မော်စီတုန်းနှင့် ချန်ကျင်း

နီရဲသော ဧကရီ သို့မဟုတ် ချန်ကျင်း (အပိုင်း-၃)

ဥပမာ ချန်ကျင်း လုပ်ဆောင်သမျှ အားလုံးသည် ဥက္ကကြီးမော်၏ ခွင့်ပြုချက်များအရသာ လုပ်ဆောင်ခြင်း ဖြစ်ပီး အမိန့်ကို နာခံသည့် သဘောသာဖြစ်ကြောင်း ပြောကြားချက်များ ဖြစ်သည်။ ထိုပြောဆိုမူမျိုးကို အသစ်တက်လာသည့်ခေါင်းဆောင်ပိုင်းက မလိုလားသည်ကတော့ အမှန်ပင်ဖြစ်သည်။ ၁၉၈၀ မော်စီတုန်း ဝါဒသည် ရေပန်းစားနေဆဲဖြစ်သည်။ ထိုစဉ်ကာလတွင်ခေါင်းဆောင်ကြီးကို ဝေဖန်တိုက်ခိုက်ခြင်းသည် ရာဇဝတ်မူပင် ဖြစ်သည်။ ဝေဖန်ရေးဆိုရာတွင် ခေါင်းဆောင်ပိုင်းကို လေသံတိုးတိုးဖြင့်ပင် မပြောဝံ့သည့် ကာလဖြစ်သည်။ လေးဦးဂိုဏ်းနှင့် မော်စီတုန်း နေရာကို ဆက်ခံမည့် ဥက္ကကြီး ဟွာကိုဖုန်းတို့ ဆက်စပ်နေသယောင်ယောင် အသံတွေလဲ ထွက်လာသည်။ ၁၉၇၆ ခုနှစ်ပိုင်းတွင် ဟွာကိုဖုန်း၏ လုပ်ရှားမူများသည် သူတို့နှင့် ဆက်စပ်မူမရှိကြောင်း ချန်ကျင်း ၏ ထွက်ချက်များက သက်သေပြနေသော်လည်း တရားစီရင်ဆဲ ကာလမှာပင် ဟွာကိုဖုန်း၏ ဩဇာအာဏာများ ကျဆင်းလာခဲ့ရကာ ပါတီမှ နှုတ်ထွက်ခဲ့ရသည်။ ဒု-ဥက္ကဌ တိန်ရှောင်ပင်က တရားရုံးတွင် ဟွာကိုဖုန်းသည် အပြစ်မရှိကြောင်း ထွက်ဆိုပေးရန် နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ဆိုကြသည်။

ချန်ကျင်းအား တရားစီရင်ခြင်းမှ ရပ်နားရခြင်း

အာဏာပိုင်များသည် ချန်ကျင်း၏ ဒေါသပေါက်ကွဲနေသည့် မြင်ကွင်းများကို ဆင်ဆာမဖြတ်ပဲ ပြသခဲ့ကြသည်။ ဒီဇင်ဘာ ၁၂ရက်တွင် ထင်ရှားသည့် စာရေးဆရာ လွိုင်မိုရှားသည် သက်သေခံရန် တရားရုံးသို့ ရောက်လာသည်။ သူက မော်စီတုံး၏ ဇနီးဖြစ်သူ အမိန့်ဖြင့် ထောင်ထဲတွင် ရှစ်နှစ်ခန့်နေခဲ့ရသည်ကို လာရောက်အစစ်ခံခြင်းဖြစ်သည်။ မျက်ရည်တွေသုတ်ရင်း အစစ်ခံနေသည့် မြင်ကွင်းက စိတ်မချမ်းသာစရာကောင်းလှသည်။ သူ့ထွက်ချက်များက ချန်ကျင်းကို ဒေါသတွေ ပေါက်ကွဲစေသည်။ လှောင်ပြုံး‌ ပြုံးနေရာမှ “သူလျှို” ဟု အသံကုန်အော်ဟစ်မိသည်ထိ ဖြစ်သည်။ တရားသူကြီးက ချန်ကျင်း အား တိတ်တိတ်နေရန် နှစ်ကြိမ်တိုင်တိုင် လျှပ်စစ်ခေါင်းလောင်းထိုးပီး သတိပေးခဲ့သည်။ ချန်ကျင်းက တရားရေးအဖွဲ့ဝင်တွေကို “သစ္စာဖောက်တွေ” ဟု ပြန်အော်သည်။ ထိုစဉ်တွင် သန်မာသည့် ရဲမေနှစ်ဦးက သူမကို လာပီးချူပ်ကိုင်ကာ တရားရုံးမှ ခေါ်ထုတ်သွားခဲ့သည်။ တရားစီရင်ခြင်းကိုလည်း ရပ်ဆိုင်းလိုက်ရသည်။

တရားရုံးထဲတွင် ချန်ကျင်း၏ ပေါက်ကွဲမူ

ချန်ကျင်း ကို တရားရုံးတွင် ထိန်းချုပ်ပီး ဆွဲထုတ်သွားရသည်မှာ အကြိမ်ကြိမ် ဖြစ်လာသည်။ အခြားစာရေးဆရာတစ်ယောက်ကို သက်သေအဖြစ် စစ်ဆေးစဉ်တွင်လည်း အလားတူ ဒေါသထွက်ကာ ပေါက်ကွဲမူ ဖြစ်ခဲ့သေးသည်။ ၁၉၇၀ ပြည့်နှစ်အထိ အသံဖမ်းယူခဲ့သော မှတ်တမ်းများကို ပြန်ဖွင့်ပြရာတွင်လည်း ချန်ကျင်းက ငြင်းဆိုခဲ့သည်။ အသံသွင်း မှတ်တမ်းများတွင် အသံသည် သူ့အသံဖြစ်ကြောင်းကို မငြင်းဆိုသော်လည်း တရားဥပဒေနှင့်အညီ စစ်ဆေးရန်ကိုသာ ချန်ကျင်းက တောင်းဆိုနေခဲ့သမည်။ အမျိုးသမီးရှေ့နေတစ်ဦးက စစ်မေးနေစဉ်ကာလတွင်လည်း ထိုရှေ့နေကို ငေါက်ငမ်းနေသဖြင့် တရားရုံးမှ ဆွဲထုတ်သွားရပြန်သည်။

ဒီဇင်ဘာ ၂၉ရက်နေ့တွင် တရားရုံး၌ ကြားနာမူများ ပြီးဆုံးလုနီးပါး ဖြစ်လာသည်။ တရားလို ရှေ့နေချုပ်က သေဒဏ်ချမှတ်ပေးပါရန် တောင်းဆိုလျှောက်လဲသွားသည်။ တရုတ်ပြည်တွင် သေဒဏ်မှာ ထိုစဉ်က ခေါင်းနောက်မှ သေနတ်ဖြင့် ကျည်တစ်တောင့် ပစ်သွင်းလိုက်ရန်သာ ဖြစ်သည်။ ချန်ကျင်းက နောက်ဆုံး လျှောက်လဲချက်ပေးရာတွင် သူမအပေါ်စွပ်စွဲချက်များကို ပယ်ပယ်နယ်နယ် ဝေဖန်ရှုံ့ချခဲ့သည်။ အစိုးရအသစ်ကို “ဖောက်ပြန်ရေးသမားများ”၊ “တန်ပြန်တော်လှန်ရေးသမားများ”၊ “ဖက်ဆစ်များ” စသည့် စကားလုံးများ သုံးနှုန်းတိုက်ခိုက်ကာ ဝေဖန်ခဲ့သည်။ စိတ်တွင်းခံစားချက်ကို မထိန်းချုပ်နိုင်တော့ပဲ “ငါ့ကို ဖမ်းတာရယ်၊ ဒီတရားခွင်ကို ခေါ်လာတာရယ်ဟာ ဥက္ကဌကြီး မော်စီတုံးကို စော်ကားတာ၊ ငါ့ကို ဒီလိုလုပ်နေတာတွေက သန်းပေါင်းများစွာသော ပြည်သူတွေကို စော်ကားတာ” ဟု အတွင်တွင် ပြောနေတော့သည်။ သူမအနေဖြင့် မော်စီတုန်းနှင့် နှစ်ပေါင်း ၄၀ခန့် ပေါင်းသင်းလာသည့် ဇနီးမယားတစ်ယောက်ကို ဘယ်လိုအပြစ်တွေ ချမည်နည်းဟု မေးခွန်းတွေ ထုတ်နေသည်။ သူမသည် တရားခွင်တွင် မော်စီတုန်း၏ နိုင်ငံရေးဆောင်ပုဒ်များကို ကြွေးကြော် အော်ဟစ်နေသည်။ “သူပုန်ထခွင့် ဆိုတာရှိတယ်”၊”တော်လှန်ရေးလုပ်တာ ရာဇဝတ်မူ ကျူးလွန်တာမဟုတ်ဘူး”။ နောက်ဆုံးတွင် “ဟေ့….မင်းတို့က ငါ့ခေါင်းကို လိုချင်တာမလား ငါကလည်း အသင့်ပဲဟေ့” ဟု အော်လိုက်သဖြင့် တရားရုံးမှ ဆွဲထုတ်သွားရပြန်သည်။

ဆရာတင်ညွန့် ရေးသားသော ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts