ ထင်သည်။
ကျွန်ုပ်က ထိုသို့ ဆိုလိုက်သောအခါ အချင်း ဆော့ခရတ္တိ၊ ရေလိုက်လွဲကုန်ကြပြီဟု လိုင်စီငယ်က ဝင်၍ ပြောပါသည်။ ထိုသို့ပြော၍ သူ ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့နှင့် မီနီဇိနတို့ ပြောဟောနေကြသော စကားတို့၌ သူလည်း စိတ်ဝင်စား၍ သူ့ကိုယ်တိုင် မျက်ခြည်မပြတ်လိုက်နေရာမှ သူ့အလိုအလျောက် လွှတ်ခနဲ ပြောလိုက်မိသော သူ့စကားကြောင့် ဖြစ်သည်။ သူ နားထောင်နေစဉ်က အာရုံစိုက်ခဲ့သော သူ၏ မျက်နှာရိပ် မျက်နှာကဲကို ထောက်၍ သိနိုင်သည်။
ဆွေးနွေးပွဲ၌ လိုင်စီငယ် စိတ်ပါဝင်စားခြင်း ရှိသည်ကို သိရသဖြင့် ကျွန်ုပ် အလွန်ဝမ်းမြောက်သည်။ တစ်ဖန် မီနီဇိနကိုလည်း ကျွန်ုပ် အနားပေးလိုသည်။ ထို့ကြောင့် ကျွန်ုပ်သည် လိုင်စီငယ်ဘက်သို့ လှည့်၍ အချင်းလိုင်စီငယ်၊ အသင်ဆိုသော စကားသည် မှန်လှပေသည်။ ကျွန်ုပ်တို့ အသုံးပြုခဲ့ကြသော ရှာပုံရှာနည်းသာ မှန်ကန်သည်ဖြစ်ပါက ထိုမျှလောက် တလွဲတချော် ဖြစ်မည်မဟုတ်ပါ။ ထို့ကြောင့် သုံးခဲ့သော ရှာပုံရှာနည်းကို မသုံးတော့ဘဲ ရပ်တန်းက ရပ်ချင်သည်။ ကျွန်ုပ်တို့ လျှောက်၍ရှာခဲ့ကြရာဖြစ်သော လမ်းတွင် ဆူးငြောင့်ခလုတ် အတန်များခဲ့သည်။ ထို့ကြောင့် လမ်းကြောင်းပြောင်း၍ လျှောက်ချင်သည်။ လိုင်စီငယ်၊ စာဆိုကဝိတို့ ဆိုတတ်ကြသော စာတစ်ပိုဒ် နောက်သို့ ကျွန်ုပ်တို့ လိုက်ကြည့်ကြမည်။ စာဆိုကဝိ ဟူသည် အသိအလိမ္မာကို ပေးတတ်သော အမိအဖဖြစ်သည်။ သူတို့၏ စာများတွင် မိတ်ဆွေ၏ သဘာဝကို အမှုမဲ့အမှတ်မဲ့ မဖွဲ့၊ အလေးအနက် ဖွဲ့ကြသည်။ စာဆိုကဝိ အချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့အောင် စာဆိုကဝိတစ်စုကို အဂ္ဂဘုံက စုစည်းပေးခဲ့ပြီဟုပင် သူတို့ ဆိုခဲ့ကြဖူးသည်။ သူတို့၏ ကဗျာများ၌
‘အဂ္ဂဘုံလျှင် တို့သခင်သည် သွင်တူဟူသရွေ့ ပေါင်းဖက်တွေ့အောင် နေ့ညမဟူ ကြိုးတော်မူ၏’ ဟူသော အဖွဲ့အနွဲ့ကို တွေ့နိုင်သည်။ အချင်း လိုင်စီငယ်၊ ထိုအဖွဲ့အနွဲ့ကို အသင်လည်း ကြားဖူးမည် ထင်သည်။
ဆော့ခရတ္တိ၊ ကြားဖူးပါသည်။
ထို့ပြင် ဓာတ်တူ သဘာဝတူ ဟူသည် မိတ်ဖက်ဖြစ်၏ဟု ဆိုကြသော ပညာရှိတို့၏ စကားကိုလည်း အသင်ကြားဖူးမည် ထင်သည်။ ထိုပညာရှိတို့သည် လောကဓာတ်သိပ္ပံ အကြောင်းကို ကျမ်းပြုခဲ့သူများ ဖြစ်ကြသည်။
ဆော့ခရတ္တိ၊ ထိုစကားကိုလည်း ကြားဖူးပါသည်။
စာပိုဒ် (ဒ)
ကောင်းပြီ။ ထို သိပ္ပံပညာရှိတို့၏ စကားသည် မှန်သည်ဟု အသင် ဆိုမည်လော။
မှန်ချင်လျှင်လည်း မှန်မည်ဟု ထင်ပါသည်။
ဟုတ်ပြီ။ ထက်ဝက်လောက် မှန်ချင်လျှင်လည်း မှန်လိမ့်မည်၊ အားလုံးစုံ မှန်ချင်လျှင်လည်း မှန်လိမ့်မည်။ ကျွန်ုပ်တို့မှာ သူတို့၏ ပညာကို တတ်သိနားလည်ခြင်း မရှိကြသဖြင့် အဘယ်မှာလျှင် တပ်အပ်သေချာ ပြောနိုင်ကြမည်နည်း။ ထို့ကြောင့် ကျွန်ုပ်တို့သိသမျှကိုသာ ကျွန်ုပ်တို့ ဆိုကြမည်။ ကျွန်ုပ် သိသည့်အတိုင်း ဆိုရမည်ဖြစ်လျှင် ဆိုးညစ်သောသူနှစ်ဦးသည် နီးနီးစပ်စပ် ပေါင်းမိကြလေလေ တစ်ဦးပေါ်တစ်ဦး ယုတ်မာလာကြလေလေ ဖြစ်သည်ဟု ကျွန်ုပ် ဆိုချင်သည်။ ထိုသူနှစ်ဦးသည် တစ်ဦးကို တစ်ဦး အန္တရာယ် ပြုတတ်ကြသည်ဖြစ်ရာ ထိုသူနှစ်ဦးတွင် တစ်ဦးက အန္တရာယ်ပြုသူ ဖြစ်လာနိုင်၍ တစ်ဦးက အန္တရာယ်အပြုခံရသူ ဖြစ်လာနိုင်သည်။ ထိုအခါ အန္တရာယ်ပြုသူ နှင့် အန္တရာယ်အပြုခံရသူတို့သည် မည်သည့်နည်းနှင့်မျှ မိတ်ဆွေမဖြစ်နိုင်ဟု ကျွန်ုပ် ယူဆချင်သည်။ လိုင်စီငယ်၊ အသင် မည်သို့ သဘောရသနည်း။
ဆော့ခရတ္တိ၊ အသင်ကဲ့သို့ပင် ကျွန်တော်လည်း ယူချင်ပါသည်။ မှန်သည်ဟု ထင်သည်။
ထိုသို့တပြီးကား၊ ဆိုးညစ်သူအချင်းချင်းကို အသွင်တူဟု ယူရမည် ဖြစ်လျှင် ပညာရှိတို့၏ အဆိုအမိန့်သည် အားလုံးစုံအားဖြင့် မမှန်နိုင်တော့ပြီ။ မှန်စရာရှိသေး၏ဟု ဆိုချင်လျှင် ထက်ဝက်အားဖြင့်သာ မှန်စရာ ရှိလိမ့်မည် ထင်သည်။
ဆော့ခရတ္တိ၊ ကျွန်တော်လည်း ထိုသို့ပင် တွေးမိသည်။
စင်စစ်မှာ ပညာရှိတို့သည် ကောင်းသူ အချင်းချင်းကိုသာ အသွင်တူဟု ဆိုလိုကြဟန် တူသည်။ ကောင်းသူအချင်းချင်းသာလျှင် မိတ်ဆွေဖြစ်နိုင်ကြ၏ဟု ဆိုလိုကြဟန် တူသည်။ ဆိုးညစ်သူအချင်းချင်းသည် မည်သည့်အခါမျှ တည့်နိုင်ကြမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆိုးညစ်သူတို့သည် လောဘစရိုက်၊ ဒေါသစရိုက်၊ မာနစရိုက် အားကြီးသောသူများ ဖြစ်သောကြောင့်ပင်။ သမာဓိ မရှိ၊ ဖောက်ပြန်တတ်သောသူများ ဖြစ်ကြသောကြောင့်ပင်။ သမာဓိ ဖောက်ပြန်တတ်သော သဘောရှိလျှင် အပေါင်းအသင်း မဖြစ်နိုင်။ သဟဇ မဖြစ်နိုင်။ ထိုသို့ပင် ကျွန်ုပ် ဆိုချင်သည်။ ဆိုထိုက်ပါသလော။
ဆော့ခရတ္တိ၊ ဆိုထိုက်ပါသည်။
ဆိုထိုက်သည်ဖြစ်လျှင် အချင်းလိုင်စီငယ်၊ အသွင်တူတို့သာ မိတ်ဆွေဖြစ်တတ်ကြ၏ဟု ဆိုခဲ့ကြသော ပညာရှိတို့၏ အာဘော်သည် ကောင်းသူအချင်းချင်းသာ မိတ်ဆွေဖြစ်တတ်ကြ၏ဟု လည်းကောင်း၊ ဆိုးညစ်သူသည် ကောင်းသူနှင့်လည်း မိတ်မဖြစ်နိုင်၊ ဆိုးညစ်သူနှင့်လည်း မိတ်မဖြစ်နိုင် ဟု လည်းကောင်း ဆိုလိုခြင်း ဖြစ်ဟန် တူသည်။ လိုင်စီငယ်၊ ထိုအဆိုကို အသင် လက်ခံပါသလော။
ဆော့ခရတ္တိ၊ လက်ခံပါသည်။
အသင် လက်ခံသည်ဖြစ်လျှင် မည်ကဲ့သို့သောသူမျိုးကို မိတ်ဆွေဟု ဆိုရမည်နည်း ဟူသော မေးခွန်းအတွက် ကျွန်ုပ်တို့ အဖြေရကြပြီ ထင်သည်။ ထိုအဖြေသည် အခြားမဟုတ်၊ ကိုယ်နှုတ်နှလုံး ကောင်းသူတိုင်းသည် မိတ်ဆွေဖြစ်၏ ဟူသော အဖြေပင်။ အချင်း လိုင်စီငယ်၊ ထိုအဖြေကို အသင် သဘောကျပါ၏လော။
ကျွန်ုပ်က ထိုသို့ မေးသောအခါ လိုင်စီငယ်သည် ခေါင်းညိတ်ပါသည်။