ချမ်းသာခြင်း

ဤနည်းကို လုပ်ပါ၊ ချမ်းသာခြင်း နှင့် တွေ့ပါလိမ့်မည်

ဒစ်ဇရေလီနှင့် ဂလက်စတုန်းတို့သည် နိုင်ငံရေးနှင့်သက်ဆိုင်လျှင် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ကြသော်လည်း အိမ်ထောင်ရေးတွင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရာရခြင်းမူကား အတူတူပင်ဖြစ်ကြ၏။

အင်္ဂလန်ပြည်၏ အခန့်ငြားဆုံးသော နန်းရင်းဝန်ကြီး ဂလက်စတုန်းသည် နန်းရင်းဝန်ကြီးကတော်၏ လက်ကို ကိုင်ကာ ‘တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ၊ ရွှေဘုံပေါ်မှာ စံရ၊ ချစ်တာ ချစ်တာ ပဓာနရယ်လို့ ဆိုချင်ပါတယ် မောင်ရယ်’ ဟူသော သီချင်းကို သီဆိုလျက် ခန်းလုံးပြည့် ကော်ဇောကြီးပေါ်တွင် ဝိုင်း၍ ကနေသည်ကို ကျွန်ုပ်သည် မြင်စမ်းချင်လှ၏။

နိုင်ငံရေးနှင့် သက်ဆိုင်လျှင် တစ်ဖက်သား၏ဘေးကို ပိဿာလေးနှင့် ပစ်သလို နာအောင်ပြောတတ်သော ဂလက်စတုန်းသည် အိမ်မှာမူကား မည်သည့်အခါမျှ ကြိမ်းမောင်းခြင်း အပြစ်ဆိုခြင်း မပြုချေ။ အလုပ်သွားချိန်နီး၍ နံနက်စာစားရန် ထမင်းစားခန်းတွင်းသို့ ဝင်လာသောအခါ သူ၏သားမယားတို့မှာ အိပ်တုန်းပင် ရှိသေးသည်ကို တွေ့ရလျှင် ဆူပူကြိမ်းမောင်းခြင်း မလုပ်ဘဲ ‘အင်္ဂလန်ပြည်၏ အလုပ်အရှုပ်ဆုံးသော လူကြီးမှာ သူ၏အိမ်သားတွေ မနိုးသေးလို့ ထမင်းစားရန် စောင့်နေပါတယ်’ ဟူသောအဓိပ္ပာယ်မျိုးပါသည့် သီချင်းကို ကျယ်လောင်စွာ ဆိုလေသည်။ သူ၏ အိမ်သားများပေါ်တွင် ဤရွေ့ဤမျှ ညှာတာထောက်ထားလေသည်။

ရုရှားပြည်၏ ကက်သရင်းဘုရင်မကြီးသည် တိုင်းပြည်အုပ်ချုပ်ရာတွင် အလွန်ရက်စက်ကြမ်းကြုတ်၏။ သတ်စရာရှိလျှင် မညှာမတာသတ်၏။ သို့ရာတွင် စားတော်ကဲ ချက်ပေးသမျှကို ချဉ်ချဉ်တူးတူး ဆူပူခြင်းမရှိဘဲ ကျေနပ်စွာ စားတော်ခေါ်လေသည်။ ဤနည်းကို လင်လုပ်သူတို့ အထူးအတုခိုးသင့်ကြပေသည်။

အိမ်ထောင်ရေးတွင် ပါရဂူတစ်ဆူဖြစ်သည်ဟု အမေရိကန်တစ်ပြည်လုံး၏ အသိအမှတ်ပြုခြင်းခံရသော ဒေါ်ရသီဒစ်က အိမ်ထောင်ဖက်များသည် တစ်ရာလျှင် ငါးဆယ်လောက် စိတ်မချမ်းမသာဖြစ်ရခြင်းအကြောင်းမှာ အခြားကြောင့်မဟုတ်။ တစ်ဦးကို တစ်ဦး ဆူပူကြိမ်းမောင်းခြင်းကြောင့်ပင် ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုဖူးလေသည်။

ထို့ကြောင့် အကြင်လင်နှင့်မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလိုကြပါလျှင် ဆူပူကြိမ်းမောင်းခြင်း မပြုပါနှင့်။

လင်နှင့်မယားကိုသာလျှင် တစ်ဦးကိုတစ်ဦး ကြိမ်းမောင်းခြင်းမပြုရဟု မဆိုလိုချေ။ သားသမီးများကို ဆူပူကြိမ်းမောင်းခြင်း မပြုပါနှင့်။ သားသမီးများကို ဆူပူကြိမ်းမောင်းချင်လျှင် အောက်ပါဆောင်းပါးကို ရှေးဦးစွာ ဖတ်စေချင်ပါသည်။

ထိုဆောင်းပါးကို ၁၅ နှစ်လောက်က ဒဗလျူလစ်ဗင်စတန်လာနက် ဆိုသူသည် ရေးသားခဲ့၏။ ထိုအချိန်မှစ၍ ယခုအခါတိုင်အောင် ထိုဆောင်းပါးကို ကမ္ဘာပေါ်ရှိ စာနယ်ဇင်းအသီးသီးတို့တွင် တစ်ဆင့်ကူးယူဖော်ပြကြသည်မှာ အကြိမ်ပေါင်းများစွာ ရှိခဲ့လေပြီ။ ဘာသာအမျိုးမျိုးနှင့်လည်း ပြန်ယူခဲ့ကြလေသည်။ ထိုဆောင်းပါးမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

‘ဖေဖေ မေ့နေသည်’ နားထောင်ပါ လူကလေး၊ လူကလေး အိပ်နေတုန်း ဖေဖေ စကားတစ်ခု ပြောချင်တယ်၊ အိပ်နေလိုက်တာ လက်ကလေးတစ်ဖက်ကို ပါးအောက်မှာ သွင်းလို့၊ ချွေးစို့နေတဲ့ နဖူးကလေးပေါ်မှာ ဆံပင်စကလေးတွေဟာလည်း စိုနေတာပဲ၊ လူကလေးရဲ့အခန်းထဲကို ဖေဖေ အသာကလေး ဝင်ခဲ့တယ်၊ လူကလေးကို ကြိမ်းမိတဲ့အတွက် စာဖတ်ခန်းထဲမှာ စာထိုင်ဖတ်နေတုန်း ဖေဖေ စိတ်မကောင်းဘူးကွယ်၊ ဒါကြောင့်မို့ လူကလေးရဲ့အခန်းထဲကို ဖေဖေ ဝင်လာခဲ့တယ်၊

လူကလေးရေ၊ ဖေဖေစိတ်ထဲမှာ ဒါတွေကို ပြန်တွေးမိတယ်၊ လူကလေးကို လူကလေးဖေဖေ ဒေါသထွက်မိတာရယ်၊ လူကလေး ကျောင်းသွားဖို့ အဝတ်အစားလဲနေတုန်းက မျက်နှာကို ကောင်းကောင်းမသစ်ဘဲ မျက်နှာသုတ်ပုဝါနှင့် တစ်ချက်တည်းတိုက်လို့ လူကလေးကို ဖေဖေ ကြိမ်းမိတာရယ်၊ လူကလေးရဲ့ ဖိနပ်ကို တိုက်မသွားလို့ လူကလေးကို ဖေဖေ ဒဏ်ပေးမိတာရယ်၊ လူကလေးက လူကလေးရဲ့ ကစားစရာတွေကို ကြမ်းပေါ်လွှင့်ပစ်လိုက်လို့ လူကလေးကို ဖေဖေ ဒေါသထွက်ပြီး ငေါက်မိတာရယ်၊ ဒါတွေကို ဖေဖေ ပြန်တွေးမိတယ်၊ မနက် ထမင်းစားနေတုန်းကလည်း လူကလေးကို ဖေဖေ ဆူမိတယ်။ မင်းဟာ ထမင်းလုံးတွေ ဟိုထွေးသည်ထွေးနဲ့၊ ထမင်းကိုလည်း မဝါးဘဲ မျိုချတယ်၊ စားပွဲပေါ်မှာ လက်ကြီးထောက်နေပြန်ပြီ၊ ထောပတ်တွေ သိပ်စားတာပဲ အစရှိသည်ဖြင့် လူကလေးကို ဖေဖေ ဆူမိတယ်၊ နောက်ပြီးတော့ ဖေဖေက မီးရထားဘူတာရုံကို အသွား၊ လူကလေး ကစားနေတဲ့နေရာရောက်တော့ လူကလေးက ဖေဖေ့ဘက်ကို လှည့်လက်ပြပြီး ‘သွားပြီလား ဖေဖေ’ လို့ နှုတ်ဆက်လိုက်တဲ့အခါမှာ ဖေဖေက မျက်မှောင်ကြီးကုပ်ပြီး ‘ဟဲ့ကောင်လေး ခါးကြီးက ကုန်းလို့၊ ရင်ကော့ထားပါလား’ ဟု ဖေဖေက ပြန်ငေါက်လိုက်မိတယ်၊

ညနေအချိန်မှာ ဖေဖေ အလုပ်က အိမ်ကို ပြန်လာတော့ လူကလေးဟာ ဒူးထောက်ပြီး ကျောက်ဒိုးပစ်တမ်းကစားနေတာကို တွေ့ရတယ်၊ ဒူးထောက်ကစားတာနဲ့ လူကလေးရဲ့ခြေအိတ်တွေဟာ ပေါက်ကုန်တယ်၊ ဒီတော့ ဖေဖေက စိတ်ဆိုးတာနဲ့ လူကလေးရဲ့ ကစားဖော်တွေရှေ့မှာ လူကလေးကို အတင်းဆွဲခေါ်လာပြီး အရှက်ခွဲခဲ့တယ်။

ဒါတွေပြီးတော့ စာဖတ်ခန်းထဲမှာ ဖေဖေ စာထိုင်ဖတ်နေတုန်း မျက်နှာငယ်ကလေးနှင့် အခန်းထဲကို လူကလေး ဝင်လာတာ မှတ်မိသေးရဲ့လား။ စာဖတ်နေတုန်း လာရှုပ်ရမည်လားလို့ ဖေဖေ စိတ်ထွက်ပြီး အပေါ်မော့ကြည့်လိုက်တဲ့အခါမှာ လူကလေးဟာ ရှေ့ကိုမတိုးရဲဘဲနဲ့ တန့်သွားခဲ့တယ်။ နောက်ပြီးတော့ ‘ဟဲ့ကောင်လေး၊ ဒီအထဲကို ဘာလုပ်မလို့လာပြန်တာလဲ’ လို့ ဖေဖေက လှမ်းမေးလိုက်တယ်။

လူကလေးက ဘာမှမပြောဘဲ ဖေဖေ့ဆီကို တစ်ရှိန်ထိုးပြေးလာပြီး ဖေဖေ့ကို အတင်းဖက်နမ်းတာပဲ။ နမ်းပြီးတော့လည်း  ဘာမျှပြန်မပြောဘဲ အခန်းထဲက ထွက်ပြေးပြီး လှေကားပေါ် တက်သွားတယ်။ လူကလေးထွက်သွားပြီး ဘာမျှမကြာခင် ဖေဖေ့လက်က သတင်းစာလွတ်ကျပြီး ဖေဖေ့ရင်ထဲမှာ ဘယ့်နှယ်ဖြစ်လာမှန်းမသိဘူး ကြိမ်းတတ်တဲ့ အလေ့ကြောင့် ဖေဖေတော့ ခက်တော့တာပဲ။ လူကလေးကို ဖေဖေမချစ်လို့ မဟုတ်ပါဘူးကွယ်၊ လူကလေးကို လူကလေးအရွယ်မှာ လိုက်နိုင်တာထက် ပိုပြီး လိမ္မာစေချင်လို့ပါ။ ဖေဖေ့အသိဉာဏ်မျိုး လူကလေးမှာလည်း ရှိလိမ့်မယ်အထင်နဲ့ ကြိမ်းခဲ့မိတယ်။

ငါ့သားဟာ အင်မတန်လိမ္မာတဲ့ သားကြီးပဲ။ အာရုဏ်တက်တဲ့အခါမှာ အလင်းရောင်တို့ဟာ ကျယ်ပြန့်တဲ့တောင်ကြီးကို လွှမ်းအုပ်နိုင်အောင် ကြီးမားသလို ငါ့သားရဲ့စိတ်ဓာတ်ဟာလည်း ကြီးမားပါပေတယ်။ ဒီလို ကြီးမားတဲ့အကြောင်းကိုလည်း အိပ်ရာမဝင်ခင် ဖေဖေ့ဆီကို ပြေးလာပြီး အတင်းဖက်နမ်းတာက သက်သေခံပေတယ်။ လူကလေးရေ ကနေ့ညတော့ ဖေဖေဘာကိုမှ မစဉ်းစားတော့ဘူး။ လူကလေးရဲ့ အိပ်ရာနံဘေးကို လာပြီး ဖေဖေကြိမ်းမိတာတွေကို ရှက်နေပါတယ်။

လူကလေး နိုးနေတဲ့အခါ ဒီစကားတွေကို ဖေဖေပြောပြလို့ လူကလေးနားလည်မှာ မဟုတ်ဘူးဆိုတာ ဖေဖေသိပါတယ်။ အေးကွယ် မနက်ဖြန်ကစပြီး ဖေဖေဟာ လူကလေးအပေါ်မှာ စိတ်ထားပြင်တော့မယ်။ လူကလေးနဲ့ ချစ်ချစ်ခင်ခင် နေမယ်။ လူကလေးကို ကြိမ်းမောင်းချင်တဲ့စိတ်တွေ ပေါ်လာရင် ဖေဖေလျှာကို ကိုက်ထားမယ်။ ‘လူကလေးဟာ ငယ်ပါသေးတယ်၊ ငယ်ပါသေးတယ်’ ဆိုတာကို ဂါထာများရွတ်သလို တတွတ်တွတ်နဲ့နေအောင် ဖေဖေ ရွတ်တော့မယ်နော်။

လူကလေးကို တကယ့်လူကြီးလို့ ဖေဖေ ယူဆမိခဲ့တာ မှားပြီ။ ခုလို ငါ့သားဟာ အိပ်ရာပေါ်မှာ ခွေခွေကလေး အိပ်နေတာကို မြင်ရတော့ ငါ့သားဟာ ကလေးကလေး ရှိပါသေးပါလား၊ မနေ့ဆိုရင် လူကလေးကို မေမေက ပွေ့ထားတော့ လူကလေးက မေးစေ့ကလေးကို မေမေ့ပုခုံးပေါ်မှာ တင်ထားပါသေးတယ်။ လူကလေးအပေါ်မှာ ဖေဖေ့စိတ်ထား မှားခဲ့ပြီကွယ်၊ မှားခဲ့ပြီ။’

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts