အလုပ်က​ပေးတဲ့ ပျော်ရွှင်မှု

လူတွေကို ဘာလိုချင်သလဲလို့ မေးကြည့်လိုက်ရင် တချို့က ပိုက်ဆံလို့ ဖြေမယ်။ တချို့က အလုပ်အကိုင်ကောင်းကောင်းလို့ ဖြေမယ်။ တချို့က သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးလို့ ဖြေမယ်။ ဒါပေမဲ့ အားလုံးရဲ့ နောက်ဆုံးပန်းတိုင်ကတော့ ပျော်ရွှင်မှုပဲ ဖြစ်ပါတယ်။တကယ်တော့ အလုပ်လုပ်တယ် ဆိုတာ ငွေတစ်ခုတည်း ရဖို့ မဟုတ်ပါဘူး။ ဒီအတွက် အလွယ်တကူ မြင်နိုင်တဲ့ သက်သေကတော့ အဖွဲ့အစည်းအသီးသီးမှာ လစာတွေ အများကြီး ရနေပေမဲ့ အလုပ်ကနေ ထွက်သွားကြတဲ့သူတွေပါပဲ။ ပိုက်ဆံတွေ ရနေရုံနဲ့ မလုံလောက်ဘူး။ ပျော်ရွှင်ဖို့လည်း လိုပါသေးတယ်။

ဒီအတွက် လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့ အချက် ၇ ချက်ကို ပြောပြချင်ပါတယ်။ 3 R, 4 A ဆိုပြီး အလွယ်တကူ မှတ်နိုင်ပါတယ်။

၁။ တာဝန် (Responsibility)

အလုပ်တွေ ရှုပ်လွန်းလို့၊ စိတ်ဖိစီးမှုတွေ များလွန်းလို့သာ ညည်းနေကြတာပါ။ တကယ်တမ်း ဘာအလုပ်မှ မည်မည်ရရ မရှိရင်၊ ဘာတာဝန်မှ ပေးခံမထားရရင်လည်း ဝန်ထမ်းတွေဟာ မပျော်တတ်ကြပါဘူး။ ဒါဖြင့် ဘာတာဝန်မှ မပေးထားဘဲ ဘယ်သူကတော့ အလုပ်ခန့်ထားပါ့မလဲလို့ ထင်ချင်စရာ ရှိတယ်။ တစ်ခါတစ်လေ အဖွဲ့အစည်းတွေမှာ ဖွဲ့စည်းပုံပြောင်းတဲ့အခါ၊ ဝန်ထမ်းရာထူးအသစ် ထပ်တိုးတဲ့အခါ၊ နောက် Work from home ဆိုတဲ့ အလုပ်လုပ်တဲ့ ပုံစံအသစ်နဲ့ လုပ်ရစ အချိန်မျိုးတွေမှာဆို ဖြစ်လေ့ရှိတတ်ပါတယ်။ အဲဒီကနေ ချဲ့ပြီး စဉ်းစားရရင်တော့ ကိုယ့်ကို ပေးထားတဲ့ တာဝန်က ကိုယ့်အတွက် သိပ်လွယ်နေတာ၊ ကိုယ့်ရဲ့ အရည်အချင်းက ဒီတာဝန်နဲ့ မကိုက်တာ၊ ဒါမှမဟုတ် ဘွဲ့ရကို မူလတန်းကလေး အလုပ်မျိုးတွေ လုပ်ခိုင်းနေမိတာ၊ အဲ့လိုအခြေအနေတွေမှာလည်း မပျော်မရွှင် ဖြစ်တတ်ပါတယ်။ လူဆိုတာ တာဝန်ရှိနေမှ၊ တာဝန်ယူထားရတယ်ဆိုမှ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိတာပါ။ အသုံးမဝင်ဘူးလို့ ခံစားနေရတဲ့သူဟာ ဘယ်လိုနည်းနဲ့မှ အလုပ်ခွင်မှာ ပျော်နိုင်မယ် မဟုတ်ပါဘူး။

၂။ အသိအမှတ်ပြု ခံရခြင်း (Recognition)

အသိအမှတ်ပြုခံရတယ် ဆိုတာမှာ နှုတ်နဲ့ ထုတ်ဖော်ချီးကျူးတာကနေ လစာတိုးပေးတာ၊ ရာထူးတိုးပေးတာ၊ ခံစားခွင့်တွေ ပေးတာအထိ ပါပါတယ်။ ဘာခံစားခွင့်မှ တက်မလာဘဲ နှုတ်နဲ့ပဲ ချီးကျူးနေရုံနဲ့ အမြဲတမ်း အဆင်ပြေမနေနိုင်ပါဘူး။ ဒါပေမဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ချီးကျူးပေးတာ၊ ယုံကြည်ခံရတာ၊ သူတို့ရဲ့ အကြံပြုချက်တွေကို အလေးပေး နားထောင်တာတွေကလည်း ငွေကြေးအရ မကုန်ကျပေမဲ့ ဝန်ထမ်းတွေကို စိတ်ဓါတ်တက်ကြွစေပါတယ်။ ချီးကျူးတာတောင် မဟုတ်သေးဘူး။ သူ တစ်ခုခု လုပ်လိုက်လို့ ကောင်းတယ်၊ မကောင်းဘူး ပြန်ပြောပေးတာကတင် သူ့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုရာ ရောက်ပါတယ်။ အမှောင်ထဲကို မြှားနဲ့ ပစ်တဲ့အခါ ကိုယ့်မြှားချက်က ထိလား မထိလားတောင် မသိရရင် လူက မြှားပစ်ချင်စိတ် ကုန်လာရောလေ။ ထိတယ်ဆိုလည်း ထိတယ်၊ မထိဘူးဆိုလည်း ဘယ်လိုလွဲသွားတယ် ဆိုတာ သိမှ နောက်တစ်ခါ ထပ်ပစ်တဲ့အခါ ပိုပြီး ကောင်းအောင် ပစ်နိုင်မှာ မဟုတ်လား။

၃။ ပေါင်းသင်းဆက်ဆံရေး (Relationship)

လူဆိုတာ အသင်းအဖွဲ့နဲ့ နေတတ်တဲ့ Social animal ပါ။ ဒီအတွက် လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်အောက် ဆက်ဆံရေးတွေ အဆင်ပြေနေဖို့ကလည်း လုပ်ငန်းခွင် ပျော်ရွှင်မှုအတွက် အရေးကြီးပါတယ်။ တစ်ခုလေး ရှင်းပြချင်တာက ဘာပဋိပက္ခ၊ ဘာအငြင်းပွားမှုမှ ရှိမနေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ လူတွေပဲမို့ အမြင်မတူတာ ရှိမယ်။ စိတ်အခန့်မသင့်တာ ရှိမယ်။ အငြင်းပွားတာလေးတွေ ရှိမယ်။ ဒါတွေကို တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုထားပြီး ဖြေရှင်းနိုင်ကြဖို့ပဲ လိုတာပါ။ နှစ်တစ်နှစ်ဆုံးတိုင်း Retreat ခရီးတွေ ထွက်ကြတယ်။ Team building game တွေ ကစားကြတယ်။ လစာထုတ်ရက်တိုင်း အပြင်ထွက်ပြီး မုန့်စုစားကြမယ် ဆိုတာမျိုး ကုမ္ပဏီရဲ့ ယဉ်ကျေးမှုတစ်ခုအနေနဲ့ကို လုပ်ထားကြတာတောင် ရှိပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက နိစ္စဓူ၀ တစ်ယောက်နဲ့ တစ်ယောက်ကြားက ဆက်ဆံရေးနဲ့ ခံယူချက်သဘောထားတွေ ဖြစ်ပါတယ်။

၄။ အလုပ်ပြီးမြောက်ခြင်း (Achievement)

ဘယ်လောက်ပဲ လစာရရ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေနေပါစေ၊ အလုပ်မှာ မအောင်မြင်ဘူး ဆိုရင်လည်း စိတ်ဓါတ်ကျတတ်ပါတယ်။ ကျွန်တော့်ကိုယ်တွေ့ အတွေ့အကြုံလေးနဲ့ ပြောရရင် ချင်းပြည်နယ်တောင်ပိုင်းကို ၂ နှစ်ကျော်ကြာ တာဝန်ယူ အလုပ်လုပ်တုန်းက အဲ့လို ခံစားချက်လေး ဖြစ်ဖူးပါတယ်။ ငါ လုပ်သာလုပ်နေရတယ်၊ ဘာမှလည်း ထူးမလာပါလား ဆိုတာမျိုးပေါ့။ အဖွဲ့အစည်းရဲ့ အကြီးအကဲတွေကလည်း ဘာမှမပြောပါဘူး။ ချင်းပြည်နယ်မှာ လုပ်ရတာ ဘယ်လောက်ခက်ခဲတယ် ဆိုတာ သိတာကိုး။ ဒါပေမဲ့ ကျွန်တော်ကတော့ မပျော်တော့ပါဘူး။ ဒါကြောင့် အလုပ်ပြီးမြောက်တယ်၊ ကိုယ်လုပ်တဲ့ အလုပ်တွေ အောင်မြင်တယ် ဆိုတာကလည်း ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုအတွက် အရေးကြီးပါတယ်။

၅။ လုပ်ပိုင်ခွင့်ရှိခြင်း (Authority)

ဝန်ထမ်းတွေကို တာဝန်တွေချည်း ပေးနေလို့ မရပါဘူး။ ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်လည်း ပေးဖို့ လိုပါတယ်။ ကိုယ်က အဖွဲ့အစည်းကိုယ်စားပြု အစည်းအဝေး သွားတက်တယ်။ နားထောင်ရုံသက်သက်ပဲ။ တခြားဘာမေးမေး အဖွဲ့နဲ့ ပြန်တိုင်ပင်လိုက်ပါဦးမယ် ဆိုတာချည်း ပြောနေရရင် ကြာတော့ ဒီဝန်ထမ်းက စိတ်ပျက်လာတတ်တယ်။ အဖွဲ့မှာ သူ့ရဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရယ်လို့ မရှိဘဲ အရုပ်တစ်ရုပ်လို၊ Messenger လို ဖြစ်နေတာကိုး။ သိပ်ကြီးတဲ့ ဆုံးဖြတ်ချက်တွေဆိုရင်တော့ တစ်မျိုးပေါ့။ ဘယ်လောက်ထိတော့ တစ်ခါတည်း ဆုံးဖြတ်ခဲ့ ဆိုတာမျိုး အခွင့်အာဏာ ပေးထားဖို့ လိုပါတယ်။ ဝန်ထမ်းဘက်ကလည်း ဒီလို လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစား မလုပ်ဖို့ လိုပြန်တယ်။ ပြောရရင် သံသရာ လည်နေတာပေါ့။ ဝန်ထမ်းက အားမကိုးရ၊ စိတ်မချရ။ အဲ့တော့ အထက်ကလည်း မယုံကြည်။ ဘာလုပ်ပိုင်ခွင့်မှ မပေး။ မပေးတော့ ဝန်ထမ်းကလည်း အလုပ်မှာ မပျော်တော့။ မဖြစ်လို့သာ လုပ်နေရတဲ့ပုံစံ ဖြစ်လာ။ အဲ့လိုနဲ့ပဲ တစ်ဦးတစ်ယောက်တည်းကပဲ ဆုံးဖြတ်ခွင့်တွေ ချုပ်ကိုင်ထားတဲ့အခါ အဖွဲ့အစည်းကလည်း ရှေ့မရောက်တော့ဘူးပေါ့။

၆။ သူတစ်ပါးကို ကူညီခွင့်ရခြင်း (Altruism)

အလုပ်ရဲ့ သဘောသဘာဝနဲ့လည်း ဆိုင်မယ် ထင်ပါတယ်။ တချို့အလုပ်တွေက လုပ်နေရင်းနဲ့ကို အများအကျိုးပြုနေတာမျိုးပေါ့။ ဥပမာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ။ ခုနောက်ပိုင်းတော့ စီးပွားရေးလုပ်ငန်းတွေဘက်မှာလည်း ခေတ်စားလာတာ ရှိတယ်။ ဘာလဲဆိုတော့ Corporate Social Responsibility (CSR) လို့ခေါ်တဲ့ လူမှုတာဝန်သိခြင်းပေါ့။ အလှူအတန်းတွေ လုပ်တယ်။ ကိုဗစ်ကာလမှာဆို အနီးစပ်ဆုံး ဥပမာပေါ့။ ဒါက CSR မှာ အလွယ်ဆုံးအဆင့်လို့ ပြောကြတယ်။ ပိုပြီး ရေရှည်လည်းခံအောင်၊ အကျိုးလည်း များအောင် လုပ်နိုင်တာတွေက ကိုယ့်အလုပ်က အများကို မထိခိုက်အောင် ကျင့်ဝတ်စောင့်ထိန်းဖို့၊ အဖွဲ့အစည်းအတွင်းမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု လုပ်သူတွေ၊ အများကို ထိခိုက်အောင် လုပ်သူတွေ၊ ကျင့်ဝတ်မလိုက်နာသူတွေကို အလုပ်ကနေ ထုတ်ပယ်တဲ့အထိ အရေးယူတဲ့ Zero Tolerance Policy ထားထားဖို့ စသဖြင့် ဖြစ်ပါတယ်။ အဲ့လိုအဖွဲ့အစည်းမျိုးဆို ဝန်ထမ်းတွေက အလုပ်လုပ်ရတာ ပျော်တယ်။ ဒီအဖွဲ့ကို ကိုယ်စားပြုရတာလည်း ဂုဏ်ယူနေကြမှာ ဖြစ်ပါတယ်။

၇။ ဖွံ့ဖြိုးတိုးတက်မှု (Advancement)

ဒါကတော့ နောက်ဆုံးအချက်ပါ။ ဒီအဖွဲ့မှာ လုပ်ရတာ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေတယ်။ လစာလည်း ကောင်းတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရှေ့တက်လမ်းအတွက် ဘာမှ အထောက်အကူ မဖြစ်ဘူး။ တစ်နေ့တစ်နေ့ မတိုးတက်နေဘူး၊ သင်ယူစရာ မရှိဘူး၊ ဒါမှမဟုတ် မရှိတော့ဘူး ဆိုတဲ့အခါကျရင်လည်း မပျော်မရွှင် ဖြစ်တတ်ပါတယ်။ ခုနောက်ပိုင်း ပြောနေကြတဲ့ Comfort zone ဆိုတာလိုပေါ့။ ဒီအလုပ်တွေကိုပဲ လုပ်နေရတယ်၊ စိန်ခေါ်မှုအသစ် မရှိတော့ဘူး။ နေ့တိုင်း အလုပ်ကို တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် လာနိုင်ဖို့အတွက် လုံလောက်တဲ့ စိတ်လှုပ်ရှားစရာ မရှိတော့ဘူးဆိုရင် အလုပ်ထွက်ဖို့ စဉ်းစားလာမိတတ်ကြပါတယ်။

တကယ်တော့ ဒီ ၇ ချက်ဟာ Maslow’s Hierarchy of Needs အဆင့် ၅ ဆင့်ထဲက တတိယနဲ့ စတုတ္ထအဆင့်တွေ ဖြစ်တဲ့ Love & Belonging နဲ့ Esteem Needs တွေလည်း ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လိုအင်တွေ၊ တစ်နည်းအားဖြင့် လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့အတွက် လိုအပ်ချက်တွေ ဖြစ်ပါတယ်။ဒါကြောင့် ကိုယ်က လုပ်ငန်းရှင်တစ်ယောက်၊ ဦးဆောင်သူတစ်ယောက်၊ အစိုးရဌာန အကြီးအကဲတစ်​ယောက်ဆိုရင် ကိုယ့်ဝန်ထမ်းတွေအတွက် ဒီ ၇ ချက် ပြည့်စုံအောင် လုပ်ပေးထားဖို့ လိုသလို၊ ကိုယ်က ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အလုပ်မှာ မပျော်မရွှင် ဖြစ်နေတယ်ဆို ဒီ ၇ ချက်ထဲက ဘယ်အချက်တွေ လိုနေတာလဲ၊ ဒါတွေရဖို့ ဘာလုပ်သင့်လဲ စဉ်းစားပြီး လုပ်ငန်းခွင်ထဲက ပျော်ရွှင်မှုကို ရှာဖွေရယူနိုင်စေချင်ပါတယ်။

အလုပ်က​ပေးတဲ့ ပျော်ရွှင်မှု အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

openmoreonline

Related Posts