ပျော်တတ်သော နိုင်ငံရေးသမားများ

ပျော်တတ်သော နိုင်ငံရေးသမားများ (အပိုင်း – ၁)

ပျော်တတ်သော နိုင်ငံရေးသမားများ (အပိုင်း – ၁) ~~~~
၁၉၇၃ ခုနှစ်တွင် ဗြိတိန်အစိုးရ ဝန်ကြီးနှစ်ယောက် အကြောင်းက အရပ်ရပ်ပြည် ကျော်ကြားလို့မှ မတော် ဖြစ်သွားခဲ့ရသည်။ ထိုဝန်ကြီးနှစ်ယောက်မှာ နှယ်နှယ်ရရ မဟုတ်။ ဗြိတိသျှတို့၏ သူကောင်းမျိုးနွယ်ဝင်များ ဖြစ်နေကြပြီး သူတို့ကို ဝန်ကြီးရာထူးမှ နုတ်ထွက်ခိုင်းရခြင်း အကြောင်းကလည်း ပြည့်တန်ဆာများနှင့် ပက်သက်နေမှု ဆိုသည်က ပို၍ ထူးခြားလာသည်။ ရှက်စရာကောင်းလှသည့်အဖြစ်ကြောင့် အသာလေး နုတ်ထွက်ကာ ဖုတ်ဖက်ခါ ထွက်သွားလျှင် ပြဿနာ မရှိ။ နှစ်ယောက်ထဲမှ လော့ဒ် လင့်မ်တန် ဆိုသူက-

“ဟေ့….ဘယ်ယောက်ျားကမဆို နှာ မထတာ ရှိလို့လား” ဟု ပြောကာ သူ့ကို နုတ်ထွက်ခိုင်းမှုနှင့် ပက်သက်ပြီး စိတ်ဆိုးမာန်ဆိုး ဒေါသအိုး ပေါက်ကွဲလေတော့သည်။

လော့ဒ် လင့်မ်တန်သည် နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုအနေဖြင့် လုပ်နေသူ ဖြစ်သည်။ သူ့ကို ပထမဦးဆုံး ၁၉၆၁ ခုနှစ်တွင် Berwickon-Tweed နယ် ကိုယ်စားပြု ကွန်ဆာဗေးတစ်အမတ်တစ်ဦးအနေဖြင့် ပါလီမန်က ရွေးကောက်တင်မြှောက်ခဲ့သည်။ သူသည် ပါလီမန်တွင် ၁၉၅၅ မှ ၁၉၅၇ ခုနှစ်အထိ ဆယ်လ်ဝင် လွိုက်ထံ၌ ပါလီမန် ကိုယ်ရေးအရာရှိအဖြစ် အမှုထမ်းဆောင်ခဲ့ပြီး ဆူးအက် အရေးအခင်းကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသူ ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်တွင် သူသည် ပါလီမန်အတွင်းသို့ ကာကွယ်ရေးဝန်ကြီးအဖြစ် အမှုထမ်းရန် ရောက်လာခဲ့ပြန်သည်။ ဗြိတိန် တော်ဝင်လေတပ်တွင် လော့ဒ်ကာရင်တန်၏ ထောက်ခံမှုဖြင့် အမှုထမ်းခွင့် ရသည်။

လင့်မ်တန်သည် ဗြိတိန် ဒါဟမ်း သူကောင်းမျိုးနွယ်ဝင်၏ သား ဖြစ်ပြီး ချမ်းသာကြွယ်ဝသည့် မြေပိုင်ရှင်မျိုးရိုး ဖြစ်သည်။ ဒါဟမ်းနှင့် နော့ ဟမ်ဘာလင်းရှိ မြေဧက ၂၅,၀၀၀ မှ တစ်နှစ်ဝင်ငွေ ပေါင် တစ်သိန်းခန့်ကို ခံစားနေရသူ ဖြစ်သည်။ သူသည် ပြိုင်မြင်းများကိုလည်း ပိုင်ဆိုင်ထားပြီး သူ့ဒေသတွင် အကောင်းဆုံး သေနတ်ပစ်သမားအဖြစ်လည်း နာမည်သတင်း ကြီးခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ဘလင်ဒါ ဘလူး ဂျုံး နှင့် လက်ထပ်ခဲ့သည်။ သူတို့ သားသမီးခြောက်ဦး ထွန်းကားခဲ့သည်။ သို့သော် ၁၉၇၂ ခုနှစ်တွင် သူနှင့် ဇနီးဖြစ်သူတို့ သီးခြားစီ ခွဲနေလိုက်ကြသည်။ လင့်မ်တန်ကို စုံစမ်းစစ်ဆေးခဲ့ရသည့် မက်ထရို ပိုလီတန် ရဲတပ်ဖွဲ့၏ မှုခင်းတပ်ဖွဲ့မှ ရဲအရာရှိ ဘတ် ဝစ်စတက်က “သူ့ လန်ဒန်က အိမ်ကြီးမှာ အထူးခြားဆုံးက တိတိကျကျ နှစ်ပိုင်း ပိုင်းထားတွေပဲ၊ လော့ဒ် လင့်မ်တန်ရဲ့ အခြမ်းက တကယ့်ကို ခြိုးခြံချွေတာပြီး နေပုံပဲ၊ အိမ်ထောင်ရှင်ဆိုတာထက် လူပျိုခန်းလို ဖြစ်နေတယ်၊ သူ့ဇနီး လေဒီ လင့်မ်တန်ဘက် အခြမ်းကတော့ လှပတဲ့ အိမ်ထောင်ပရိဘောဂတွေနဲ့ အမျိုးသမီး အသုံးအဆောင်တွေ အပြည့်ပဲ” ဟု မှတ်ချက်ချထားသည်။

လင့်မ်တန်သည် နိုင်ငံရေးကို အလေးအနက်ထားပြီး သူ့ ဝန်ကြီးရာထူးကိုလည်း အတော်လေး တန်ဖိုးထားကာ ကျေပွန်သူ ဖြစ်သည်။ လူမှုရေး အသိုင်းအဝိုင်းတွင်လည်း အတော်လေး ဝင်ဆံ့သူ ဟု ဆိုနိုင်သည်။ ထို့ပြင် အထက်တန်းလွှာတို့ အသုံးပြုလေ့ရှိသည့် အမျိုးသမီး ဝန်ဆောင်မှုနှင့်လည်း မကြာခဏ ဆက်သွယ်လေ့ ရှိသည်။ သူ့ကို အမြဲတမ်း ဝန်ဆောင်မှုပေးနေသည့် ဖောက်သည်မှာ အသက် ၂၆ နှစ်အရွယ် နော်မာ ရပ်ဆဲလ် ဖြစ်သည်။ သူမသည် မီယာဒါ ဗေးလ် တိုက်ခန်းရှိ အခြား ပြည့်တန်ဆာများအနက် လင့်မ်တန်အတွက် သီးသန့် ဖျော်ဖြေပေးနေရသူ ဖြစ်သည်။ သူတို့ဖျော်ဖြေမှုတွင် အခြား စိတ်လှုပ်ရှားစရာ အပိုဆုမှာ ဆေးခြောက်ရှူကြခြင်း ဖြစ်သည်။

အစ ပထမတွင် လင့်မ်တန်သည် အမည်ဝှက် မစ္စတာ လူးကပ်စ် ဆိုပြီး ပြောထားသည်။ နောက်ပိုင်းတွင် သတိမေ့ကာ နော်မာကို ဝန်ဆောင်မှုအတွက် သူ့ကိုယ်ပိုင် ချက်လက်မှတ်များ ပေးတော့သည်။ ၁၉၇၂ ခုနှစ် နိုဝင်ဘာလတွင် နော်မာသည် ကောလင်း လဲဗီ ဆိုသူနှင့် လက်ထပ်လိုက်သည်။ ကောလင်းသည် အလုပ်အကိုင် မရှိ တက္ကဆီမောင်းသမားတစ်ယောက် ဖြစ်ပြီး ရဲမှတ်တမ်းတင် အမူးသမားတစ်ယောက်လည်း ဖြစ်သည်။ သူတို့နှစ်ယောက် ငါးလခန့် ပျော်ရွှင်စွာ ပေါင်းသင်းကြပြီးနောက် ရန်ဖြစ်ပြီး ကောလင်းက အိမ်မှ ဆင်းသွားတော့သည်။ ကောလင်း မရှိစဉ်တွင် နော်မာသည် ရဲစခန်းသို့ သွားပြီး သူ့ယောက်ျားသည် မူးယစ်ဆေး ရောင်းဝယ်ရန် ခရီးထွက်သွားကြောင်း တိုင်ကြားခဲ့သည်။

ကောလင်း ပြန်ရောက်လာသည့်အခါတွင် ရဲက သူ့ကို ဖမ်းတော့သည်။ သူ့ထံတွင် မည်သည့် မူးယစ်ဆေးမျှ မတွေ့ကြရပေ။ ကောလင်းကလည်း စိတ်နာနာနှင့် ရဲများကို သူ့မိန်းမသည် ပြည့်တန်ဆာတစ်ယောက် ဖြစ်ပြီး သူမ ဖောက်သည်တစ်ယောက်မှာ လော့ဒ်လင့်မ်တန် ဖြစ်ကြောင်း ဖော်ကောင်လုပ်တော့သည်။ သူက လင့်မ်တန်၏ အမည်ကို ချက်လက်မှတ်တွင် တွေ့ထားပြီး ဖြစ်သည်။

ရဲအထူးရာဇဝတ်မှု တပ်ဖွဲ့မှ ထိုအမှုကို ဆက်လက်ကိုင်တွယ်ရတော့သည်။ ထိုစဉ်က နာမည်ကြီး အထက်တန်းလွှာမှ ပြည့်တန်ဆာများအမှုကို ကိုင်တွယ်ချိန်နှင့် တိုက်ဆိုင်နေ၍လည်း ဖြစ်သည်။ ဗြိတိန် အထူးထောက်လှမ်းရေးအဖွဲ့မှ MI5 သည် လုံခြုံရေးနှင့် ပက်သက်နေသဖြင့် ထိုကိစ္စကို ဝင်ရောက်ကိုင်တွယ်လာရတော့သည်။ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ဝန်ကြီးချုပ် အက်ဒ်ဝပ် ဟိသ်ကို တိုက်ရိုက်စုံစမ်း အစီရင်ခံတော့သည်။ ထိုအချိန်က ပရိုဖူမို အရှုပ်တော်ပုံ (တင်ညွှန့်၏ ကမ္ဘာကျော် နိုင်ငံရေးအရှုပ်တော်ပုံများတွင်-ရှု) ကလည်း ဖြစ်ထားပြီးသဖြင့် ဝန်ကြီးများ မဟုတ်မမှန် လုပ်မှုနှင့် ပက်သက်ပြီး အတော်လေး သတိထားနေချိန်လည်း ဖြစ်သည်။

ထိုစဉ်မှာပင် ကောလင်းသည် သူ့ဇာတ်လမ်းကို သတင်းမီဒီယာသို့ ရောင်းရန် ကြိုးစားတော့သည်။ သူနှင့် ကြံရာပါတစ်ဦးတို့သည် ရုပ်ရှင်ရိုက်ကူးသည့် ကင်မရာတစ်လုံးကို ဇနီးဖြစ်သူ၏ အိပ်ခန်းထဲတွင် လျှို့ဝှက်တပ်ဆင်ထားကြသည်။ မိုက်ကရိုဖုန်း တစ်လုံးကိုလည်း ဝက်ဝံရုပ်ကလေး၏ နှာခေါင်းတွင် တပ်ဆင်ထားသေးသည်။ သူတို့က ရုပ်ရှင်မှတ်တမ်းတစ်ခုကို News of the World သတင်းစာတိုက်သို့ ပေါင် ၃၀,၀၀၀ ဖြင့် ရောင်းချခဲ့သည်။ ထိုမှတ်တမ်းရုပ်ရှင်သည် ထင်ရှား ရှင်းလင်းခြင်း မရှိသဖြင့် ထိုသတင်းစာတိုက်မှ သတင်းဓာတ်ပုံသမားတစ်ယောက်ကို နော်မာ့အခန်းတွင်းရှိ အဝတ်ဗီရိုတစ်လုံးထဲတွင် ဝင်နေစေသည်။ ထိုဗီရိုတွင် တပ်ထားသည့် မှန်က အတွင်းလူမှသာ အပြင်ကို မြင်ရသည့် လျှို့ဝှက်မှန် ဖြစ်သည်။ သူတို့ စောင့်ရိုက်ရကျိုးနပ်သွားသည်။ လင့်မ်တန်သည် နောက်မာတစ်ဦးတည်းသာ မဟုတ်၊ နိုက်ကလပ်တစ်ခုမှ လူမည်း အမျိုးသမီးတစ်ဦးနှင့်ပါ အိပ်ရာပေါ်တွင် ပျော်ပါး မြူးတူူးနေပုံတို့ကို အမိအရ ရိုက်ကူးထားနိုင်လိုက်သည်။ သို့သော် ဘာကြောင့်မှန်း မသိ၊ News of the Word ထိုဇာတ်လမ်းကို ဖော်ပြခြင်းလည်း မရှိသည်သာမက သက်သေခံအားလုံးကိုပါ ကောလင်းသို့ ပြန်ပေးခဲ့သည်။ ကောလင်းက ဂျာမန်မဂ္ဂဇင်းတစ်ခု ဖြစ်သည့် Stern သို့ ထိုဇာတ်လမ်းကို ရောင်းရန် ကြိုးပမ်းသည်။ ညှိနှိုင်းမရသဖြင့် The Sunday People သို့ ပြောင်းလိုက်ပြန်သည်။ ထိုသတင်းစာတိုက်ကလည်း မဖော်ပြဝံ့သဖြင့် ရဲတပ်ဖွဲ့သို့ သက်သေခံပစ္စည်းများအားလုံးကို သွားရောက်အပ်နှံလိုက်တော့သည်။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts