ညှို့ချက်

ညှို့ချက် (အပိုင်း – ၃)

ဒီလိုနဲ့ နေလာကြတာ မိုးဦးကျနယုန်လ တစ်ရက်မှာပေါ့ဗျာ။ ထုံးစံအတိုင်း ကျုပ်မိန်းမ ကြော်ပေးတဲ့ ထမင်းကြော်နဲ့ ရေနွေးကြမ်းကို စားသောက်ပြီး ဥယျာဉ်ခြံဘက်ကို ထွက်လာခဲ့တယ်။ ဥယျာဉ်ထဲမှာ မြက်ကို ခုတ်ရှင်း၊ ချုံတွေကို ခုတ်နဲ့ နေမွန်းတည့်ချိန်မှာ မနက်စာစားဖို့အတွက် ကျုပ် ရွာကို ပြန်လာခဲ့တယ်။ ရွာကို ရောက်လို့ ကျုပ်အိမ်ပေါ်ကို တက်လိုက်တော့ ကျုပ်သမီးလေး ပန်းခိုင်ကို ပုခက်ထဲမှာ တွေ့လိုက်ရပြီး ကျုပ်မိန်းမ ပန်းမြိုင်ကိုတော့ မတွေ့ရဘူးဗျ။ ဒါနဲ့ သမီးလေးကို ကောက်ယူပွေ့ချီလိုက်တယ်။ ကျုပ်ရောက်ပြီး ခဏကြာပြီးမှ ကျုပ်မိန်းမ ပန်းမြိုင် အိမ်အနောက်ဘက်က ပြန်လာပြီး အိမ်ပေါ် တက်လာတော့တယ်။

“ဘယ်သွားနေတာလဲ ပန်းမြိုင်ရယ်၊ အိမ်မှာ သမီးလေးတစ်ယောက်တည်း ထားခဲ့ပြီးတော့။ သမီးလေး နိုးပြီး ငိုနေရင် ဘယ်လိုလုပ်မလဲ။ ထမင်းဆာလာတယ်ကွာ၊ ထမင်းခူးတော့”

ပန်းမြိုင်ဟာ စကားတစ်ခွန်းမှ ပြန်မပြောဘဲ မီးဖိုချောင်ထဲ ဝင်သွားပြီး ထမင်းဟင်းတွေ ခူးခပ်နေတဲ့ အသံတွေ ကြားနေရတယ်။ ကျုပ်လည်း ထမင်းဆာနေတာနဲ့ သမီးလေးကို ပုခက်ထဲ ပြန်ထည့်ထားခဲ့ပြီး မီးဖိုချောင်ထဲကို ဝင်လို့ လက်ဆေးပြီး ထမင်းစားလိုက်တယ်။ ဟင်းကတော့ ထုံးစံအတိုင်း တောဟင်းပေါ့ဗျာ။ ကင်ပလင်ရွက်ချဉ်ရည်ဟင်းနဲ့ ငပိရည် တို့စရာပဲပေါ့။ ကျုပ် ထမင်းစားနေတုန်း ကျုပ်မိန်းမ ပန်းမြိုင် မီးဖိုချောင်ထဲက အိမ်ရှေ့ကို ထ,ထွက်သွားတယ်။ ကျုပ်စိတ်ထဲ တမျိုးခံစားလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခါတိုင်းနေ့တွေမှာ ကျုပ်ထမင်းစားနေရင် ကျုပ်အနားမှာ ထိုင်ပြီး ကျုပ်မျက်နှာကို အရိပ်လို ကြည့်နေတတ်တဲ့ ကျုပ်မိန်းမ။ အခု ကျုပ် ထမင်းစားနေတုန်း အိမ်ရှေ့ကို ထွက်သွားတယ်လေ။ ကျုပ်စိတ်ထဲ မျက်သွားတယ်။ ကျုပ်လည်း စိတ်ထဲ သိပ်မကောင်းတာနဲ့ ထမင်းစားတာကို လက်စသတ်လိုက်တယ်။ လက်ဆေးပြီး အိမ်ရှေ့ကို ထွက်လာပြီး ကျုပ်မိန်းမကို ရှာကြည့်လိုက်တော့ မိန်းမကို မတွေ့ဘူး။ ကျုပ်လည်း ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်နေလိုက်တယ်။ ရေနွေးကြမ်းတစ်ခွက်အကုန်မှာ ကျုပ်မိန်းမအိမ်အနောက်ဘက် ပြန်လာပြီး အိမ်ပေါ်ကို တက်လာတယ်။ ပြီး ပုခက်ထဲက သမီးလေးကို ပွေ့ချီပြီး နို့တိုက်နေတယ်။

ကျုပ်လေ ရင်ထဲမှာ မကောင်းဖြစ်မိတယ်ဗျာ။ ကျုပ်မိန်းမ ပန်းမြိုင်ရဲ့မျက်နှာကို ကြည့်မိလိုက်တော့ ပန်းမြိုင်မျက်နှာ မကောင်းဘူး။ မျက်နှာက ညှိုးနေပြီး မျက်တောင်တွေက စင်းနေတယ်။ အိပ်ချင်နေတဲ့သူရဲ့ မျက်လုံးမျိုးနဲ့။ ကျုပ်ကိုလည်း လှည့်မကြည့်ဘူးဗျာ။ သူစိမ်းဆန်လွန်းနေတယ်။ ကျုပ်မိန်းမဟာ သမီးလေးကို နို့တိုက်ပြီး ပုခက်ထဲ ထည့်သိပ်လိုက်တယ်။ ပြီးတာနဲ့ အိမ်ပေါ်က အိမ်အောက်ကို ဆင်းလို့ အိမ်နောက်ဖေးဘက်ကို ခေါင်းငိုက်စိုက်နဲ့ ထွက်သွားတာ မြင်လိုက်ရတယ်။ ကျုပ်စိတ်ထဲ မသင်္ကာဖြစ်လာမိတယ်။ ဒါပေမယ့် ကျုပ်စိတ်ကို ဖြေပါတယ်။ ကျုပ်မိန်းမဟာ အစားအသောက်မှားလို့ ဝမ်းပျက်ပြီး ဝမ်းသွားနေလို့ တောထိုင်ဖို့ (အိမ်သာတက်ဖို့) အိမ်နောက်ဘက်ရှိ တောင်စောင်းက တောစပ်ကို သွားတယ်လို့ပဲ မှတ်လိုက်ပါတယ်။

ကွမ်းတစ်ယာညက်လောက်အကြာမှာ ကျုပ်မိန်းမ ပြန်ရောက်လာပြီး ပုခက်ထဲက သမီးလေးကို ယူလို့ နို့တိုက်နေပြန်တယ်။ ကျုပ်ကိုတော့ စကားတစ်ခွန်းမှ မပြောဘူးဗျ။ ကျုပ်မျက်နှာကိုလည်း မကြည့်ဘူး။ ကျုပ်နဲ့ သုံးနှစ်သုံးမိုး ပေါင်းသင်းလာတဲ့ မိန်းမပဲဗျာ။ သူ့မျက်နှာရိပ် မျက်နှာကဲကို သိတာပေါ့။ ဒီမိန်းမ ငါ့အပေါ်မှာ ဘာတွေ စိတ်ကောက်နေသလဲ၊ ဘာတွေ စိတ်ဆိုးနေသလဲ ဆိုပြီး တွေးကြည့်မိတယ်။ ကျုပ်အကြောင်း ကျုပ်အသိဆုံးပါဗျာ။ ကျုပ်ဟာ အရက်၊ ဆေးလိပ်မသောက်။ လောင်းကစား ဘာတစ်ခုမှ မလုပ်တဲ့သူ၊ အပျော်အပါးမရှိ၊ မိန်းမကိစ္စဆိုတာ ဝေလာဝေးပေါ့ဗျာ။ အခု ကျုပ်မိန်းမ ဘာဖြစ်နေသလဲ၊ ကျုပ်တွေးနေဆဲမှာပဲ သမီးလေးကို ပုခက်ထဲ ပြန်ထည့်လိုက်ပြီး အိမ်ပေါ်က ပြန်ဆင်းသွားပြန်တယ်။

ဒီတစ်ခါတော့ ကျုပ်စိတ်ထဲမှာ နည်းနည်းအောင့်သွားတယ်။ ဒီမိန်းမ အမူအရာပျက်နေတယ်။ သူ ကျုပ်အပေါ်မှာ သစ္စာပျက်နေပြီလား။ ကျုပ်ကို ရှေ့မှာထားပြီး စကားမပြောနိုင် မဆိုနိုင်နဲ့၊ နောက်ထပ် အသစ်တွေ့လို့ ဖောက်ပြန်နေပြီလား။ အခုလည်း ကျုပ်ရှေ့မှာတင် အိမ်နောက်ကို ဆင်းဆင်းသွားတာ သုံးခါရှိသွားပြီ။ နောက်တစ်ယောက်နဲ့ ချိန်းတွေ့နေပြီဆိုပြီး ကျုပ်ဒေါသတွေ ငယ်ထိပ်တက်ဆောင့်လာတော့တယ်။ ကျုပ် ဒေါသမထွက်ဘဲ ခံနိုင်ရိုးလားဗျာ။ ကျုပ်အသက်လောက် ချစ်ရတဲ့ မိန်းမ။ ကျုပ်တစ်သက်မှာ တစ်ယောက်သာ ချစ်ခဲ့ဖူးတဲ့ မိန်းမ။ ဖောက်ပြန်နေတယ်လို့ ထင်မိတော့ ကျုပ် ဒေါသထွက်မိတာ ကျုပ်အလွန်လားဗျာ။ ကျုပ်လည်း ဘာမှမဆင်ခြင်နိုင်တော့ဘူး။ ကျုပ်ရှေ့နားမှာ ရှိတဲ့ မြက်ခုတ်ဓားကို လှမ်းယူလိုက်မိတယ်။ ကျုပ်အပေါ် သစ္စာမဲ့တဲ့မိန်းမ၊ ကျုပ်ကို သစ္စာဖောက်တဲ့ မိန်းမ၊ ဒီလောကမှာ အရှင်မထားတော့ဘူး။ သူပြီးရင် သူနဲ့ ဖောက်ပြန်နေတဲ့ ကြာကူလီကောင် အလှည့်ပဲလို့ ကျုပ်အသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသတွေ ထွက်နေမိတယ်။

မြက်ခုတ်ဓားကို ဆုပ်ကိုင်ရင်း သမီးလေး အိပ်နေတဲ့ ပုခက်ကို ကြည့်မိပြန်တယ်။ ကျုပ်စိတ်တွေ လေးလံသွားတယ်။ ကျုပ်ဒေါသအလျောက် စိတ်ထင်တိုင်းလုပ်လိုက်ရင် ဒီသမီးလေးတစ်ယောက်တည်း လူ့လောကအလယ်မှာ မိမရှိ ဖမရှိနဲ့ တစ်ကောင်ကြွက်တစ်မျက်နှာဘဝနဲ့ ဒုက္ခတွေ ပင်လယ်ဝေပြီး ကျန်နေရတော့မှာပဲလို့ တွေးပြီး မျက်ရည်တွေ ကျလာမိတယ်။ အဲဒီလို တွေးနေမိတဲ့အချိန်မှာပဲ ကျုပ်မိန်းမ ပန်းမြိုင် အိမ်ပေါ်ပြန်တက်လာတာ တွေ့လိုက်ရတယ်။ ကျုပ် ဒေါသဖြစ်ဖြစ်နဲ့ သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်မိတယ်။ နာကြည်းစိတ်နဲ့ ကြည့်မိတာပါ။ ကျုပ်မိန်းမရဲ့မျက်လုံးတွေ ပုံမှန်မဟုတ်မှန်း မြင်တွေ့လိုက်ရတယ်။ မျက်တောင်တွေစင်းပြီး မျက်လုံးကလည်း အိပ်မက်မက်ပြီး လမ်းထလျှောက်နေတဲ့သူရဲ့ မျက်လုံးမျိုး။ ခံစားချက်ကင်းမဲ့နေတဲ့၊ အသိစိတ် လွတ်ကင်းနေတဲ့သူရဲ့ မျက်လုံးမျိုး။

ကျုပ်မိန်းမဟာ ပုခက်ထဲက အိပ်နေတဲ့ သမီးလေးနားကိုသွားပြီး သမီးလေးရဲ့ မျက်နှာကို ကြည့်လိုက်တယ်။ ကြည့်ပြီးတာနဲ့ အိမ်ပေါ်က ဆင်းသွားပြန်တယ်။ ခေါင်းငိုက်စိုက်နဲ့ လျှောက်သွားတာ။ ကျုပ် ဘာလုပ်ရမယ်မှန်း ချက်ချင်း မဆုံးဖြတ်နိုင်ခဲ့ဘူး။ တွေဝေနေမိတယ်လေ။ ငါဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲ၊ လဲပေါင်းများစွာနဲ့ ကိုယ့်ကိုယ်ကိုယ် မေးနေမိတယ်။ ခဏကြာမှ သတိဝင်လာပြီး လက်ထဲမှာ ဆုပ်ကိုင်ထားမိတဲ့ မြက်ခုတ်ဓားကို ဆုပ်ကိုင်ပြီး ကျုပ်မိန်းမ ထွက်သွားတဲ့ အိမ်နောက်ဘက်ကို ခပ်သွက်သွက်လေး လိုက်သွားမိတယ်ဗျာ။ စိတ်ထဲကတော့ အမြင်မတော်တဲ့ မြင်ကွင်းမျိုးကို မမြင်တွေ့ရပါစေနဲ့လို့ ကြိတ်ပြီး ဆုတောင်းနေမိတယ်။ ဆုတောင်းရင်း လိုက်သွားခဲ့တာ။ ကျုပ်တို့ အိမ်နောက်ဘက် တောင်ကုန်းနားက ကညင်ပင်ကြီးကို လှမ်းမြင်ရတဲ့ နေရာကိုလည်း ရောက်ရော ကျုပ်မျက်လုံးထဲမှာ မီးဝင်းဝင်းတောက်သွားသလို မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်ဗျို့။

စာရေးသူ – မင်းမြင့်နိုင် (ဘူးသီးတောင်)

Related Posts