စိတ်ကောင်းရှိမှ စကားကောင်းထွက်တယ်

“စိတ်ကောင်းရှိမှ စကားကောင်းထွက်တယ်တဲ့” ဒီနေရာမှာ အကျိုးလိုလို့ ဖားတာ၊ လျှာဖျားလေးနဲ့ လျှောက်ပြောတာတွေကိုတော့ ဖယ်ထားလိုက်ပေါ့။ စကားကောင်း ဆိုတာ တစ်ဖက်သားကို ကောင်းစေချင်တဲ့စိတ်နဲ့ ပြောတဲ့စကား၊ စိတ်ချမ်းသာသွားအောင်၊ ကြည်လင်သွားအောင် ပြောတဲ့စကား၊ ဒါတွေကို ဆိုလိုပါတယ်။ မေတ္တာ၊ ကရုဏာတွေ အခြေခံထားတယ်။ တစ်ဖက်လူကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ သူ့ဖက်ကနေ ကြည့်ပြီးမှ ပြောတယ်။ ပြောတဲ့ ကိုယ့်ရဲ့ စိတ်ကလည်း ကြည်လင်နေတယ်။ ဒါကို Mindful communication လို့လည်း ခေါ်နိုင်ပါတယ်။

အခုချိန် ကျွန်တော်တို့ရဲ့ စကားတွေ ကောင်းသလား ပြန်ကြည့်ကြည့်။ များသောအားဖြင့်တော့ မကောင်းဘူး။ ဆိုရှယ်မီဒီယာမှာမှ မဟုတ်၊ ပြင်ပဆက်ဆံရေးတွေမှာလည်း ဒီလိုဖြစ်နေကြတယ်။ ဘာလို့ဆိုတော့ စိတ်တွေကမှ မကောင်းကြတာကိုး။မကောင်းဘူးဆိုတာက ယုတ်မာနေတယ် ဆိုလိုတာ မဟုတ်ဘူး။ မြင်သာအောင် နမူနာ ပေးရရင် ဒီအစားအသောက်က အဆိပ်မပါဘူး ဆိုတိုင်း လူနဲ့တည့်တာ မဟုတ်ဘူး။ အောက်ပြုတ်ကျထားလို့ ညစ်ပတ်သွားရင်လည်း စားတဲ့သူကို ဒုက္ခပေးနိုင်တာပဲ။

ကျွန်တော်တို့တွေရဲ့ စိတ်တွေလည်း အဲ့လိုပဲ။ သူများအပေါ်တော့ မယုတ်မာပေမဲ့ အညစ်အကြေးတွေ ရှိနေရင် ကိုယ့်ကို ပူလောင်စေမှာပဲ။ ကိုယ်တင်လားဆိုတော့ မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်ကိုပါ အဲ့ဒီအပူက ကူးစက်တယ်။ဒါကလည်း ဟိုတစ်နေ့က စကားဝိုင်းမှာ ဆရာတစ်ယောက် ပြောသွားသလို Normal response to abnormal situation ပေါ့။ ခုလို ပုံမှန်မဟုတ်တဲ့ အခြေအနေကြီးမှာ တွေ့ရလေ့ရှိတဲ့ တုံ့ပြန်မှုတွေပဲ။ ခုလိုအချိန် ပျော်နေတယ် ဆိုတာကမှသာ ပြဿနာ ရှိတယ် ဆိုရမယ်။ ဘယ်သူဘာဖြစ်ဖြစ် ငါ အဆင်ပြေနေရင် ပြီးရော ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်ထားမျိုး ရှိနေတာမျိုး။ ဆိုတော့ ဒါတွေက သာမန်ပဲ။ မှားနေတာလည်း မဟုတ်ဘူး။ စာဖတ်သူတွေလည်း ဖြစ်တယ်။ ကျွန်တော်လည်း ဖြစ်တယ်။ တော်တော်များများလည်း ဖြစ်ကြမှာပဲ။အပြစ်ရှိသလိုတွေ ခံစားနေရမယ်။ အဲ့ဒီကနေတစ်ဆင့် ဖြစ်လာတဲ့ စိတ်မလုံခြုံမှု (Mental insecurity) ကနေ သူတစ်ပါးကို အရင်ဦးအောင် အပြစ်ပြောတာတွေ လုပ်မိတတ်တယ်။

မိသားစုတွေနဲ့ ခွဲခွာရတယ်။ တချို့ အသက်ပေးသွားရတဲ့သူတွေ ရှိတယ်။ စီးပွားတွေ ပျက်တယ်။ အလုပ်အကိုင်တွေ ဆုံးရှုံးတယ်။ အနာဂတ်ကလည်း မှောင်မိုက်ဆဲ။ ဘယ်တော့မှ ပြီးမယ်ဆိုတာ မသိနိုင်ဘူး။ ပြောရရင် လူကို စိတ်ထိခိုက်စေတဲ့၊ ပျော်ရွှင်မှုကို ဖျက်ဆီးတဲ့ အဓိကအချက်တွေအကုန် ကျွန်တော်တို့မှာ ရှိနေတယ်။ အဲ့တော့ ဆဲလွယ်တယ်။ အပြစ်တင်လွယ်တယ်။ အဆိုးမြင်လွယ်တယ်။ တစ်ဖက်မှာလည်း မရည်ရွယ်ဘဲနဲ့ စိတ်ဓါတ်ကျစေမဲ့ စကားတွေ ပြောမိတတ်ကြတယ်ပေါ့။

စကားကောင်း ဆိုတာ False hope တွေနဲ့ မိုတီပေးဖို့ မဟုတ်ဘူး။ လိုနေ၊ လွဲနေတာတွေကို ဖုံးဖိဖို့လည်း မဟုတ်ဘူး။ သို့သော် ဆောင်းပါးအစမှာ ရေးခဲ့သလို မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာစိတ်တွေ အခြေခံပြီး စိတ်ဓါတ်မကျအောင်၊ အင်တိုက်အားတိုက်နဲ့ ဆက်လက်ပါဝင်ချင်စိတ်တွေ ဖြစ်လာအောင်၊ လွဲနေတာတွေ တည့်မတ်လာအောင် ကျွန်တော်တို့ အချင်းချင်း အားပေးကြဖို့၊ ဖေးကူကြဖို့၊ ထောက်ပြကြဖို့ လိုပါတယ်။အဲ့လိုလုပ်နိုင်ဖို့ဆိုတာက အရင်ဆုံးအနေနဲ့ ကိုယ့်စိတ်က တည်ငြိမ်နေဖို့၊ တတ်နိုင်သမျှ အညစ်အကြေး ကင်းနေဖို့ အရေးကြီးတယ်။ ကျန်းမာမှ တော်လှန်နိုင်မှာ ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာတင်ကမဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အလေးထားကြစေချင်ပါတယ်။

စိတ်ဆိုတာကလည်း ခန္ဓာကိုယ်စွမ်းအင်နဲ့ တူပါတယ်။ အကန့်အသတ်မရှိ သုံးနေနိုင်မှာ မဟုတ်ဘူး။ ပင်ပန်းလွန်းလာရင် ခန္ဓာကိုယ်မှာ အားကုန်သွားတတ်သလို စိတ်မှာလည်း အားကုန်သွားတတ်တာ ရှိတယ်။ သွားရမဲ့ ခရီးက လိုပါသေးတယ်။ ဒီတော့ ကိုယ့်စိတ်အားတွေကို တကယ်အရေးကြီးတဲ့ နေရာတွေမှာသာ အင်တိုက်အားတိုက် သုံးပါ။ အနားယူသင့်တဲ့အခါ ယူပါ။ စိတ်အညစ်အကြေးတွေကိုလည်း တတ်နိုင်သမျှ လျှော်ဖွပ်ပါ။ ဒါမှသာ ခရီးအဆုံးထိ ကျွန်တော်တို့ ချီတက်နိုင်ကြမှာ ဖြစ်ပါတယ်။

စိတ်ကောင်းရှိမှ စကားကောင်းထွက်တယ် အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

openmoreonline

Related Posts