ကိုလိုနီခေတ် ရွေ့လျားစာကြည့်တိုက်

ကိုလိုနီခေတ် ရွေ့လျားစာကြည့်တိုက် အပိုင်း-၁

မကြာမီက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း မိုဘိုင်းစာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်လိုက်ကြောင်း သတင်းတစ်ပုဒ် ဖတ်ရှုလိုက်ရပါသည်။ ယင်းသို့သော ရွေ့လျားစာကြည့်တိုက်မျိုးသည် ကိုလိုနီခေတ်ကာလကပင် ဘုတလင်မြို့နယ်အတွင်းပေါ်ပေါက်ခဲ့ဖူးကြောင်း လေ့လာသိရှိရပါသည်။ အနောက်နိုင်ငံများတွင်မူ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရွေ့လျားစာကြည့်တိုက်များ ပေါ်ပေါက်ခဲ့သည်။

နယ်လှည့်ပိဋကတ်တိုက်

မြန်မာနိုင်ငံတွင် စာကြည့်တိုက် အမျိုးမျိုးရှိသော်လည်း တစ်ရွာဝင် တစ်ရွာထွက် ခရီးနှင်လျက်ရှိသော စာကြည့်တိုက်မျိုးကား ရှားပါးလှသည်။ စာအုပ်စာတမ်းများ၊ ဂျာနယ်၊ မဂ္ဂဇင်းများသည် ကျေးရွာများရှိ ကျောင်းသား ကျောင်းသူများ၊ တောင်သူဦးကြီးများ၊ ဆရာ ဆရာမများ စသည့် စာဖတ်သူများထံ ရောက်ရှိလာကြသည်။ ဖတ်ရှုပြီးစီးချိန်တန်လျှင် ယင်းကျေးရွာမှ အခြားကျေးရွာများသို့ ထွက်ခွာကြသည်။ ထို့နောက် စာအုပ်အသစ်များ ရောက်ရှိလာပြန်သည်။ ထိုသို့သော စာကြည့်တိုက်မျိုးကို စီစဉ်ကြိုးပမ်းတည်ထောင်ခဲ့သူတို့က ‘နယ်လှည့်ပိဋကတ်တိုက်’ ဟု အမည်ပေးခဲ့ကြသည်။

စတင်တည်ထောင်ခြင်း

ယင်းသို့သော နယ်လှည့်ပိဋကတ်တိုက်ခေါ် ရွေ့လျားစာကြည့်တိုက်မျိုးကို စတင် ကမကထပြု တည်ထောင်ခဲ့သူမှာ ဘုတလင်မြို့နယ် ပညာအုပ် ဦးဘဝမ်း ဖြစ်ပါသည်။ ဦးဘဝမ်းသည် နတ်တလင်းမြို့ ဇာတိဖြစ်ပြီး ဘုတလင်မြို့နယ်တွင် ပညာအုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ဆရာ၊ ဆရာမများ၏ ဝိုင်းဝန်းကူညီမှုဖြင့် ၁၉ ဇန်နဝါရီ၊ ၁၉၄၀ တွင် ရွေ့လျားစာကြည့်တိုက်ကို စတင်တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

ရည်ရွယ်ချက်များ

ရွေ့လျားစာကြည့်တိုက် စတင်တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ စာသင်ကျောင်းတည်ရှိသော ကျေးရွာများနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ တောင်သူလယ်သမား ဦးကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများအနေဖြင့် စာအုပ်များ အခမဲ့ ဖတ်ရှုနိုင်ကြကာ အသိပညာ၊ အတတ်ပညာ တိုးပွားလာစေရန်ဖြစ်ပါသည်။ ကိုလိုနီခေတ် သူ့ကျွန်ဘဝတွင် အင်္ဂလိပ်စာတတ် ဆရာကြီး ဦးဘဝမ်း အနေဖြင့် အနောက်နိုင်ငံများတွင် ရှေးပဝေသဏီကပင် ပေါ်ပေါက်ခဲ့ဖူးသော မိုဘိုင်းစာကြည့်တိုက်များအကြောင်း လေ့လာဖတ်ရှုဖြစ်ရာမှ အကြံဉာဏ် ရရှိလာခဲ့ခြင်း ဖြစ်ဟန်ရှိပါသည်။

စုပေါင်းတည်ထောင်ကြခြင်း

ပညာအုပ် ဦးဘဝမ်း၏ အကြံဉာဏ်ကို စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် ၆နှစ်ကြာ အချိန်ယူခဲ့ရသည်။ ရှေးဦးစွာ ဘုတလင်မြို့နယ်အတွင်းရှိ ကျောင်းများမှ ဆရာ၊ ဆရာမ (၈၀) ကျော်တို့ထံမှ တစ်ဦးလျှင် တစ်လ ၄ ပဲနှုန်း ကောက်ခံပါသည်။ ပညာအုပ် ဦးဘဝမ်း၏ အစီအစဉ်မှာ အလွန် မွန်မြတ်သော လုပ်ဆောင်ချက်ဖြစ်သဖြင့် ဆရာ၊ ဆရာမ အားလုံးက လိုလိုလားလား ငွေကြေးထည့်ဝင်ခဲ့ကြသည်။ သို့ဖြင့် ၆ နှစ်ကြာသောအခါ ရင်းနှီးမတင်ငွေ အတော်အတန်ရရှိကြပြီဖြစ်ပါသည်။ စုပေါင်းထည့်ဝင်သည့် စုဆောင်းရရှိငွေဖြင့် ထိုခေတ်ကာလထုတ် ဂျာနယ်၊ မဂ္ဂဇင်းများ၊ အသိပညာပေး စာအုပ်စာပေများအပြင် လယ်တီဆရာတော်၏ ဒီပနီကျမ်းများ စသည်တို့ကိုလည်း ဝယ်ယူခဲ့ကြသည်။

စာကြည့်တိုက် အစီအစဉ်

စာအုပ်စာတမ်းများ ဝယ်ယူရင်း တစ်ဖက်မှလည်း စာအုပ် (၅၀) ဆံ့ ကျွန်းသေတ္တာ (၃၆) လုံးကို စီစဉ်ခဲ့ကြသည်။ ကျွန်းသေတ္တာ တစ်လုံးစီတွင် စည်းကမ်းဥပဒေ၊ ခရီးစဉ်၊ သေတ္တာတွင်းရှိ စာအုပ်စာရင်း၊ သေတ္တာ အပေးအယူမှတ်တမ်းတို့ ပါဝင်ကြသည်။ ၎င်းသေတ္တာ ၃၆ လုံးကို မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၃၆ကျောင်းသို့ လှည့်လည်ပို့ပေးပါသည်။ စာကြည့်တိုက် ဗဟိုဌာနက ဘုတလင်မြို့ အထက်တန်းကျောင်းဖြစ်သည်။ စာကြည့်တိုက်အသင်း အတွင်းရေးမှူးသည် သေတ္တာအသီးသီးကို သက်ဆိုင်ရာ ကျောင်းများသို့ ရောက်ရှိစေရေးအတွက် ပို့ဆောင်ပေးရပါသည်။ ယင်းသို့ပို့ဆောင်ရာတွင် သေတ္တာတိုင်း၌ လက်ဆင်းကမ်းခရီးစဉ်များ ပါရှိပါသည်။

နယ်လှည့်ခရီးစဉ်

စာအုပ်ထည့်ထားသော ကျွန်းသေတ္တာများသည် နီးစပ်ရာ ချိတ်ဆက်ထားသော ကျေးရွာများသို့ ပုံမှန်ခရီးနှင်လျက် ရှိပေသည်။ သို့ဖြစ်၍ စာသင်ကျောင်း မရှိသော ကျေးရွာများမှလည်း စာဖတ်ရှုနိုင်ကြလေသည်။ ရောက်ရှိလာသည့် ကျွန်းသေတ္တာကို ကျေးရွာရှိ လက်ခံသူ ဆရာက သေတ္တာတွင် ပါရှိသော မှတ်တမ်းအတိုင်း စုံလင်မှု ရှိ မရှိ၊ စာအုပ်အရေအတွက် ကိုက်ညီမှု ရှိ၊ မရှိ ဦးစွာ စစ်ဆေးရ၏။ အကယ်၍ စာအုပ်အရေအတွက်လိုနေပါက ကျွန်းသေတ္တာပို့သူ၏ တာဝန်ဖြစ်ပါသည်။ ထိုအခါ အသင်း၏ အမှုဆောင်အဖွဲ့ထံသို့ အမြန်ဆုံး အကြောင်းကြားရပါသည်။ စာအုပ်ပြည့်စုံမှသာ စာအုပ် အပေးအယူမှတ်တမ်းတွင် လက်မှတ်ရေးထိုးရ၏။ ကျွန်းသေတ္တာတွင်းရှိ စာအုပ်များအား ကျေးရွာနေ ရွာသူရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား အခမဲ့ ဖတ်ရှုခွင့် ပြုပါသည်။ တစ်လပြည့်လျှင် စာရင်းပါအတိုင်း အခြားကျေးရွာသို့ ဆက်လက်ခရီးထွက်ခွာသွားပါသည်။ ထိုအခါ ကျွန်းသေတ္တာအသစ်တစ်လုံးထပ်မံရောက်ရှိလာတော့သည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာ ဆောင်းပါးများ စာအုပ်မှ ထုတ်နှုတ်ဖော်ပြထားပါသည်။

Related Posts