ကုလသမဂ္ဂနိဒါန်း

ဦးသန့်ကား… နောင်သောအခါ၌ ကမ္ဘာ့ကုလသမဂ္ဂ တွင် တာဝန်ထမ်းဆောင်သွားသူဖြစ်သဖြင့် ကုလသမဂ္ဂ ၏ အကြောင်းအကျဉ်းရုံးမျှ ဖော်ပြပေးရန် သင့်တော်မည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်နိုင်ငံခေါင်းဆောင်များသည် စစ်ကြီးပြီးဆုံးသောအခါ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ဖွဲ့စည်းရန် မျှော်မှန်းကြသည်။ ဤမျှော်မှန်းချက်နှင့်အညီ ၁၉၄၃-ခုနှစ်၊ နိုဝင်ဘာလတွင် ကြီး-၃ ကြီးခေါင်းဆောင်များဖြစ်ကြသည့် အမေရိကန်သမ္မတ ရုစဗဲ့၊ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီနှင့် ဆိုဗီယက်ခေါင်းဆောင် စတာလင်တို့က ငြိပ်းချမ်းရေးမြတ်နိုးသော နိုင်ငံများပါဝင်သည့် အသင်းကြီးတစ်သင်းတည်ထောင်ရန် ကြေငြာသည်။

ထို့နောက် ၁၉၄၄-ခုနှစ်တွင် ဝါရှင်တန်မြို့ “ဒန်ဘာတန်အုတ်” အဆောက်အအုံ၌ အမေရိကန်၊ အင်္ဂလိပ်ဆိုဗီယက်နှင့် တရုတ်ကိုယ်စားလှယ်များက ကုလသမဂ္ဂ၏ ပဋိညာဉ်စာချုပ်ကို မူကြမ်းရေးဆွဲကြသည်။ ပဋိညာဉ်စာချုပ်အသေးစိတ်ကို ဆန်ဖရန်စစ်စကို ညီလာခံ၌ ဆက်လက်ဆွေးနွေးကြပြီး၊ ၅၁-နိုင်ငံမှ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြသည်။

ဤသို့ဖြင့် ၁၉၄၅ခုနှစ်၊ အောက်တိုဘာ ၂၄-ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ တရားဝင်ပေါ်ပေါက်လာခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဖွင့်လှစ်ခဲ့သည်။ ၁၉၅၀-ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ ၆၀မှ ၁၉၈၀တွင် ၁၅၄နိုင်ငံအထိ တိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံသည် ၅၈-နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ရပ်တည်လျက်ရှိပေသည်။

ကုလသမဂ္ဂ၏ မူလရည်ရွယ်ချက်များမှာ ကုလသမဂ္ဂအဖွဲ့သည် ပဋိညာဉ်စာချုပ်အရ အောက်ပါရည်ရွယ်ချက်များကို ထားရှိခဲ့သည်။
၁။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံမှုထိန်းသိမ်းရန်။
၂။ နို်ငငံအချင်းချင်း ဆက်ဆံရေးကောင်းမွန်မှုအတွက် ဆောက်ရွက်ရန်။
၃။ ကမ္ဘာ့စည်းပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုပြဿနာများကို ဝိုင်းဝန်းဖြေရှင်းရန်။
၄။ အဖွဲ့၏ရည်ရွယ်ချက်မှာ အောင်မြင်မှုအတွက် နိုင်ငံများညှိနှိုင်းဆောင်ရွက်ရန်။
ဟူ၍ဖြစ်သည်။

ကုလသမဂ္ဂဖွဲ့စည်းပုံအားဖြင့် ယင်းအဖွဲ့ကြီးတွင် အဖွဲ့ကြီး ၆ဖွဲ့ ရှိသည်။ ထိုအဖွဲ့တို့ကား …
၁။ အထွေထွေညီလာခံ
၂။ လုံခြုံရေးကောင်စီ
၃။ အပြည်ပြည်ဆိုင်ရာတရားရုံး
၄။ စီးပွားရေးနှင့် လူမှုရေးကောင်စီ
၅။ ကိုလိုနီကြီးကြပ်ရေးကောင်စီ
၆။ အထွေထွေအတွင်းရေးမှူးချုပ်ရုံး
ဟူ၍ ဖွဲ့စည်းထားရှိသည်။

အထွေထွေညီလာခံကို အနည်းဆုံးတစ်နှစ်လျှင်တစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခွင့်ရှိပြီး နိုင်ငံတစ်နို်ငငံလျှင် တစ်မဲပေးနိုင်ခွင့်ရှိသည်။ သာမန်ကိစ္စရပ်ကို မဲအနည်းအများဖြင့် ဆုံးဖြတ်၍ အထူးကိစ္စရပ်များကို မဲသုံးပုံနှစ်ပုံ အများစုဖြင့် ဆုံးဖြတ်သည်။ ညီလာခံသည် အဖွဲ့ဝင်နိုင်ငံများ၏ ဆန္ဒသဘောထား ဖော်ထုတ်ရာဌာနဖြစ်သည်။ ညီလာခံ၏ ထောက်ခံမှုသည် အလွန်လေးနက်မှုရှိသည်။

လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂတွင် အာဏာအရှိဆုံးအဖွဲ့ဖြစ်သည်။ အဖွဲ့ ဝင်၁၁-ဦးပါဝင်ပြီး အမြဲတမ်းအဖွဲ့ဝင်နှင့် ယာယီအလှည့်ကျအဖွဲ့ဝင်ဟူ၍ နှစ်မျိုးရှိသည်။ တရုတ်၊ အမေရိကန်၊ ဆိုဗီယက်၊ ပြင်သစ်နှင့် ဗြိတိန်တို့မှာ အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကြသည်။ အလှည့်ကျအဖွဲ့ဝင်များကို အထွေထွေညီလားခံက ရွေးချယ်တင်မြှောက်ပြီး ရာထူးသက်တမ်းမှာ ၂-နှစ်ဖြစ်သည်။

လုံခြုံရေးကောင်စီသည် ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ရာတွင် အဖွဲ့ဝင်နိုင်ငံများက ဗီတိုအာဏာကို ကျင့်သုံးပြီး ကန့်ကွက်မဲတစ်မဲတည်းဖြင့် အဆိုများကို ပယ်ချနိုင်သည်။ လုံခြုံရေးကောင်စီ၏ အဓိကတာဝန်မှာ အဖွဲ့ဝင်နိုင်ငံတို့၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံးချုပ်၌ တရားသူကြီး ၁၅ဦး ပါဝင်သည်။ ထိုတရားသူကြီးများကို လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က သီးခြားလွတ်လပ်စွာ ရွေးချယ်တင်မြှောက်ကြသည်။ ရာထူးသက်တမ်းမှာ ၉-နှစ်ဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နို်ငငံချင်းအငြင်းပွား၍ တရားရုံးချုပ်အားဦးတိုက်လျှောက်ထားသော အမှုများကို စစ်ဆေးစီရင်ရသည်။ အဆုံးအဖြတ်မပေးနိုင်သော ကိစ္စများကို လုံခြုံရေးကောင်စီသို့တင်ပြရသည်။

စီးပွားရေးနှင့် လူမှုရေးကောင်စီတွင် အဖွဲ့ဝင် ၁၈-ဦးပါဝင်သည်။ အဖွဲ့ဝင်များကို အထွေထွေညီလာခံက ရွေးချယ်တင်မြှောက်ပြီး ရာထူးသက်တမ်းမှာ ၃-နှစ်ဖြစ်သည်။ အဖွဲ့၏ တာဝန်ဝတ္တရားတို့မှာ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရန် အောက်ပါအထူးအဖွဲ့များကို ဖွဲ့စည်းထားရှိသည်။
၁။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့။
၂။ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့။
၃။ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့။ (ယူနက်စကို)
၄။ ပြန်လည်ထူထောင်ရေးနှင့် တိုးတက်ရေးဘဏ်။
၅။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့။
၆။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့။
ဟူ၍ဖြစ်သည်။ ကိုလိုနီကြီးကြပ်ရေးကောင်စီသည် စစ်ရှုံးနိုင်ငံများက ပိုင်ဆိုင်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန် မသင့်လျော်သေးသော ကိုလိုနီနယ်မြေများကို ကြီးကြပ်သည်။ အဖွဲ့က ကြီးကြပ်သော နယ်အသီးသီး၏ တိုးတက်မှုအခြေအနေကို နှစ်စဉ်အထွေထွေညီလာခံသို့ အစီရင်ခံရသည်။

အတွင်းရေးမှူးချုပ်ရုံး အထွေထွေအတွင်းရေးမှူးချုပ်မှာ အကြီးအကဲဖြစ်သည်။ အတွင်းရေးမှူးချုပ်ကို လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေညီလာခံက ရွေးချယ်တင်မြှောက်သည်။ အတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂအဖွဲ့၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သတ်၍ နှစ်စဉ်အထွေထွေညီလာခံသို့ အစီရင်ခံရသည်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်မည်ဟု ယူဆသော ပြဿနာများကို လုံခြုံရေးကောင်စီသို့ တင်ပြရသည်။ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာ၌ ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ရသည်။
အတွင်းရေးမှူးချုပ်များမှာ ပထမဦးဆုံး
၁။ ထရီဗီလီ (၁၉၄၆-၁၉၅၃)
၂။ ဒက်ဟမ်းမားရှိုး (၁၉၅၃-၁၉၇၁)
၃။ ဦးသန့် (၁၉၆၁-၁၉၇၁) ၂ ကြိမ်ဖြစ်သတည်း။

-သန်းထွန်း(လှည်းကူး)ရေးသားသော ဦးသန့်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Related Posts