မြန်မာနိုင်ငံ

ပြည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ့ အခမ်းအနား

မြန်မာနိုင်ငံသည် ၄ ဇန်နဝါရီ၊ ၁၉၄၈ နံနက် ၄ နာရီ ၂၀ မိနစ်တွင် ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးရရှိကာ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်လာခဲ့သည်။ ပထမဆုံး
သော လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ပတ်သက်၍ ဦးသန့် ( နောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်)က မှတ်တမ်းတင်ခဲ့ဖူးသကဲ့သို့ ထိုခေတ်ကာလ သိမီသူများကလည်း ပြန်လည်ပြောပြခဲ့
ကြသည်။ ထိုခေတ်ကာလ အခမ်းအနား ကျင်းပခဲ့ကြပုံကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်

ပါလီမန်လွှတ်တော်ရင်ပြင်
နံနက် ၄ နာရီ အချိန်တွင် တိုင်းပြည်ပြုလွှတ်တော် မျက်နှာစာရှိ အလံတိုင်ရှိရာ မြက်ခင်းပြင်သို့ ယာယီသမ္မတ စဝ်ရွှေသိုက် ရောက်ရှိလာခဲ့သည်။ သူနှင့်အတူ ကိုယ်ရံတော် ဗိုလ်များ
ဖြစ်ကြသည့် ကာနယ်မြင့်သိန်း၊ ကာနယ်ထင်စီတို့အပြင် အတွင်းဝန် ဦးရွှေဘော်၊ အိမ်တော်ဝန် ဦးစံဖေတို့ လိုက်ပါလာခဲ့ကြသည်။ ထို့ပြင် ယာယီဝန်ကြီးချုပ် သခင်နု၊ ယာယီပါလီမန် လွှတ်တော်
ဥက္ကဌ၊ ယာယီဝန်ကြီးများလည်း ရောက်ရှိလာခဲ့ကြသည်။ ၎င်းပြင် တိုင်းမင်းကြီးများ၊ ရာထူးဝန်အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြား အထူးသံတမန်များ၊ ရာဇဝတ်တရားသူကြီးများလည်း
စူရုံးရောက်ရှိခဲ့ကြသည်။

တပ်များကို စုစည်းခြင်း
စည်တော်ရွမ်းလိုက်ချိန်တွင် နိုင်ငံတော်ယာယီသမ္မတကြီး စဝ်ရွှေသိုက် အဆောင်အယောင်များဖြင့် ဆင်ဝင်ရှေ့သို့ ထွက်လာခဲ့သည်။ ထို့နောက် စည်တော်ရပ်သွားကာ ကရင်အမျိုး
သားတပ်၏ ဘင်ခရာသံနှင့်အတူ သမ္မတကြီးက ဗမာ့တပ်မတော်၊ ဗမာ့ရေတပ်၊ ဗမာ့လေတပ်၊ သောင်းကျန်းမှု နှိမ်နင်းရေးတပ်၊ ဗမာ့လက်နက်ကိုင် ပုလိပ်အဖွဲ့တို့အား တစ်တပ်ပြီးတစ်တပ်
လိုက်လံစစ်ဆေးခဲ့သည်။ ထိုအချိန်အထိ အလံတိုင်ထိပ်မှ ယူနီယံဂျက်အလံက ဆောင်းလေကြောင့် တဖျပ်ဖျပ် လှုပ်ရှားနေဆဲဖြစ်သည်။

ယူနီယံဂျက်အလံကို ရုပ်သိမ်းခြင်း
နံနက် ၄ နာရီ ၁၉ မိနစ်တွင် ပရိသတ်အားလုံး ငြိမ်ကြရန် မီးရောင်အချက်ပေးပါသည်။ အလံတိုင်၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် အသီးသီးရပ်နေကြသော ဗာမင်ဟမ်
စစ်သင်္ဘောမှ အရာရှိနှစ်ဦးနှင့် ဗမာ့ရေတပ်မှ အရာရှိ နှစ်ဦးတို့က အခါတော်ပေးအမြောက်သံကို နားစွင့်နေကြသည်။ နံနက် ၄ နာရီ ၂၀ မိနစ်တိတိတွင် ရန်ကုန်မြစ်ဆိပ်၌ ဆိုက်ကပ်ထား
သောဗာမင်ဟမ် စစ်သင်္ဘောမှ အမြောက်ပစ်ဖောက် အချက်ပေးလိုက်ပါသည်။ ထိုအခါ ဘင်ခရာတပ်ဖွဲ့က စတင်တီးမှုတ်လိုက်၏။
ယူနီယံဂျက်အလံက တဖြည်းဖြည်း တိုင်ထိပ်မှ ကျလာသည်။ အင်္ဂလိပ် ဘုရားရှိခိုးကျောင်းများမှ ခေါင်းလောင်းသံများ၊ ဥဩဆွဲသံများ ဆူညံသွားသည်။ သေနတ်ပစ်ဖောက်သံ၊
ဗြောက်အိုးဖောက်သံများနှင့်အတူ ကောင်းကင်ပြင်တစ်ခုလုံး မီးရှူးမီးပန်းများဖြင့် လင်းထိန်သွားသည်။ ယူနီယံဂျက်အလံကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်အလံ လွှင့်ထူခြင်း
ဗြိတိသျှအစိုးရ၏ ယူနီယံဂျက်အလံကို ချလိုက်သည်နှင့် တစ်ပြိုင်နက် ဗမာ့ရေတပ်မှ အရာရှိ စောချစ်စိန်က ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို တိုင်ထိပ်သို့ ကြိုးဖြင့် ဆွဲတင်
လွှင့်ထူလိုက်ပါသည်။ ထိုစဉ် စစ်တီးဝိုင်းမှ မြန်မာနိုင်ငံတော်သီချင်းကို တီးမှုတ်ပေးနေပါသည်။ အလံတော် တိုင်ထိပ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ပုဏ္ဏားတော်များက ခရုသင်း မှုတ်လိုက်
ကာ မင်းပရိသတ်အပေါင်းက မြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။ စည်တော်ကလည်း ရွမ်းလျက်ရှိသည်။

ပါလီမန်လွှတ်တော်ခန်းမ
နံနက် ၄ နာရီ ၄၀ မိနစ်တွင် ရန်ကုန်မြို့၊ အတွင်းဝန်ရုံးတွင်းရှိ ပါလီမန်လွှတ်တော်ခန်းမအတွင်းသို့ ပရိသတ်များ ဝင်ရောက်နေရာယူကြသည်။ ပရိသတ်စုံညီရောက်ရှိပြီးနောက်
၄ နာရီ ၄၅ မိနစ် အချိန်တွင် နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ် သခင်နု၊ ယာယီ ပါလီမန် ဥက္ကဌ ပျော်ဘွယ် ဦးမြတို့ ခန်းမအတွင်းသို့ ဝင်ရောက်လာရာ ပရိသတ်တို့က မတ်တတ်
ရပ် အရိုအသေပြုခဲ့ကြသည်။ သမ္မတကြီး စင်မြင့်ထက်၌ နေရာယူပြီးနောက် သမ္မတရာထူးကို လက်ခံသိမ်းပိုက်ကြောင်း ကြေညာလိုက်သည်။ ထို့နောက် ပြည်ထောင်စု မြန်မာနိုင်ငံတော်
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ပရိသတ်အားလုံးက တစ်ခဲနက် ဩဘာပေးကြသည်။
ထို့နောက် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသူများအား ဂုဏ်ပြုသောအားဖြင့် ၂ မိနစ် ငြိမ်သက်နေကြသည်။ ယင်းနောက် ဝန်ကြီးချုပ် သခင်နုက “အောင်စေသတည်း”
အစချီ လွတ်လပ်ရေး ကြေညာစာတမ်းကို ဖတ်ကြားပါသည်။ ပြီးသောအခါ ဦးကျော်မြင့်လေးက တိုင်ပေးသည့် နိုင်ငံတော်သီချင်းကို စုရုံး ရောက်ရှိလာကြသည့် ပရိသတ်များက သီဆိုခဲ့ကြသည်။

ဘုရင်ခံအိမ်တော်
လွတ်လပ်ရေးနေ့ အခမ်းအနားကို ဘုရင်ခံအိမ်တော်၌လည်း ကျင်းပခဲ့သည်။ ဘုရင်ခံနေထိုင်ရာ အိမ်တော်မှာ ယခု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း ရှိခဲ့ဖူးသည် ဆိုသည်။
ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်) နေထိုင်ရာ အိမ်တော်သည် လွတ်လပ်ရေး ရရှိပြီးနောက် သမ္မတအိမ်တော် ဖြစ်လာခဲ့သည်။ နံနက် ၆ နာရီ မိနစ် ၃၀ တွင် ဘုရင်ခံအိမ်တော်၌ အာဏာလွှဲပြောင်း
ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ သမ္မတကြီး စဝ်ရွှေသိုက်နှင့် ဇနီး မဟာဒေဝီ၊ ဝန်ကြီးချုပ် ဦးနုနှင့် ဇနီး ဒေါ်မြရီ၊ စဝ်ခွန်ချို၊ ဗိုလ်လက်ျာ စသူတို့ တက်ရောက်ခဲ့
ကြသည်။
အချိန်ကျရောက်သောအခါ ဘုရင်ခံနှင့် ဘုရင်ခံကတော်တို့ အလံတင် အခမ်းအနားလုပ်မည့် နေရာသို့ ထွက်လာခဲ့ကြသည်။ ထို့နောက် ယူနီယံဂျက် အလံကို ချပြီး မြန်မာနိုင်ငံတော်
အလံကို လွှင့်ထူလိုက်ကြသည်။ မြန်မာနိုင်ငံတော်အလံ လွှင့်ထူစဉ် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်) အပါအဝင် ပရိသတ်များက အလံတော်အား အလေးပြုခဲ့ကြသည်။

ဘုရင်ခံပြန်လည်ထွက်ခွာ
ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)သည် အလံတင် အခမ်းအနား ပြီးဆုံးသည်နှင့် အိမ်တော်မှ သင်္ဘောဆိပ်သို့ တန်းဆင်းခဲ့သည်။ ထိုစဉ်က သင်္ဘောဆိပ်မှာ ပန်းဆိုးတန်း၌ တည်ရှိပါသည်။
သမ္မတကြီး စဝ်ရွှေသိုက် အပါအဝင် အားလုံးက လိုက်ပို့ကြသည်။ ဘုရင်ခံနှင့် ဇနီးတို့သည် ပန်းဆိုးတန်းဆိပ်တွင် ဆိုက်ကပ်ထားသော ဗာမင်ဟမ်စစ်သင်္ဘောဖြင့် ပြန်လည် ထွက်ခွာခဲ့ကြသည်။

ကန်တော်ကြီးအတွင်း အခမ်းအနား
ဘုရင်ခံကို သင်္ဘောဆိပ်သို့ လိုက်လံပို့ဆောင်ခဲ့ကြပြီးနောက် နံနက် ၈ နာရီ အချိန်တွင် ရန်ကုန်မြို့၊ ကန်တော်ကြီး၌ အခမ်းအနား ဆက်လက်ကျင်းပခဲ့ပါသည်။ သမ္မတ စဝ်ရွှေသိုက်၊
ဝန်ကြီးချုပ် သခင်နုတို့ မိသားစုများသည် ကရဝိတ်ဖောင်တော် စီးနင်းကာ ကန်တော်ကြီးအတွင်း လှည့်လည်စဉ် ကမ်းထက်မှ ပရိသတ်က လက်ပြနှုတ်ဆက်ခဲ့ကြသည်။ သမ္မတကြီး၊ ဝန်ကြီးချုပ်
နှင့် မိသားစုဝင်များကလည်း ပြန်လည် လက်ပြနှုတ်ဆက်ခဲ့ကြသည်။

ပျော်ပွဲရွှင်ပွဲများ
လွတ်လပ်ရေနေ့ ပျော်ပွဲရွှင်ပွဲများကို ရန်ကုန်မြို့ နေရာအနှံအပြားတွင် ကျင်းပခဲ့ကြသည်။ ရွှေတိဂုံ စေတီတော် အနောက်ဘက်မုခ်တွင် ပြခန်းများ၊ ဈေးဆိုင်ခန်းများဖြင့် စည်ကား
နေခဲ့သည်။ ရန်ကုန်မြို့တွင်သာမက မြန်မာပြည် မြို့ရွာအသီးသီးတွင် လည်းကောင်း၊ ပြည်ပ စတင်ဖွင့်လှစ်စ သံရုံးအချို့တွင်လည်းကောင်း လွတ်လပ်ရေးနေ့ အခမ်းအနားအဖြစ် ပျော်ပွဲရွှင်ပွဲ
များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။
ပထမဆုံး လွတ်လပ်ရေးနေ့တွင် ၃ ရက်နေ့ ညဘက် ညဉ့်နက်အထိ စားကြ သောက်ကြ၊ စကားပြောကြနှင့်မို့ ၄ ရက်နေ့ အလံတင်အခမ်းအနားသို့ အချိန်မီ မရောက်ခဲ့သည့် ဆရာကြီး
ကိုသန်း(ကြည့်မြင်တိုင်) ကမူ “ဆူးလေ ခုံးတံတားကြီးပေါ်ရောက်တော့ ကျွန်တော်တို့ ဂျစ်ကား ပိတ်မိနေတယ်။ ထွက်လာတာ နောက်ကျတော့ အတွင်းဝန်ရုံးမှာ လုပ်တဲ့ အလံတင် အခမ်းအနားကို
မမီတော့ဘူးလေ။ အလံတင်ပြီးလို့ အမြောက်တွေတောင် ဖောက်နေပြီ။ အဲဒီအချိန်မှာ ရန်ကုန်မြို့တစ်မြို့လုံး သေနတ်သံတွေ တညံညံနဲ့။ မိုးပေါ်ထောင် ဖောက်ကြတာ။ လွတ်လပ်ရေးရတဲ့
အထိမ်းအမှတ်အနေနဲ့ပေါ့” ဟု ပြန်လည်ပြောကြားခဲ့သည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်ထဲမှ ကူးယူဖော်ပြထားပါသည်။

Related Posts