အနစ်နာခံခြင်း

စွန့်လွှတ်အနစ်နာခံခြင်းဆိုတာ

ချောမောလှပတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်။ ဒါပေမဲ့ သူ့မျက်စိနှစ်ဖက်စလုံး မမြင်ရှာဘူး။ အသက် ၁၀ နှစ်အရွယ်မှာ အပြင်းဖျားပြီး မျက်စိနှစ်ဖက်လုံး ရုတ်တရက်ကွယ်သွားခဲ့တယ်။ ကောင်မလေးဟာ တစ်လောကလုံးကို အမြဲတမ်း မကျေမနပ်ဖြစ်နေတယ်။ သူ့မျက်စိမမြင်ရလို့ မျက်စိမြင်ရတဲ့လူတွေကို အလိုမကျဖြစ်နေတာပါ။ သူ့မိဘတွေဟာ သူ့အပေါ် ဘယ်လောက်အလိုလိုက်ပြီး စိတ်ကျေနပ်အောင် လုပ်ပေးနေပေမယ့်လည်း ကောင်မလေးဟာ အမြဲတမ်း ပြစ်တင်ဆူပူနေတတ်တယ်။

ဒါပေမဲ့ သူမ အပြစ်မပြောတဲ့သူ တစ်ယောက်ရှိတယ်။ အဲဒါ သူ့ရည်းစားကောင်လေးပဲ။ ကောင်လေးက ကောင်မလေးလိုချင်တာမှန်သမျှ တတ်နိုင်သမျှ ကြိုးစားလုပ်ပေးတယ်။ ကောင်မလေးအနားမှာ အမြဲနေပေးပြီး အားပေးစကားပြောတတ်တယ်။ စိတ်ချမ်းသာစေမယ့် ဝတ္ထုလေးတွေ၊ ကဗျာလေးတွေ ဖတ်ပြတတ်တယ်။ တစ်နေ့မှာ လူတစ်ယောက်က ပေးလှူလိုက်တဲ့ မျက်စိနှစ်လုံးကို ဆရာဝန်တွေက ကောင်မလေးရဲ့ ကွယ်နေတဲ့မျက်လုံးနှစ်ခုမှာ ခွဲစိတ်အစားထိုး လဲပေးလိုက်တယ်။ ခွဲစိတ် အစားထိုးမှုအောင်မြင်ပါတယ်။

ဆေးခန်းတစ်ခုမှာ ကောင်မလေးရဲ့မျက်စိတွေကို စည်းထားတဲ့ပတ်တီးကို သူနာပြုဆရာမက ဖြည်ပေးတုန်း ကောင်လေးက သူ့ချစ်သူကောင်မလေးရဲ့ နားနားကို ကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။ မျက်စိပြန်မြင်ရင် သူတို့ လက်ထပ်ကြရအောင်တဲ့။ ပတ်တီးဖြည်ပြီးသွားပြီ။ ကောင်မလေးရဲ့မျက်စိ နှစ်ဖက်စလုံး တဖြည်းဖြည်း မြင်လာရပြီ။ သူ့ရှေ့မှာရပ်နေတဲ့ သူ့ချစ်သူကောင်လေးကို တွေ့လိုက်ရပြီ။ သူ့ပါးစပ်က ရုတ်တရက်ထွက်သွားတဲ့စကားက “အို…ရှင်နဲ့ကျွန်မ လက်မထပ်နိုင်ပါဘူးရှင်”တဲ့။ ဘာလို့လဲဆိုတော့ သူ့ချစ်သူကောင်လေးဟာ မျက်မမြင်တစ်ယောက်ဖြစ်နေလို့ပါတဲ့။

ကောင်လေးလည်း သူ့ချစ်သူရှေ့ကနေ ခေါင်းငိုက်စိုက်ကျပြီး ခြေတစ်လှမ်းချင်း လှမ်းရင်း ဆေးခန်းထဲက ထွက်သွားပါတော့တယ်။ ဆေးခန်း အပေါက်ဝအရောက်မှာ ကောင်မလေးရှိရာဘက်ကို မျက်ရည်ကျရင်းတစ်ချက် နောက်ပြန်လှည့်ကြည့်လိုက်တယ်။ သူ့ကောင်မလေးကို မမြင်ရပါဘူး။ ဒါပေမဲ့ သူ့စကားလေးတစ်ခွန်း တိုးတိုးလေးပြောရင်း သူ့ချစ်သူကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့တယ်။ “အချစ်ရေ ကိုယ်လက်ဆောင်ပေးလိုက်တဲ့ မျက်လုံးလေးတွေကို ဂရုစိုက်ပါကွယ်”တဲ့။

စွန့်လွှတ်အနစ်ခံမှုတိုင်းကို ပြန်လည်ပေးဆပ်ခံရမယ်လို့ မမျှော်လင့်ပါနဲ့။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts