ညှို့ချက်

ညှို့ချက် (အပိုင်း – ၂)

ညှို့ချက် (အပိုင်း – ၂)
ကျုပ် အိမ်ပြန်ရောက်တော့ ကျုပ်မိန်းမနဲ့ ရွာသားတွေကို အဲဒီစပါးကြီးမြွေကြီးအကြောင်း ပြောပြတော့ ရွာသားတစ်ယောက်က ကျုပ်ကို ပြောတယ်။

“မင်းတွေ့ခဲ့တဲ့ စပါးကြီးမြွေကြီးက အဲဒီစမ်းချောင်းနဲ့ တို့ရွာအနီးက တောင်တွေမှာ အမြဲတွေ့နေကျပဲကွ။ မင်းက အခုမှ တွေ့ဖူးတာ။ ငါတွေ့တာက သုံးလေးခါတောင်ရှိသွားပြီ။ သည်တော သည်တောင်တွေမှာ တောကောင်ကြီးတွေနဲ့ အဲဒီလို မြွေကြီးမျိုးတွေ အများကြီး ရှိကြတယ် တောက်ထိန်ရဲ့”

“အေးကွာ၊ ငါက အခုမှ မြင်ဖူးတာကွ၊ မြွေအိုင်ပက်တာလည်း အခုမှ တစ်ခါမြင်ဖူး တွေ့ဖူးတာ။ အဆန်းပဲကွ၊ အဲဒီလို စပါးကြီးမြွေကြီးတွေဟာ လူတွေ၊ တိရစ္ဆာန်တွေကို ညှို့တယ်၊ ပြီးမှ မျိုတယ်ဆိုတာ ဟုတ်သလားကွ”

“သိပ်ဟုတ်တာပေါ့ကွာ၊ အဲဒီလို စပါးကြီးမြွေကြီးတွေဟာ ဆတ်တွေ၊ ချေ(ဂျီ)တွေ၊ လူတွေရဲ့ ခြေရာ၊ ခြေဖနောင့်တွေကို သူတို့ရဲ့ ချက်နားမှာရှိတဲ့ ညှို့တံနှစ်ချောင်းနဲ့ ထောက်ပြီး ညှို့တာကွ။ သူတို့ ညှို့တံဟာ ခြေဖနောင့်ရာကို ဖုံးမိ အုပ်မိတယ်ဆိုရင်တော့ သူတို့ဟာ ညှို့ချက်ချတော့တာပဲ။ စပါးကြီးမြွေ အညှို့ခံရတဲ့ အကောင်၊ ဘာအကောင်ဖြစ်ဖြစ် အဲဒီညှို့ထားတဲ့ မြွေရဲ့ညှို့ကွင်းက လွတ်အောင် ထွက်သွားလို့ မရတော့ဘဲ တဝဲလည်လည်နဲ့ ညှို့ထားတဲ့ မြွေရဲ့ရှေ့ကို ပြန်ရောက်သွားကြပြီး နောက်ဆုံးတော့ အဲဒီမြွေရဲ့ အမျိုကို ခံရတော့တာပဲပေါ့ကွာ”

“နေပါဦး၊ အဲဒီလို စပါးကြီးမြွေတို့၊ စပါးအုံးမြွေတို့ ညှို့ချက်မိတဲ့၊ အညှို့ခံရတဲ့ တိရစ္ဆာန်တို့ လူတို့ဟာ မြွေညှို့ထားမှန်း မသိကြဘူးလား။ သိရင် ဘယ်လိုလုပ်ပြီး ညှို့ချက်၊ ညှို့ကွင်းက လွတ်အောင် လုပ်ရသလဲကွ။ ဗဟုသုတအဖြစ် ပြောပြစမ်းပါဦး”

“မြွေညှို့ထားမှန်း၊ အညှို့ခံရမှန်း မသိရဘူးကွ။ တောထဲမှာ မြွေအညှို့ခံရရင် တစ်နေရာတည်းကိုပဲ တဝဲလည်လည်နဲ့ ပြန်ပြန်ရောက်သွားတယ်။ မျက်စိလည်နေသလို ဖြစ်နေတာကွ။ သတိရှိတဲ့သူဆိုရင်တော့ တစ်ကြိမ်က နှစ်ကြိမ် အဲဒီလို တစ်နေရာထဲ ပြန်ပြန်ရောက်နေတာကို သိရတဲ့အခါ သူ့ကို မြွေညှို့ထားမှန်း သိလာရတာပေါ့ကွာ။ အဲဒီလို မြွေအညှို့ခံရမှန်း သိတာနဲ့ အညှို့ခံရတဲ့သူဟာ အာရုံပြောင်းစေတဲ့ အစားအသောက်တစ်ခုခုကို စားလိုက်ရတယ်။ ဥပမာ – ခါးလွန်းတဲ့ အသီးအနှံ၊ ငရုတ်သီးလို့ စပ်တဲ့ အသီးကို များများစားပစ်ရတယ်ကွ။ ဒါမှမဟုတ်ရင် မိမိကိုယ်ခန္ဓာကို  ဒဏ်ရာတစ်ခုခုရအောင် မီးလို အပူလောင်စေတဲ့ဟာမျိုး၊ ဒါမှမဟုတ် ပြတ်ရှစေနိုင်တဲ့ ပစ္စည်းတစ်ခုခုနဲ့ ခန္ဓာကိုယ်တစ်နေရာရာကို ဒဏ်ရာအနာတရဖြစ်အောင် လုပ်ရတယ်။ ဒဏ်ရာအနာတစ်ခုခုရလို့ မိမိစိတ်ကို နာသွားတဲ့ ဒဏ်ရာပေါ်မှာ စိတ်ရောက်ပြီး စူးစိုက်မိသွားရင် မြွေညှို့ထားတဲ့ ညှို့ချက်က လွတ်သွားတယ်လို့ မုဆိုးကြီးတွေနဲ့ လူကြီးတွေ ပြောဆိုသံကို ကြားဖူးတယ်ကွ”

ကျုပ်လည်း သူပြောပြတဲ့အကြောင်းကို နားထောင်ရင်း စိတ်ထဲက မှတ်ထားလိုက်မိတယ်။ ဟုတ်တယ်လေဗျာ။ ကျုုပ်တို့နေတာက ရခိုင်ရိုးမတောင်ကြီးရဲ့ တောင်ခြေရင်းမှာ ကပ်ပြီးနေရတာ။ အလုပ်လုပ်နေရတာကလည်း တောထဲ တောင်ထဲမှာ မဟုတ်လား။ တစ်ခုခုအရေးကြုံရင် သိရ၊ ကာကွယ်လို့ ရတာပေါ့ဗျာ၊ မဟုတ်ဘူးလား။

စာရေးသူ – မင်းမြင့်နိုင် (ဘူးသီးတောင်)

Related Posts