ပြည်သူ့နီတိ

ပြည်သူ့နီတိ အစ … အိမ်တွင်းမှ

ပြည်သူ့နီတိ ဟူသော”ပြည်သူတို့ လိုက်နာဆောင်ရွက်ကြရမည့် ကျင့်ဝတ်” ကား မိမိတို့နေထိုင်ရာ အိမ်မှ အစပြုပေသည်။ မိမိတို့အိမ်မှ လမ်း၊ ရပ်ကွက်၊ မြို့နယ်၊ မြို့၊ ပြည်နယ်နှင့် တိုင်းနိုင်ငံတိုင်အောင် အသီးသီးသောလူတို့သည် ပြည်သူ့နီတိနှင့်အညီ နေထိုင်ကျင့်မူပါက တိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာမည်မှာ မလွဲပေ။

အာရှမှာရော ကမ္ဘာမှာပင် စင်္ကာပူနိုင်ငံကို အတုယူကြရ၏။ အဘယ်ကြောင့် အတုယူရလေသနည်းဟူသော မေးခွန်းကို ဖြေဆိုကြည့်ရာ … အစစ၊ အရာရာ စည်းကမ်းလိုက်နာ၍ ယဉ်ကျေးသိမ်မွေ့သောကြောင့် ဖြစ်သည်ဟု အဖြေကို တညီတည်း ရကြသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်မှုသည် … နိုင်ငံတွင်းနေထိုင်သော ပြည်သူပြည်သားအာလုံး ပြည်သူ့နီတိဖြစ်သည့် (စည်းကမ်းနှင့် ယဉ်ကျေးမှု) လိုက်နာဆောင်ရွက်နိုင်ကြရမည် ဖြစ်သည်။

မိမိတို့ အိမ်တိုင်းအိမ်တိုင်းရှိ နေထိုင်ကြသော သူတို့သည် စည်းကမ်းလိုက်နာ၍ ယဉ်ကျေးသိမ်မွေ့ကြလျှင်ကား ထိုအိမ်၊ ထိုမြို့ရွာ၊ ထိုဒေသသည် တိုးတက်ခြင်း ရှိနေမည်မှာ မလွဲပေ။ ထို့ကြောင့် “ပြည်သူ့နီတိအစ၊ အိမ်တွင်းက” ဟု ဆိုချင်ပေသည်။

အိမ်တိုင်း အိမ်တိုင်းတွင် အခြေခံပြည်သူ့နီတိဖြစ်သော
၁။     ဘာသာတရားအလေးထားမှု၊
၂။     ဝတ်စားဆင်ယင်မှု၊
၃။     နေထိုင်စားသောက်မှု၊
၄။     ပြောဆိုဆက်ဆံမှု၊
စသည့် အချက် ၄ ချက်ကို ထိန်းသိမ်းကျင့်ဆောင်ပါလျှင် များစွာကောင်းမွန်၍ လူမှုဘဝအဆင့်တွင် မြင့်မားသော အိမ်ထောင်စုတစ်ခုဖြစ်လာမည်ပင်။ ယဉ်ကျေးမှုရှိသော အိမ်ထောင်စုတစ်ခုအဖြစ် ပေါ်ထွန်းလာမည်မှာ မလွဲပေ။ ထိုသူတို့၏ ယဉ်ကျေးမှုသည် သိမ်မွေ့သော ဘာသာတရားအပေါ် အခြေခံထားပေသည်။ ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားစေသော ယဉ်ကျေးမှု ဖြစ်သည်။

အားနာခြင်း၊ သိမ်မွေ့ခြင်း၊ ဖော်ရွေခြင်း၊ ရက်ရောခြင်း၊ ကူညီခြင်းတို့ကား … ထိုသူတို့၏ ယဉ်ကျေးမှု အဓိကစရိုက် လက္ခဏာမျိုးပင် ဖြစ်ပေသည်။ ဗုဒ္ဓဝါဒီဖြစ်သည့် မြန်မာလူမျိုးများသည် ဗုဒ္ဓတရားတော်ထဲတွင် ပါရှိသည့် အဆုံးအမများကို နာယူကျင့်သုံးကြသူများ ဖြစ်ကြသဖြင့် လူ့အဖွဲ့အစည်းအတွင်းတွင် ဆက်ဆံကြရာ ဗုဒ္ဓတရားတော်က အဆုံးအမများအတိုင်း လိုက်နာကျင့်ကြံပြုမူရမည်ကို နားလည်လက်ခံကြ၏။

လူအပေါင်းတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ၊ ယဉ်ကျေးသိမ်မွေ့၊ ပြေပြစ်၊ ဆက်ဆံချောမောစေရန် သွန်သင်ဆုံးမထားသော သင်ခန်းစာများကို ဘုရားဟောကျမ်းစာများတွင် တွေ့ရှိနိုင်ပေသည်။ ဘုရားရှင်သည် “လူနတ်ဗြဟ္မာ” သုံးပါးတို့အနက် လေးနက်မွန်မြတ်သော တရားတို့ကို ဝေနေယျသတ္တဝါအများအား လောကီ၊ လောကုတ္တရာ ချမ်းသာရာရကြစေခြင်း အကျိုးငှာ ဟောကြားခဲ့သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာကျမ်းဂန် ဒေသနာများ ရှိခဲ့သည်။

ထိုကျမ်းဂန်များထဲမှ ဘဝသင်ခန်းစာများ၊ ဆုံးမသွန်သင်ညွှန်ကြားချက်များကို ထုတ်နုတ်၍ သုံးစွဲလာကြပေသည်။ သိင်္ဂါလောဝါဒသုတ်သည် မြန်မာတို့အတွက် လူမှုဆက်ဆံရေးလမ်းညွှန် ဖြစ်သည်။ မင်္ဂလသုတ်သည်လည်း ဗုဒ္ဓဝါဒီမြန်မာတိုင်းလိုလို နားလည်သိရှိရန် သင်အံကျက်မှတ်ခဲ့ရသော တရားဖြစ်လျက် မင်္ဂလသုတ်ပါ တရားများကို လိုက်နာခဲ့ကြသဖြင့် အချင်းချင်းဆက်ဆံရေးကိစ္စတွင် စည်းကမ်းတကျ ကျေနပ်မှုရရှိခဲ့ကြသည်။

မိမိတို့၏ ရင်သွေးရတနာတို့အား ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး ယဉ်ကျေးသိမ်မွေ့အောင် သွန်သင်ပေးပါက ပြည်သူ့နီတိ ပြည့်ဝသူအဖြစ် လူ့ဘုံအလယ်တွင် တင့်တယ်နေမည် ဖြစ်သည်။

ဘာသာတရား အလေးထားမှု
တစ်စုံတစ်ယောက်သည် မိမိအိမ်မှအပ အခြားသောသူတစ်ဦး၏ အိမ်သို့ ကြုံလို့ပင်ဖြစ်စေ၊ ဖိတ်ကြား၍ပင် ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာကြောင့် ရောက်ရှိလာလျှင် အလျှင်ဦးဆုံး ဘာသာအယူနှင့် ကိုးကွယ်မှုဆိုင်ရာဖြစ်သော ဘုရားခန်းကို ဦးစွာ အကဲခတ်ကြ၏။ ဘုရားခန်း၏ သန့်ရှင်းခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ သစ်သီး ဘောဇဉ် စသည်တို့ ကပ်လှူပူဇော်မှုတို့ကို ယေဘုယျကြည့်၍ ဤမိသားစုတို့၏ ဘာသာတရားအပေါ် လေးနက်ယုံကြည်မှု၊ သေဝပ်ဆည်းကပ်မှု စသည့် အကျင့်သီလ၊ စရဏအားကို ရုတ်ချည်းတွေ့မြင်ကာ လေးစားသွားစေ၏။

မိမိအိမ်သို့ ရောက်လာသူသည် သူနှင့်တကွ သယ်ဆောင်လာသော ဒုစရိုက်တို့ကို ပြုမူရန် နှောင့်နှေးသွားစေ၏။ ဒေါသဖြင့် လာသူ၊ မောဟဖြင့် လာသူ၊ မစ္ဆရိယစိတ်ဖြင့် လာသူ စသည်စရိုက်ဆိုးနှင့် လာသူတို့အဖို့ ဘုရားခန်းမြင်လိုက်ရသည်နှင့် ထိုသူတို့စိတ်အား တုန့်ဆိုင်း နှောင့်နှေး၊ ကွယ်ပျောက်သွားစေနိုင်သည်။ ထို့ကြောင့် – ဘုရားစင်ကို သန့်ရှင်းစွာ ထားရှိခြင်း
                 ပန်း၊ ရေချမ်း၊ ဆီမီးနံ့သာ အစရှိသည် ကပ်လှူခြင်း
                 ချိုချဉ်၊ သစ်သီး၊ ဘောဇဉ် ကပ်လှူခြင်း။
စသည်တို့ကို ဂရုတစိုက်ပြုလုပ်ထားရမည် ဖြစ်သည်။ မိမိတို့ သားသမီးတို့အား ခိုင်းစေမှု၊ ညစဉ်ညတိုင်း ဘုရားဝတ်ပြုမှု၊ နံနက်တိုင်း စောစောထ၍ ဝတ်ပြုမှု ဘုရားဝေယျာဝစ္စတို့ကို လုပ်ဆောင်မှု စသည်တို့ကို သင်ကြား၊ ညွှန်ကြားပေးရမည် ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် သြကာသ ကန်တော့ချိုးကို ရွတ်ဆို၊ အာဂုံရပြီးနောက် ခဲဘွယ်ဘောဇဉ်၊ ဆွမ်း၊ ပန်း၊ ရေ၊ မီး စသည်တို့ ကပ်လှူပူဇော်နည်းတို့ကိုပါ သင်ယူတတ်မြောက်ထားရမည် ဖြစ်သည်။ ခဲဘွယ်ဘောဇဉ်ဆိုရာတွင် ထမင်း၊ ဆန်ဖြင့်လုပ်သော မုန့်၊ ဂျုံ – ပဲ စသည်တို့ဖြင့် ပြုလုပ်ထားသော မုန့်၊ ငါးနှင့်အသား ဤ (၅) မျိုးတို့ကို ဘောဇဉ်ဟု ခေါ်ဆို၍ အခြားကြွင်းသော ချိုချဉ်ရသာ၊ သစ်သီးဝလံ၊ လ္ဘက်၊ ဂျင်း စသည်များကား ခဲဘွယ်ဟု ခေါ်ဆို၏။

ဆွမ်းလှူရသောအကျိုးဖြစ်သော
၁။     အသက်ရှည်ခြင်း
၂။     အဆင်းလှခြင်း
၃။     ချမ်းသာခြင်း
၄။     ပညာဉာဏ်ထက်မြက်ခြင်း
၅။     ခွန်အားကြီးခြင်း ဟူသော ကုသိုလ် ၅ ပါး ရကြောင်း သင်ကြားပေးရပေမည်။

ထို့အတူ ပန်းလှူခြင်း အကျိုးတရားကြောင့် ရရှိနိုင်သော-
၁။     လှပသောရုပ်ဆင်းအင်္ဂါရရှိကြောင်း။
၂။     ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်ခြင်း။
၃။     ရနံ့သင်းပျံ့မွှေးကြိုင်ခြင်း။
စသည်တို့ကို ရရှိစေမည်ဖြစ်၏။

ရေချမ်းကပ်လှူခြင်းအားဖြင့်
၁။     အသက်ရှည်ခြင်း။
၂။     အဆင်းလှခြင်း။
၃။     ချမ်းသာမှုကိုရရှိခြင်း။
၄။     အားခွန်ဗလနှင့် ပြည့်စုံခြင်း။
၅။     ဉာဏ်ပညာထက်မြက်ခြင်း။
၆။     သန့်ရှင်းစင်ကြယ်ခြင်း။
၇။     ထင်ရှားကျော်ကြားခြင်း။
၈။     အခြွေအရံပေါများခြင်း။
၉။     ပေါ့ပါးသွက်လက်ခြင်း။
၁၀။   ဆာလောင်မွတ်သိပ်မှုကင်းဝေးခြင်း။
စသည့်အကျိုး ၁၀ ပါးကိုလည်း ရစေမည် ဖြစ်၏။

ထို့အတူ ဆီမီးပူဇော်ရခြင်းအကျိုးကြောင့်
၁။     ပကတိမျက်လုံးကြည်လင်အားကောင်းခြင်း။
၂။     အသိဉာဏ်မျက်လုံးအားကောင်းခြင်း (ထိုးထွင်းဉာဏ်)။
စသည့် အကျိုးကို ရစေမည်ဖြစ်၏။

ဘာသာတရားကို အလေးထားသူတစ်ဦးအဖို့ ဒုစရိုက် (၁၀)ပါးကို လိုက်နာရှောင်ကြဉ်ခြင်းအားဖြင့် ပြည်သူ့နီတိတရားနှင့် ပြည့်ဝနိုင်ပေသည်။

ရှောင်ကြဉ်ရမည့် ဒုစရိုက် (၁၀) ပါးကား

၁။     ပါဏာတိပါက = သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း။
၂။     အဒိန္နာဒါန = သူတစ်ပါးဥစ္စာအား ခိုးယူခြင်း။
၃။     ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့တွင် မှားယွင်းစွာ ကျင့်ခြင်း။(သူ့သားသမီးကို ဖျက်ဆီးခြင်း)
၄။     မုသာဝါဒ = မဟုတ်မမှန် လိမ်လည်ပြောဆိုခြင်း။
၅။     ပိသုဏဝါစာ = ကုန်းချောစကား ပြောဆိုခြင်း။
၆။     ဖရုသဝါစာ = အယုတ်တမာ ဆဲရေးတိုင်းထွာခြင်း။
၇။     သမ္ဖပ္ပလာပဝါစာ = အနှစ်မဲ့သောစကားကို ပြောဆိုခြင်း။
၈။     အဘိဇ္ဇျာ = သူတစ်ပါးစည်းစိမ်ကို မတရားကြံစည်ခြင်း။
၉။     ဗျာပါဒ = သူတစ်ပါးပျက်စီးအောင် ဖျက်ဆီးခြင်း။
၁၀။     မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း။

ဤဒုစရိုက် (၁၀) ပါးကား အပါယ်ရောက်ကြောင်း ဖြစ်သဖြင့် ရှောင်ကြဉ်ရမည်ဖြစ်သည်။ ထို့အတူရှိအပ်သော မင်္ဂလာတရား (၃၈) ပါးကိုလည်း ညွှန်ပြလိုက်နာရမည် ဖြစ်ပေသည်။ ကြီးပွားတိုးတက်လိုသူတိုင်း လက်ကိုင်ထားရမည့် မင်္ဂလာတရားတို့ ဖြစ်သဖြင့် ပြည်သူ့နီတိတွင် များစွာအရေးပါပေပသည်။

ထိုမင်္ဂလာတရား (၃၈) ပါးကို အပိုင်းအခြား ၁၀ မျိုးဖြင့် ပိုင်းခြားထားသည်။ ယင်းအပိုင်းအခြားတို့မှာ –
၁။     ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ။
၂။     နေထိုင်ရေးမင်္ဂလာ။
၃။     သင်ကြားရေးမင်္ဂလာ။
၄။     ပြုစုရေးမင်္ဂလာ။
၅။     လိုက်နာကျင့်သုံးရေးမင်္ဂလာ။
၆။     ရှောင်ကြဉ်ရေးမင်္ဂလာ။
၇။     စိတ်ထားတတ်ရေးမင်္ဂလာ။
၈။     သည်းခံရေးမင်္ဂလာ။
၉။     ခြိုးခြံရေးမင်္ဂလာ။
၁၀။     စိတ်ထားခိုင်ခန့်ရေးမင်္ဂလာ။
စသည်တို့ဖြစ်၏။

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ။
၁။     အသေဝနာစ ဗာလနံ = လူဆိုးလူမိုက်ကို မမှီဝဲ မပေါင်းသင်းရခြင်း။
၂။     ပဏ္ဍိတာနဉ္စသေဝနာ = ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း။
၃။     ပူဇာစပူဇနေယျာနံ = ပူဇော်ထိုက်သောသူတို့ကို ပူဇော်ရခြင်းနေထိုင်ရေးမင်္ဂလာ။

နေထိုင်ရေးမင်္ဂလာ
၄။     ပတိရူပဒေသဝါသောစ = သင့်လျော်သော အရပ်တွင် နေရခြင်း။
၅။     ပုဗ္ဗေစ ကတပုညတ = ရှေးတွင်ပြုဖူးသော ကောင်းမှုအထူးရှိခြင်း။
၆။     အတ္တသမ္မာပဏိဓိစ = မိမိ၏ကိုယ်၊ စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။

သင်ကြားရေးမင်္ဂလာ
၇။     ဗာဟုသစ္စဉ္စ = လောကီ၊ လောကုတ်အကြားအမြင်များခြင်း။
၈။     သိပ္ပဉ္စ = စက်မှု၊ လက်မှုအတတ်တို့ကို တတ်ရခြင်း။
၉။     ဝိနယောစ သုသိက္ခိတော = လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာသင်ကြားနားလည်ခြင်း။
၁၀။     သုဘာသိတာစ ယာဝါစာ = အပြောအဆို ချိုသာယဉ်ကျေးခြင်း။

ပြုစုရေးမင်္ဂလာ
၁၁။     မာတာပီတု ဥပဋ္ဌာနံ = မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း။
၁၂။     ပုတ္တဒါရဿသင်္ဂဟော = သား၊ မယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
၁၃။     အနာကုလာစကမ္မန္တာ = အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။

လိုက်နာကျင့်သုံးရေးမင်္ဂလာ။
၁၄။     ဒါနဉ္စ = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း။
၁၅။     ဓမ္မစရိယာ = သုစရိုက်တရားကို ကျင့်ခြင်း။
၁၆။     ဉာတကာနဉ္စသင်္ဂဟော = ဆွေမျိုးသားချင်းတို့အား ထောက်ပံ့ကူညီခြင်း။
၁၇။     အနဝိဇ္ဇနိ ကမ္မာနိ = အပြစ်ကင်းသော အမှုတို့ကို ပြုလုပ်ရခြင်း။

ရှောင်ကြဉ်ရေးမင်္ဂလာ။
၁၈။     အာရတီ = မကောင်းမှုမဖြစ်အောင် စိတ်ဖြင့် ရှောင်ကြဉ်ခြင်း။
၁၉။     ဝိရတီပါဝါ = မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်တို့ဖြင့် ရှောင်ကြဉ်ခြင်း။
၂၀။     မဇ္ဇာပါနာစ သံယမော = မူးယစ်သေစာ မသောက်စားခြင်း။
၂၁။     အပ္ပမာဒေါစဓ ဓမ္မေသု = ကုသိုလ်တရားတို့တွင် မမေ့လျော့ခြင်း။

စိတ်ထားရေးမင်္ဂလာ။
၂၂။     ဂါရဝေါစ = ရိုသေထိုက်သူတို့ကို ရိုသေခြင်း။
၂၃။     နိဝါတောစ = မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။     သန္တုဋ္ဌိစ = ရောင့်ရဲလွယ်ခြင်း။ (လောဘအပို၊ အလိုမလိုက်ခြင်း။)
၂၅။     ကတညုတာ = သူတစ်ပါးကျေးဇူးကို သိခြင်း။
၂၆။     ကာလေနဓမ္မသာဝနံ = သင့်လျော်သောအခါ တရားနာခြင်း။

သည်းခံရေးမင်္ဂလာ
၂၇။     ခန္တီ = သည်းခံရခြင်း။
၂၈။     သောဝစ္စဿတာ = ဆုံးမလွယ်ရခြင်း။
၂၉။     သာမဏာနဉ္စ ဒဿနံ = ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း။
၃၀။     ကာလေန ဓမ္မသာကစ္ဆာ = သင့်လျော်သောအခါ တရားဆွေးနွေးရခြင်း။

ခြိုးခြံရေးမင်္ဂလာ။
၃၁။     တပေါစ ၏ ခြိုးခြံချွေတာခြင်း။
၃၂။     ဗြဟ္မစရိယဉ္စ = မြတ်သောအကျင့်ကို ကျင့်ခြင်း။ (မေထုန်မှုကို ရှောင်ကြဉ်ခြင်း)
၃၃။     အရိယာသစ္စာနဒဿနံ = သစ္စာလေးပါးကို သိရခြင်း။
၃၄။     နိဗ္ဗာန သစ္စိကိရိယာစ = နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။

စိတ်ထားခိုင်ခန့်ရေးမင်္ဂလာ။
၃၅။     ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံယဿ နကမ္မတိ = လောကဓံတရားနှင့် တွေ့ကြုံလာသောအခါ      စိတ်ဓါတ်မတုန်လှုပ်ခြင်း။
၃၆။     အသောကံ = မစိုးရိမ်ခြင်း။
၃၇။     ဝိရဇံ = ကိလေသာမြူကင်းခြင်း။
၃၈။     ခေမံ = ဘေးကင်းခြင်း။

ဤ ၃၈ ပါးသော မင်္ဂလာတရားတို့ကို လိုက်နာပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုင်မခံရ၊ အရပ်ဒေသအားလုံးတို့တွင် ကြီးပွားချမ်းသာခြင်းသို့ ရောက်နိုင်၏။ ၃၈ ဖြာ မင်္ဂလာတရားသည် နတ်၊ လူတို့အတွက် အခြေခံ အမြတ်ဆုံးမင်္ဂလာမည်ပေ၏။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts