ညှို့ချက်

ညှို့ချက် (အပိုင်း – ၁)

လူ့လောကကြီးထဲမှာ လူတွေဟာ လောဘကြောင့် မှားကြ၊ မောဟကြောင့် မှားကြ၊ တကယ့်အမှားကြီး မှားတာကတော့ ဒေါသကြောင့် မှားမိကြတဲ့ အမှားပဲပေါ့။ ဒေါသဖြစ်ပြီဟေ့ဆိုရင် ဒေါသနောက်မှာ မောဟဆိုတဲ့ တွေဝေမှုတွေနဲ့အတူ စဉ်းစားချင့်ချိန်နိုင်ခြင်းကင်းတဲ့ အမိုက်မှောင်ကြီး ဖုံးလွှမ်းလို့မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အဖြစ်ဆိုး အမှားတွေ မှားကြ၊ ကြုံတွေ့ကြရပြီး ဒုက္ခတွေအမျိုးမျိုးရောက်ကြရတယ် မဟုတ်လား။ အဆိုးဆုံးကတော့ ဒေါသကြောင့် မထိန်းသိမ်းနိုင်ကြလို့ လူသတ်မှုတွေ ဖြစ်ရတဲ့ အဖြစ်ဆိုးတွေ နေ့စဉ်ထုတ် ဂျာနယ်တွေ၊ လစဉ်ထုတ်ဝေကြတဲ့ မဂ္ဂဇင်းတွေမှာ မြင်တွေ့ဖတ်ရတာပဲပေါ့။

ကျုပ်လည်း ဒေါသကြောင့် အမှားကြီး မှားမိတော့မယ့်ဆဲဆဲမှာ ကျုပ်စိတ်ကို ချုပ်တည်းထိန်းသိမ်းလို့ ဆင်ကန်းတောတိုး မစူးစမ်းမဆင်ခြင် ဖြစ်တော့မယ့် ကျုပ်စိတ်ကို မှန်ကန်တဲ့ အသိတရားလေးနဲ့ ဆုံးမနိုင်ခဲ့လို့ လူသတ်မှုကြီးတစ်ခုဖြစ်ပြီး ကျုပ်လည်း လူသတ်တရားခံဖြစ်ရမယ့် အဖြစ်က လွတ်ကင်းခဲ့ရတယ်။

ကျုပ် မဆင်မခြင် သတ်မိတော့မလိုဖြစ်ခဲ့တဲ့ သူက ဘယ်သူလဲ၊ သိကြရဲ့လား။ တခြားသူတော့ မဟုတ်ဘူးဗျို့၊ ကျုပ် သိပ်ပြီးချစ်ရ၊ မြတ်နိုးတွယ်တာရပါတယ်ဆိုတဲ့ ကျုပ်ရဲ့ ဇနီးမယားပဲပေါ့။ သူ့နာမည်က “ပန်းမြိုင်” လို့ ခေါ်တယ်။ လှသလားတော့ မမေးနဲ့ဗျို့၊ ကျုပ်တို့တစ်ရွာလုံးတင် မကဘူး၊ ကျုပ်တို့ရွာနဲ့  ရွာနီးချုပ်စပ်က ရွာသုံးလေးရွာမှာ ကျုပ်မိန်းမ မပန်းမြိုင်ရဲ့ အလှကို မီတဲ့ မိန်းကလေးတစ်ယောက်မှ မရှိဘူးဗျ။ လှလို့ ချောလို့ ကျုပ်ချစ်မိတယ်။ ချစ်မိလို့လည်း လက်ထပ်ယူခဲ့တာပေါ့ဗျာ။ သြော် … ကျုပ်နာမည်ကို ပြောပြဖို့ မေ့နေတယ်။ ကျုပ်နာမည်က “တောက်ထွန်း” တဲ့ဗျ။

ကျုပ်နဲ့ ကျုပ်မိန်းမ ပန်းမြိုင် ညားကြတာ သုံးနှစ်ရှိသွားပြီလေ။ ကျုပ်တို့မှာ သမီးလေးတစ်ယောက် ရထားပြီပေါ့ဗျာ။ နာမည်လေးက သူ့အမေနာမည်နဲ့ ခပ်ဆင်ဆင်တူတဲ့ “မပန်းခိုင်”။ အသက်က ၉ လရှိသွားပြီ။ ကျုပ်ကိုလည်း ကျုပ်မိန်းမက ချစ်သလားလို့ မမေးနဲ့ဗျို့၊ တုန်နေအောင်ကို ချစ်တာ။ သူချစ် ကိုယ်ချစ်၊ နှစ်ကိုယ်ချစ်လို့ ယူထားကြတဲ့ လင်မယားဖြစ်လို့ သိပ်ချစ်ကြတာပေါ့ဗျာ။ ကျုပ်တို့ရွာထဲမှာတောင်မှ စကားတစ်ခွန်း ပြောနေကြလေရဲ့။ အဲဒီစကားက ဘာတဲ့လဲ၊ သိချင်ကြသလား။ ပြောပြမှာပေါ့ဗျာ။ “တုန်တုန်ချစ် လင်မယား” တဲ့ဗျို့။ ဘာဖြစ်လို့ အဲဒီလို ခေါ်ကြ၊ ပြောကြသလဲဆိုတော့ ကျုပ်တို့လင်မယားဟာ တစ်ယောက်ကိုတစ်ယောက် တုန်နေအောင် ချစ်ကြလို့တဲ့ဗျာ။ ကျုပ်တို့ “လင်မယားကလည်း အဲဒီလိုခေါ်တဲ့ “တုန်တုန်ချစ်” ဆိုတဲ့ အခေါ်လေးကို သဘောအကျသားဗျ။ အဲ – ကျုပ်ပြောပြမယ့် အကြောင်းတွေတောင် ဘေးချော်ထွက်ကုန်ပြီ။ အဲဒီအဖြစ်အပျက်က ဒီလိုဗျ၊ ဒီလို။

ကျုပ်တို့နေတဲ့ ရွာက ရခိုင်ပြည်နယ်ထဲမှ ရခိုင်ရိုးမတောင်တန်းကြီးရဲ့ တောင်စွယ်တောင်ခြေရင်းနားမှာ ရှိတဲ့ “ပန်းကုန်းမ” ဆိုတဲ့ ရွာကလေးပေါ့ဗျာ။ ရွာမှာက အိမ်ခြေ ၄၀ လောက် ရှိတယ်။ ရွာသားတွေအားလုံးလိုလိုကတော့ တောင်ယာအလုပ်နဲ့ လယ်မြေလေးနည်းနည်းပါးပါး ရှိတဲ့သူတွေကတော့ ဝမ်းစာစပါး ရတယ်ဆိုရုံလေးပါပဲဗျာ။ ဥယျာဉ်ခြံစိုက်တဲ့သူက နည်းပါတယ်။ တစ်ရွာလုံးမှ သုံးယောက်တည်းရှိတယ်။ အဲဒီသုံးယောက်မှာ ကျုပ်လည်း ပါတယ်လေ။ ကျုပ် မိန်းမရတော့ ကျုပ် အဖေနဲ့ အမေက အမွေပေးလိုက်တဲ့ ဥယျာဉ်ခြံပေါ့ဗျာ။ သရက်၊ ပိန္နဲ၊ မရမ်းနဲ့ တညင်းတွေ စိုက်ထားတာ။ စားလောက်ပါတယ်ဗျာ။ ကျုပ်တို့ မိသားစုသုံးယောက် ဝမ်းဝရုံမကဘူး၊ ကျုပ်မိန်းမကိုပါ ခါးလှအောင် ဆင်နိုင်ခဲ့တယ်။

ကျုပ်၊ မနက်မိုးလင်းလို့ ဥယျာဉ်ခြံထဲ သွားတော့မယ်ဆိုရင် ကျုပ်မိန်းမက ကျုပ်အဆာပြေစားဖို့အတွက် ထမင်းကြော်နဲ့ ရေနွေးကြမ်းအဆင်သင့် လုပ်ထားပေးပြီးသား။ ကျုပ်စားသောက်ပြီးသားနဲ့ မြက်ခုတ်ဓားယူပြီး ခြံထဲကို သွားရတာ။ မြက်ခုတ်ဓားဆိုတာက အရိုးရှည်ရှည်နဲ့ နှစ်ဖက်ခုတ်ရတဲ့ ဓား။ ဥယျာဉ်ခြံထဲက ပေါင်းပင်ချုံနွယ်တွေ၊ မြက်ရိုင်းပင်တွေကို နေ့စဉ် ရှင်းလင်းခုတ်ထွင်ရတယ်။ မဟုတ်လို့ကတော့ ဥယျာဉ်ခြံဟာ တောဖုံးသွားမှာပဲ။ ကျုပ်ဟာ မြက်ခုတ်တဲ့ ဓားကို ကိုင်ပြီး ကျုပ်မိန်းမရဲ့ ပါးပြင်နုနုလေးကို မွှေးမွှေးပေးပြီး ခြံထဲကို သွားတာဗျ။ ဒါက ကျုပ်တို့လင်မယားရဲ့ နေ့စဉ် မပျက်ကွက်တဲ့ တာဝန်ဝတ္တရားတစ်ခုပေါ့ဗျာ။

တစ်ရက် …

ကျုပ် ဥယျာဉ်ခြံကို အသွားမှာ ထူးဆန်းတဲ့ အတွေ့အကြုံလေးတစ်ခု ကြုံတွေ့ခဲ့ရတာကို ပြောပြရဦးမယ်။ တစ်နေ့နံနက်ပိုင်း ကျုပ် မြက်ခုတ်ဓားကို ထမ်းပြီး ဥယျာဉ်ခြံကို အသွားမှာ ရွာက ထွက်လာလို့ လမ်းတစ်ဝက်လောက်အရောက်မှာ စမ်းချောင်းလေးတစ်ခု ရှိတယ်ဗျ။ အဲဒီ စမ်းချောင်းလေးကို ဖြတ်ကျော်အသွား၊ စမ်းချောင်းရဲ့ အထက်ပိုင်းက ဗြန်းဗြန်းဗြန်းနဲ့ အိုင်ပက်နေတဲ့ အသံကို ကြားလိုက်ရတယ်ဗျို့၊ အိုင်ပက်သံကြားရလို့ ကျုပ် အံ့သြသွားတယ်လေ။ အခုလို နံနက်စောစော ရွာက ဘယ်သူတွေကများ ဒီစမ်းချောင်းထဲ ဝင်ပြီး အိုင်ပက်နေကြသလဲပေါ့၊ စမ်းချောင်းထဲက ရေတွေကလည်း နောက်ကျိပြီး စီးဆင်းလာနေတယ်။ ကျုပ်လည်း ဘယ်သူတွေ အိုင်ပက်နေကြသလဲ သိချင်တာနဲ့၊ အဲ – ငါးဟင်းစားလေးဘာလေး ရလိုရငြားဆိုတဲ့ စိတ်ကူးလည်း ပါတာပေါ့လေ။ ကျုပ် စမ်းချောင်းလေးရဲ့ အထက်ပိုင်းဘက်ကို တက်သွားလိုက်တယ်။

အိုင်ပက်နေတဲ့ အသံကတော့ မှန်မှန်ကြီး ဗြန်းဗြန်းဗြန်းနဲ့ ကြားနေရဆဲပဲ။ ကျုပ် ဆက်သွားလိုက်တာ အိုင်ပက်နေတဲ့ နေရာကို မြင်ရတဲ့နေရာအထိ ရောက်တော့ ကျုပ်လှမ်းကြည့်မိလိုက်တဲ့အခါ ကျုပ်မျက်လုံးကိုတောင် ပွတ်သပ်ပြီး ကြည့်မိလိုက်တယ်ဗျာ။ ကျုပ် တစ်ခါမှ မမြင်ဘူးတဲ့ မြင်ကွင်းကို မြင်လိုက်ရလို့ဗျို့။ အိုင်ပက်နေတာက လူမဟုတ်ဘူးဗျ။ စပါးကြီးမြွေကြီးတစ်ကောင်ဗျ။ စမ်းချောင်းရဲ့ တစ်ဖက်မှာ ရှိတဲ့ ပေါင်လုံးလောက်ရှိတဲ့ သစ်ပင်တစ်ပင်မှာ သူရဲ့အမြီးကို လိမ်ချိတ်ပြီး၊ နောက် စမ်းချောင်းရဲ့တစ်ဖက်မှာ ရှိတဲ့ သစ်ပင်ငယ်တစ်ပင်မှာ သူ့ဦးခေါင်းကို လိမ်ချိတ်၍ သူ့ရဲ့ခန္ဓာကိုယ်လုံးကြီးကို စမ်းချောင်းအလယ်မှာ တွဲလောင်းချပြီး ဒါန်းလွှဲသလို လွှဲကာ လွှဲကာနဲ့ စမ်းချောင်းထဲက ရေတွေကို အိုင်ပက်နေတာဗျ။ ရေတွေဆိုတာ ဝေါခနဲ ဝေါခနဲ ပါ, ပါသွားတာ။ ရေကျသံတွေက ဗြန်းဗြန်းနဲ့ တကယ့်လူတွေ အိုင်ပက်နေသလိုပဲဗျ။ ကျုပ်လည်း မြွေ အိုင်ပက်တာကို တစ်ခါမှ မမြင်ဘူးလို့ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိတယ်ဗျာ။ စပါးကြီးမြွေကြီးက ဘယ်လောက်ကြီးသလဲဆိုတော့ ယောက်ျားကြီး သုံးထွာဆိုင်လောက် ရှိပြီး အရှည်က ကိုးတောင်ကျော်ကျော်လောက် ရှည်မယ်ဗျ။ ဒီစပါးကြီးမြွေကြီးလောက်ဆိုရင် နွားတို့၊ ဆတ်တို့လောက် အကောင်တွေကို အသာလေး မျိုနိုင်တာပေါ့ဗျာ။

စာရေးသူ – မင်းမြင့်နိုင် (ဘူးသီးတောင်)

Related Posts