လူကို ဆွဲဆောင်မှု ပိုရှိစေသော အကြောင်းများ

ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်၊ ရုပ်ရည်နဲ့ ပတ်သက်ရင် အတော်လေး ဂရုတစိုက် ရှိကြပါတယ်။ မြန်မာ့လူမှု အသိုင်းအဝိုင်းကလည်း Body shaming လုပ်တာ၊ အသားရောင်နဲ့ ပတ်သက်လို့ လှောင်ပြောင်တာတွေကို ထမင်းစား ရေသောက်လို လုပ်နေကြတာမို့လား။ ဒီတော့ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ဆို ပိုပြီး သိမ်ငယ်စိတ်တွေ ဖြစ်လေ့ရှိတယ်။ ကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးပါတယ်။

နောက်ပိုင်း အရွယ်ရလာတဲ့အခါကျတော့ လူတစ်ယောက်မှာ ရုပ်ရည်၊ အသားရောင်တွေထက် ပိုပြီး ဆွဲဆောင်နိုင်တဲ့ အချက်တွေကို သတိထားမိလာတယ်။ အဲဒါလေးတွေကို မျှဝေချင်ပါတယ်။

၁။ ဉာဏ်ရည်ဉာဏ်သွေး

Intelligence is sexy ဆိုပြီး ပြောလာကြသလိုပဲ။ ဉာဏ်ကောင်းတာ၊ စဉ်းစားတွေးခေါ်နိုင်တာက လူတစ်ယောက်ကို အတော်လေး ဆွဲဆောင်မှု ရှိစေတယ်။ ဒီနေရာမှာ ပါရမီရှင်၊ ဉာဏ်ကြီးရှင်၊ Genius ဖြစ်နေဖို့ မဟုတ်ဘူး။ တွေးခေါ်တတ်တယ်။ စာဖတ်အား၊ လေ့လာအား ကောင်းတယ်။ အမြင်ကျယ်တယ်။ သူ့သက်ဆိုင်ရာ အလုပ်မှာ၊ ပရော်ဖက်ရှင်မှာ ကျွမ်းကျင်တယ်။ ထက်မြက်တယ်။ ထူးချွန်တယ်။ ဒါမျိုးဆို လူက သိပ်ကြည့်ကောင်းလာတယ်။

Sapiosexual ဆိုပြီးတောင် အသုံးအနှုန်း ရှိလာပြီလေ။ တော်တဲ့၊ ထက်တဲ့သူကိုမှ သဘောကျတယ်၊ ကိုယ့်မျက်စိထဲ ကြည့်ကောင်းနေတယ်ဆို အဲ့ဒီလူကို Sapiosexual လို့ ခေါ်ပါတယ်။ သတိထားမိသလောက် အဲ့လို Sapiosexual တွေက ကိုယ်တိုင်လည်း အတိုင်းအတာတစ်ခုတော့ တော်ကြတာ၊ အမြင်ကျယ်တာ များတယ်။ အပျိုစစ်မှတို့၊ သေးသေးလေးကအစ တုန်နေအောင် ဂရုစိုက်တတ်မှတို့လို ပေတံတွေ မရှိဘူး။

အဲ့တော့ Synergetic effect ရသွားတယ်။ သူကလည်း ကိုယ်က ပိုတိုးတက်စေသလို၊ ကိုယ်ကလည်း သူ့ကို တိုးတက်စေတယ်။ တွေ့တဲ့လူနဲ့ သဝန်တိုမနေဘဲ သူ့ရဲ့ မိတ်ဆွေတိုင်းနဲ့ ကိုယ်က အဆင်ပြေအောင် ပေါင်းသင်းတတ်တာမျိုး၊ Password တွေ တောင်းမနေဘဲ သူ့အလုပ် ကိုယ့်အလုပ် အပြန်အလှန် ကူညီကြတာမျိုး ဖြစ်သွားတယ်။

တကယ်တော့ သဝန်တိုတယ်ဆိုတာကလည်း များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေတဲ့ သူတွေမှာသာ တွေ့ရတာမျိုးမို့လား။ အရည်အချင်း အားနည်းတော့ သိမ်ငယ်၊ သိမ်ငယ်တော့ သဝန်တို၊ သဝန်တိုတော့ ကိုယ့်လက်တွဲဖော်ကို အမြင့်မတက်နိုင်အောင် ဆွဲထားသလိုတွေ ဖြစ်၊ ကြာတော့ အဆင်မပြေဘဲ တစ်ဖက်လူက စိတ်ကုန်လာ။ ဒါကြောင့် လူတစ်ယောက်ကို ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ အရည်အသွေးကို ထိပ်ဆုံးကနေ ထားထားတာပါ။

၂။ စိတ်ဓါတ်

ပထမတစ်ချက်က ဦးနှောက်ဆို ဒီတစ်ခုကတော့ နှလုံးသားရေးရာပေါ့။ ကြင်နာတတ်တာ၊ စိတ်ကောင်းရှိတာ၊ ကိုယ့်ထက် အားနည်းသူကို ညှာတာတတ်တာ၊ ကိုယ်ချင်းစာတတ်တာ၊ ဒီအချက်တွေကလည်း လူကို ပိုကြည့်ကောင်းစေပါတယ်။ ရုပ်က ဒီလောက်ကြီး မချောတောင် သူ့ကို မြင်လိုက်တာနဲ့ လူတွေက အေးချမ်းသွားတာမျိုး၊ သူ့မျက်နှာကအစ ကြည်လင်နေတာမျိုးပေါ့။ ပရဟိတ သူရဲကောင်းတွေမှာ တွေ့ရတတ်တယ်။

နောက်တစ်ပိုင်းကတော့ ခံယူချက်။ မြင်သာတဲ့ ဥပမာဆို အခု တော်လှန်ရေးပေါ့။ ကိုယ်နဲ့ မဆိုင်သလို မနေဘဲ ရတဲ့နေရာကနေ ဝင်ကူနေကြတဲ့သူတိုင်းဟာ ကြည့်ကောင်းနေတယ်။ တချို့ဆို အရင်လိုတောင် အလှတွေ မပြင်နိုင်၊ မဝတ်စားနိုင်တော့မှ ကိုယ့်မျက်စိထဲ ပိုကြည့်ကောင်းလာသလို ထင်ရတယ်။

၃။ ကျန်းမာရေး

Body shaming လုပ်လိုတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပိန်လွန်း၊ ဝလွန်းခြင်းကလည်း အတိုင်းအတာတစ်ခုထိ သက်ရောက်မှု ရှိတယ်။ ကိုယ့်ခန္ဓာကိုယ်ရဲ့ သဘာဝအရ ပိန်နေတာ၊ ဝလွယ်တာတွေလည်း ရှိပါတယ်။ သို့သော် ကိုယ့်အနေနဲ့လည်း အတိုးအလျှော့ လုပ်လို့ရတယ်။ အဲဒီအခါ သိသိသာသာ ကြည့်ကောင်းလာတယ်။ ကျန်းမာလာသလို ထင်ရတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှု ရှိလာတယ်။

အဲ့လိုပဲ ဆေးလိပ်နံ့တွေ ရနေတာ၊ မျက်လုံးတွေ ကြည့်လိုက်ရင် အရက်အမြဲသောက်နေမှန်း သိသာစေတာ၊ ရယ်လိုက်ရင် သွားတွေက ဝါနေတာ၊ ဒါမှမဟုတ် ကွမ်းကျိုးတွေ မြင်နေရတာ၊ ဒါတွေဆိုလည်း ရုပ်ရည် ဘယ်လောက်ချောတဲ့သူ ဖြစ်ပါစေ၊ ဆွဲဆောင်မှု ကျစေတယ်။ ဒါကြောင့် ကျန်းမာရေးအပြင် ကိုယ့်ရဲ့ လူနေမှုပုံစံနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကိုပါ ပြင်လို့ရရင် ပြင်သင့်တယ်ပေါ့။

၄။ တတ်ကျွမ်းမှု

ဒီနေရာမှာ ကိုယ့်ပရော်ဖက်ရှင်နယ်နဲ့ မဆိုင်တဲ့ Skill တွေကို ဆိုလိုတာပါ။ ပုံတူပန်းချီ ဆွဲတတ်တာ၊ ဂစ်တာ၊ Piano တီးတတ်တာ၊ အားကစားတစ်ခုခုမှာ ထူးချွန်တာ၊ ဓါတ်ပုံရိုက်တတ်တာ စသဖြင့်။ ဂစ်တာသမားမို့ တီးတတ်တာ၊ ဘောလုံးသမားမို့ ဘောလုံးကန်တတ်တာကို ဆိုလိုတာ မဟုတ်ဘဲ ကိုယ့်ရဲ့ နဂိုအလုပ် မဟုတ်ဘဲ တတ်ကျွမ်းနေတာမျိုးပေါ့။

နောက်ပြီး ဟင်းချက်တတ်တယ် ဆိုတာကလည်း နောက်ကျကျန်နေခဲ့တဲ့ လူ့အဖွဲ့အစည်းမှာသာ မိန်းမတွေရဲ့ အလုပ်၊ ဟင်းကောင်းကောင်း ချက်တတ်ခြင်းဟာ မိန်းမတွေမှာပဲ ရှိသင့်တဲ့ အရည်အသွေးလို့ မြင်နေကြဆဲ ဆိုပေမဲ့ ခေတ်မီလာတဲ့ ဒီဘက်နောက်ပိုင်းမှာတော့ အမျိုးသားတစ်ယောက် ဟင်းချက်တတ်ခြင်းကလည်း အတော်လေး အထာကျ၊ ဆွဲဆောင်နိုင်တဲ့ အချက်တစ်ချက် ဖြစ်လာပါတယ်။

၅။ ကိုယ်ပိုင်စတိုင်လ်

တချို့ဆို မြန်မာဝတ်စုံတွေပဲ ဝတ်တယ်။ ဘုရားသွားမှ၊ အလှူသွားမှ မဟုတ်ဘူး။ ရုံးသွားလည်း၊ သင်တန်းတက်လည်း အဲ့လိုပဲ ဝတ်တာ။ သူ့စတိုင်လ်ပေါ့။ အဆင်တန်ဆာဆိုလည်း လက်ပတ်နာရီလေးတစ်လုံးပဲ။ အဲ့လို ရိုးရှင်းတဲ့ စတိုင်လ်ကိုက ဆွဲဆောင်မှု ရှိနေတာမျိုး။

တချို့ယောက်ျားလေးတွေ ဆံပင်ရှည်နဲ့ လိုက်တာ ရှိတယ်။ တချို့က ခပ်တိုတိုနဲ့မှ ပိုကြည့်ကောင်းတယ်။ တချို့မိန်းကလေးတွေက ယောက်ျားဆန်တဲ့ ဖက်ရှင်တွေနဲ့ ပိုလိုက်တယ်။ အပွင့်အခက်တွေ ပါတဲ့ ဒီဇိုင်းနဲ့ဆို မလိုက်တဲ့သူတွေ ရှိတယ်။

အဓိကကတော့ ကိုယ်နဲ့ ဘယ်လိုစတိုင်လ်မျိုးက လိုက်ဖက်တယ်ဆိုတာ သိထားဖို့ပဲ။ သူများလုပ်တိုင်းလည်း လိုက်မလုပ်နဲ့။ ခေတ်စားနေတိုင်းလည်း လိုက်မဝတ်နဲ့။ ကိုယ့်စတိုင်လ်ဟာ ကိုယ့်ကို ပိုကြည့်ကောင်းစေဖို့ရော၊ စိတ်ကို သက်သောင့်သက်သာ ရှိစေဖို့ပါ လိုအပ်တယ်။

နောက်တစ်ချက်က ကိုယ်ပိုင်စတိုင်လ်ရယ်လို့ ဖြစ်ဖို့ဆို Consistency အရေးကြီးတယ်။ တောက်လျှောက် ဖော်ပြနေမှ ဒီစတိုင်လ်နဲ့ ကိုယ်နဲ့ကို တွဲမြင်မှာ။ လည်ကတုံးတွေပဲ ဝတ်တတ်တာ၊ မျက်မှန်တပ်တဲ့သူဆို အများစု တပ်လေ့မရှိတဲ့ ကိုင်းပုံစံမျိုး (ဥပမာ မျက်မှန်ကိုင်းကြီးကြီး) ကိုပဲ အစဉ်တစိုက် တပ်တာ၊ ဘယ်တော့မဆို အမြဲသပ်သပ်ရပ်ရပ် ဝတ်စားတတ်တာ စသဖြင့် လုပ်လို့ရတယ်။ မဖြူဖြူကျော်သိန်းလို တအားကြီး ကွဲထွက်၊ ခေတ်ရှေ့ပြေးနေမှရယ် မဟုတ်ဘူး။ သူကတော့ အဆိုတော်ကိုး။ ကိုယ်ကျ အဲ့လောက်ထိ မဟုတ်ဘဲ ပုံမှန်ဝတ်စား နေထိုင်ကြတဲ့ ဘောင်ထဲကနေပဲ ကိုယ်ပိုင်စတိုင်လ်တစ်ခု ဖန်တီးလို့ ရနိုင်ပါတယ်။

၆။ ကိုယ်ရည်ကိုယ်သွေး

Personality ပါ။ ဥပမာ မင်းသားဇဏ်ခီပဲ ဆိုပါတော့။ ရုပ်ရည်အားဖြင့် ဒီလောက်ကြီး မချောဘူး။ ဒါဖြင့် ဘယ်အရာက သူ့ကို ကြည့်ကောင်းစေတာလဲ ဆိုတော့ သူ့ရဲ့ Personality ပဲ။ Integrity ရှိတယ်။ ဖြောင့်မတ်တယ်။ သစ္စာရှိတယ်။ တချို့သော မင်းသားတွေလို တခြားမော်ဒယ်တွေ၊ မင်းသမီးတွေနဲ့ ငြိစွန်းတာမျိုး ရှိလိမ့်မှာ မဟုတ်ဘူးလို့ ယုံကြည်ရတယ်။ သူ့အနုပညာအပေါ်လည်း ပြင်းပြတဲ့ဆန္ဒ ရှိတယ်။

အဲ့လိုပဲ မင်းမော်ကွန်းဆို ဂျစ်ကန်ကန် Personality ရှိမယ်။ သူ့ဇာတ်ကား တော်တော်များများဆိုလည်း အဲ့အတိုင်းပဲ။ နှလုံးလှလူမိုက် ဇာတ်ကားဆိုပဲ ကြည့်။ သူနဲ့မို့ လိုက်တာ။ ပြေတီဦးဆို မဖြစ်ဘူး။ ပြေတီဦးကျ တည်ငြိမ်တဲ့၊ လိမ္မာတဲ့၊ အေးဆေးတဲ့ဘက်ကို သွားတယ်။

မင်းသမီးတွေ၊ အဆိုတော်တွေ၊ တခြားနာမည်ကျော်တွေကိုလည်း လိုက်ကြည့်ကြည့်။ မတူကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိတယ်။ သူတို့တင် မဟုတ်ဘူး။ ကိုယ့်မှာလည်း ရှိတယ်။

ကျွန်တော်ဆို Feminine ဖြစ်တယ်။ ပြောရရင် အမျိုးသမီးတွေမှာပဲ ရှိတယ်လို့ သတ်မှတ်ထားကြတဲ့ စရိုက်လက္ခဏာတွေ ကျွန်တော့်ဆီမှာ အများကြီးရှိတယ်။ နူးညံ့တယ်။ အပြောအဆို ယဉ်ကျေးတယ်။ နှိမ့်ချတတ်တယ်။ ကိုယ်ချင်းစာတတ်တယ်။ သည်းခံတယ်။ ကျွန်တော့်စာတွေကို ဖတ်ရင် အဲဒါကို သတိထားမိနိုင်သလို အပြင်မှာ တကယ်ရင်းနှီးသူတွေလည်း သိကြတယ်။

ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ ရဲရဲရင့်ရင့် မားမားမတ်မတ်နဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုး ကျွန်တော် လုပ်လေ့မရှိဘူး။ ဥပမာ အပြင်သွားလို့ ကားရပ်ရင် အဲဒီအိမ်ကနေ ထွက်ပြောတယ်၊ ဒါ သူတို့ကား ရပ်မဲ့ နေရာပါ ဆိုရင် ဟုတ်လား ဆိုပြီး တခြားလွတ်တဲ့နေရာ သွားရပ်လိုက်တဲ့ လူမျိုး။ ခင်ဗျားတို့ ပိုင်တာလား၊ စည်ပင်ကို အခွန်ဆောင်ထားလား ဆိုပြီး ပြန်ပြောမနေဘူး။ ဒါလေးအတွက်နဲ့ ကိုယ့်အတွက် အရေးကြီးတဲ့ အချိန်တွေ၊ စိတ်ခွန်အားတွေ အကုန်မခံဘူးပေါ့။

ဘယ်လို ကိုယ်ရည်ကိုယ်သွေးကမှ ကောင်းတယ်ရယ်လို့ မရှိဘူး။ မင်းမော်ကွန်းတို့၊ ဒေါင်းတို့၊ လီဗြောင်ဟွန်းတို့လို ယောက်ျားဆန်တဲ့ (Manly ဖြစ်တဲ့) ပုံစံကို ကြိုက်သူလည်း ရှိမယ်။ လူကြီးလူကောင်း ဆန်တာကို သဘောကျတဲ့သူ ရှိမယ်။ နူးညံ့တာ၊ နှိမ့်ချတတ်တာကို ကြွေတဲ့သူလည်း ရှိမယ်။ လူတိုင်းဟာ ကိုယ့်ပရိသတ်နဲ့ကိုယ် ဖြစ်နေမှာပဲ။

တကယ်တော့ ချောတယ်၊ ကြည့်ကောင်းတယ်၊ ဆွဲဆောင်မှု ရှိတယ် ဆိုတာတွေက Subjective ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီပေါ် မူတည်တယ်။ အများစုအတွက် ချောတယ်၊ သဘောကျတယ် ဖြစ်နေပေမဲ့ ကိုယ့်အမြင်ကျ အဲ့လို မဟုတ်နေတာတွေ တစ်ပုံကြီး။ ရုပ်ကလေးကတော့ ချောပါရဲ့၊ အရည်အချင်းက မရှိ၊ စိတ်ဓါတ်က မကောင်း၊ ခံယူချက်က မမှန် ဖြစ်နေလည်း အလကားပဲ။ Miss Universe ဆိုတာ ရုပ်အချောဆုံးကို ရွေးတာမှ မဟုတ်တာ။ ကနေဒါ ဝန်ကြီးချုပ်သာ အရည်အချင်းရှိသူ မဟုတ်ဘဲ ခပ်ပိန်းပိန်း သာမန်လူတစ်ယောက်သာဆို ရုပ်ချောရုံသပ်သပ်နဲ့ ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူး။

ဒါကြောင့် ရုပ်ရည်၊ အသားအရောင်တွေက ပြုပြင်ဖို့ရာ ခက်ပေမဲ့ ကြည့်ကောင်းခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ ဒါတွေကနေတစ်ဆင့် အလုပ်ခွင်မှာ ပိုမိုအဆင်ပြေ၊ အောင်မြင်ခြင်း၊ ယုံကြည်အားကိုးခံရခြင်းတွေကတော့ ကိုယ့်လက်ထဲမှာပဲ ရှိနေတယ် ဆိုတာကို သိစေချင်ပါတယ်။

လူကို ဆွဲဆောင်မှု ပိုရှိစေသော အကြောင်းများ အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

openmoreonline

Related Posts