နေ့စဉ်ပြုလုပ်လေ့ရှိသော

နေ့စဉ်ပြုလုပ်လေ့ရှိသော ကျန်းမာရေးထိခိုက်စေနိုင်သည့် တစ်ကိုယ်ရေသန့်ရှင်းရေး အမှားများ

နေ့စဉ်ပြုလုပ်လေ့ရှိသော ကျန်းမာရေးထိခိုက်စေနိုင်သည့် တစ်ကိုယ်ရေသန့်ရှင်းရေး အမှားများ

လူတိုင်းလူတိုင်းမှာ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်တာက အစပြုကာ ထမင်းမစားခင် လက်ဆေးတာလိုမျိုးအထိ နေ့စဉ် သန့်ရှင်းရေးပြုလုပ်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းအရာတွေလိုမျိုး ငယ်စဉ်ကတည်းက ပြုလုပ်နေကျအမူအကျင့်တွေ ရှိကြပါတယ်။ တချို့ကလည်း ဒီအကျင့်တွေကို မိဘဘိုးဘွားဆီကနေ ရတတ်ကြပြီး တချို့ကလည်း သူတို့လိုအပ်ချက်ကို သူတို့ဘာသာ ထွင်ကြရင်းနဲ့ နေ့စဉ်နေ့တိုင်း ပြုလုပ်ဖြစ်သွားပြီး အကျင့်ဖြစ်သွားကြတာပါ။ ဒီလိုအကျင့်တွေထဲကမှ ကျန်းမာရေးကောင်းမွန်တယ်လို့ ထင်တဲ့တစ်ကိုယ်ရေသန့်ရှင်းရေးတွေကို နေ့စဉ်ပြုလုပ်မိရာမှ မထင်မှတ်ဘဲ အမှားတွေ ဖြစ်နေတတ်ကြပါတယ်။

သင်နေ့စဉ်ပြုလုပ်နေကျ အောက်ပါအမူအကျင့်တွေကြောင့် သင့်ကို ရောဂါရရှိစေနိုင်တယ်ဆိုတာကိုတော့ သင်သိမှာမဟုတ်ပါဘူး။

နေ့စဉ် မျက်နှာကြေးချွတ်ခြင်း
မျက်နှာကို ကြေးချွတ်သန့်စင်တာက မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားနိုင်ပြီး အသားအရေကို နူးညံ့စေတယ်ဆိုတာ မှန်နိုင်ပေမယ့် နေ့စဉ်တော့ မပြုလုပ်သင့်ပါဘူး။ အရေပြားထိခိုက်ပြီး မျက်နှာနီရဲကာ ရောင်ရမ်းလာနိုင်ပါတယ်။

မိတ်ကပ်မျှဝေသုံးစွဲခြင်း
မိန်းကလေးအများစုက တစ်ယောက်ရဲ့အလှပြင်ပစ္စည်းကို တခြားတစ်ယောက်ကိုပေးပြီး အသုံးပြုတတ်ကြပါတယ်။ ဒီလိုမျက်တောင်ကော့ဆေးတွေ၊ နှုတ်ခမ်းနီတွေ၊ မိတ်ကပ်တွေကို မျှဝေသုံးစွဲတာကြောင့် ဘက်တီးရီးယားပိုးတွေက တစ်ယောက်ကနေတစ်ယောက် ကူးစက်နိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း ရေမချိုးခြင်း
လေ့ကျင့်ခန်းလုပ်ထားတာကြောင့် ချွေးစိုနေတဲ့အဝတ်တွေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ လွယ်ကူနိုင်ပါတယ်။ ဒါ့အပြင် အဲဒီချွေးစိုနေတဲ့အဝတ်ကနေ အရေပြားတွေ ယားယံနိုင်တာမို့ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းမှာ ရေချိုးပြီး အဝတ်အစားအသစ်ကို လဲလှယ်သင့်ပါတယ်။

နားကျပ်ဂွမ်းတံဖြင့် နားသန့်ရှင်းရေးလုပ်ခြင်း
နားအနေနဲ့ သူ့ဘာသာသူ သန့်စင်နိုင်တဲ့စနစ် ရှိပြီးသားဖြစ်တာကြောင့် အထူးသန့်စင်ပေးဖို့ မလိုအပ်ပါဘူး။ နားထဲကထွက်တဲ့ နားဖာချေးက အစိုဓာတ်ရှိနေပြီး ပတ်ဝန်းကျင်က ဖုန်မုန့်တွေကို နားတွင်းထဲ မရောက်အောင် တားဆီးပေးပါတယ်။ နားဖာချေးက အတုံးအခဲတွေဖြစ်ပြီး နားသိပ်မကြားရအောင် နားစည်ကို ပိတ်ဆို့နေမှသာ နားဆေးခန်းမှာ ဖယ်ရှားသင့်ပါတယ်။ မိမိဘာသာ နားထဲကို နားကျပ်တံလိုမျိုးပြင်ပ ပစ္စည်းထည့်လိုက်တာက နားထဲကို နားဖာချေးတုံးတွေ တွန်းပို့လိုက်သလိုဖြစ်ပြီး အလွန်အကျွံထိုးထည့်လိုက်မိတာကြောင့် နားစည်ပေါက်သွားနိုင်ပါတယ်။

သွားပွတ်တံတစ်ချောင်းတည်းကို ကာလရှည်စွာ အသုံးပြုခြင်း
ကျွန်မတို့ဟာ များသောအားဖြင့် သွားပွတ်တံအမွေးတွေ စုတ်ဖွာနေမှသာ အသစ်လဲလှယ်တတ်ကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ သွားပွတ်တံတစ်ချောင်းကို သုံးလထက်ပိုအသုံးမပြုဘဲ သွားပွတ်တံအသစ်လဲလှယ်သင့်တယ်လို့ ညွှတ်ပြထားပါတယ်။

ခြေသည်းလက်သည်းကို အသားနှင့် ကပ်နေအောင် ညှပ်ခြင်း
ဒီလိုမျိုး ညှပ်တာကြောင့် ခြေစွယ်၊ လက်စွယ် ငုပ်နိုင်ပါတယ်။

ရီမုကဲ့သို့ နေ့စဉ်သုံးပစ္စည်းများကို ပုံမှန်သန့်ရှင့်ရေးမလုပ်ခြင်း
တီဗီရီမု၊ အမှိုက်ပုံးအဖုံးနဲ့ မီးခလုတ်လိုမျိုး ပစ္စည်းတွေကို နေ့စဉ် သန့်စင်ပေးသင့်ပါတယ်။ ဒီပစ္စည်းတွေက ဘက်တီးရီးယားတွေ စုဆောင်းနေတဲ့နေရာ ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် တီဗီရီမုတွေမှာ အအေးမိရောဂါဗိုင်းရပ်စ်တွေက ခိုအောင်းနေပြီး သူတို့ဟာ နှစ်ရက်ခန့် အသက်ရှင်နိုင်တဲ့အတွက် သူ့ကို ထိမိ၊ ကိုင်မိသူတိုင်းကို ရောဂါကူးစက်နိုင်ပါတယ်။

လက်ခြောက်စက်ဖြင့် လက်အခြောက်ခံခြင်း
လက်ခြောက်ခံစက်တွေက ဟိုတယ်တွေနဲ့ အများသုံးအိမ်သာတွေမှာ ရှိနေတတ်ကြပါတယ်။ အိမ်သာတက်၊ လက်ဆေးပြီး ဒီအခြောက်ခံစက်တွေနဲ့ လက်အခြောက်ခံတာဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ကောင်းမွန်တယ်လို့ အများထင်မှတ်နေကြတာက မှားယွင်းနေပါတယ်။ ဒီအခြောက်ခံစက်က ထွက်လာတဲ့လေကတစ်ဆင့် ဘက်တီးရီးယားအများအပြား ပျံ့နှံ့ လွင့်ထွက်သွားပါတယ်။ ဒီဘက်တီးရီးယားတွေက အဆုတ်ထဲကို ရောက်သွားနိုင်သလို အရေပြားပေါ်ကိုလည်း ကပ်ငြိသွားပြီး ရောဂါရရှိနိုင်ပါတယ်။ ဒါကြောင့် တစ်ရှူးနဲ့ လက်သုတ်တာက အကောင်းဆုံးပါ။

ရေနွေးဖြင့် လက်ဆေးခြင်း
ရေပူရေနွေးရရှိတဲ့ ဟိုတယ်တွေရဲ့ အိမ်သာထဲ လက်ဆေးတဲ့အခါမှာ ရေနွေးနဲ့ လက်ဆေးတာက ပိုးမွှားတွေကို သေစေနိုင်ပြီး လက်ကို သန့်စင်ပေးနိုင်တယ်လို့ ထင်မှတ်တတ်ကြတာကလည်း မှားယွင်းပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ ဒီရေနွေးရဲ့ အပူချိန်က ပိုးမွှားတွေကို မသေစေနိုင်ဘူးလို့ သိရပါတယ်။ လက်ဆေးတဲ့ကြာချိန်က ရေအပူချိန်ထက် ပိုးမွှားတွေကို ပိုပြီးတော့ အရေးကြီးပါတယ်။ လက်ဆေးချိန်က ၂၅-၃၀ စက္ကန့်အထိ ရှိပါမှ ပိုးမွှားတွေကို သေစေနိုင်ပြီး လက်သန့်စင်သွားမှာပါ။ ဒါ့အပြင် ရေနွေးနဲ့ မကြာခဏ လက်ဆေးတာကြောင့် အရေပြားယားယံမှု ဖြစ်စေပြီး ရောင်ရမ်းမှုတွေ ဖြစ်လာနိုင်ပါတယ်။

ပန်းကန်ဆေးဘေစင်တွင် ပန်းကန်များစိမ်ထားခြင်း
ကျွန်မတို့တစ်တွေက အလုပ်များလွန်းတဲ့အခြေအနေကြောင့် ပန်းကန်တွေကို စုပုံထားပြီး ဆေးတတ်ကြပါတယ်။ ဘေစင်ထဲမှာ ပန်းကန်တွေကို စိမ်ထားတာက ဟင်းကျန်တွေထဲက ပိုးမွှားတွေပေါက်ဖွားဖို့အတွက် အလွန်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်သွားပါလိမ့်မယ်။ ဒီပိုးမွှားတွေကြောင့် အစာအဆိပ်သင့်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ပန်းကန်ဆေးဘေစင်ကို ပန်းကန်တွေ ဆေးပြီးတိုင်း သန့်စင်ဖို့ လိုအပ်သလို အသားငါး၊ ဟင်းသီးဟင်းရွက်တွေ ဆေးပြီးတိုင်းလည်း ဘေစင်ကို ပြန်လည်သန့်စင်ဖို့ လိုအပ်ပါတယ်။

Recycle bag များကို ဟင်းသီးဟင်းရွက်နှင့် အသားငါးဝယ်ရာတွင် မဆေးကြောဘဲ ထပ်ကာထပ်ကာ အသုံးပြုခြင်း
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အသားငါးတွေကို ဝယ်တဲ့အခါမှာ အိတ်တစ်အိတ်တည်းကိုဘဲ မဆေးကြောဘဲ ထပ်ကာထပ်ကာ အသုံးပြုမယ်ဆိုရင် ဘက်တီးရီးယားတွေ ကူးစက်ခံရနှုန်းမြင့်တက်လာနိုင်ပါတယ်။ အဲဒီအိတ်တွေကို တစ်ခါသုံးပြီးတိုင်း တစ်ခါဆေးကြောတာတွေ ပြုလုပ်ရပါမယ်။ ဒါမှမဟုတ်ရင်လည်း စက္ကူအိတ်တွေကိုသာ အသုံးပြုပါ။

အသားငါးလှီးသည့် စဉ်းတီတုံးကို ဟင်းသီးဟင်းရွက်လှီးရာတွင် အသုံးပြုခြင်း
အသားငါးနဲ့ ဟင်းသီးဟင်းရွက်လှီးတဲ့ စဉ်းတီတုံးကို ခွဲခြားပြီး အသုံးမပြုခဲ့ရင် ရောဂါကူးစက်နှုန်းကလည်း မြင့်မားပါတယ်။ အမှန်တကယ်တော့ အသားငါးလှီးဖို့အတွက် စဉ်းတီတုံးတစ်တုံး၊ ဟင်းသီးဟင်းရွက်လှီးဖို့အတွက် စဉ်းတီတုံးတစ်တုံးစီ သပ်သပ်ထားပေးသင့်ပါတယ်။ အသားငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကနေ ထွက်ကျလာတဲ့အရည်တွေက စဉ်းတီတုံးထဲ စိမ့်ဝင်သွားပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့အတွက် အကောင်းဆုံးအခြေအနေကို ရောက်ရှိသွားနိုင်တာကြောင့်ပါ။

ရုံးတွင်းကော်ဖီဖျော်စက်မှ ကော်ဖီယူသောက်ခြင်း
ကော်ဖီဖျော်စက်မှ (အထူးသဖြင့် ကော်ဖီထွက်ကျတဲ့နေရာမှာ) ဘက်တီးရီးယားတွေ အများအပြားရှိနေတတ်ကြပါတယ်။ ဒါကြောင့် ကော်ဖီဖျော်စက်ကို ရှလကာရည်နဲ့ မကြာခဏ ဆေးကြောပေးပါ။

ဆောင်းရာသီဝတ်အနွေးထည်အင်္ကျီများကို မလျှော်ဖွပ်ဘဲ အိတ်တစ်အိတ်တွင်း အကြာကြီး သိမ်းဆည်းထားခြင်း
ဆောင်းရာသီကုန်လို့ နွေဦးရောက်သွားတဲ့အတွက် ဆောင်းဝတ်အနွေးထည်တွေကို နောက်မှ လျှော်တော့မယ်ဆိုပြီး အိတ်တစ်အိတ်ထဲ အကြာကြီး ထည့်သိမ်းထားမိပါသလား။ ပိုးမွှားတွေပေါက်ဖွားဖို့ အကောင်းဆုံးအနေအထားကို ရောက်ရှိသွားပါလိမ့်မယ်။ အင်္ကျီတစ်ထည်ကိုဝတ်ပြီး နှစ်ပတ်အတွင်းမှာ လျှော်ဖွပ်ပါ။ အထူးသဖြင့် လက်အိတ်တွေနဲ့ လည်စည်းပဝါတွေကိုပါ။

အေးခဲထားသောအသားများကို အခန်းအပူချိန်အတွင်း ထားခြင်း
ဟင်းချက်ဖို့အတွက် ရေခဲသတ္တောထဲက အေးခဲထားတဲ့အသားတွေကို ထုတ်ယူပြီး မီးဖိုချောင်ထဲမှာ ဒီအတိုင်းထားတာက လူတိုင်းလုပ်တတ်တဲ့အကျင့်ပါ။ ရုတ်တရက်အပူချိန်အပြောင်းအလဲဖြစ်တာကြောင့် အစာအာဟာရဆိုင်ရာ အရည်အသွေးတွေ ကျဆင်းသွားနိုင်ပြီး ပိုးမွှားတွေ အများအပြားပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် မနက်ချက်မယ့် အသားငါးတွေကို ရေခဲခဲတဲ့နေရာကနေထုတ်ပြီး ရေခဲမခဲတဲ့ရေခဲသေတ္တာထဲကနေရာမှာ တစ်ညထားသင့်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts