မိန်းမဆန်ခြင်းနဲ့ ခေတ်သစ်ခေါင်းဆောင်မှု

“စကားများလိုက်တာ၊ မိန်းမကြီးကျနေတာပဲ” “မိန်းမလို မိန်းမရနဲ့” စတဲ့ စကားတွေ ကြားဖူးကြမှာပါ။ ယောက်ျားတစ်ယောက်က စကားများတယ်၊ အတင်းပြောတတ်တယ်၊ သတ္တိမရှိဘူး၊ အဲ့လို အခြေအနေတွေမှာဆို ဒီလိုစကားတွေနဲ့ ခိုင်းနှိုင်းပြီး ပြောတတ်တယ်။ ဒါ မိန်းမတွေမှာမှ ရှိတဲ့ စရိုက်တွေပေါ့။ မိန်းမဆန်တယ် ဆိုတာကို အဆိုးဘက်ကနေပဲ ပြောကြတာ များတယ်။

ဒီဆောင်းပါးမှာတော့ မိန်းမဆန်ခြင်းဟာ ဘယ်လောက်ကောင်းသလဲ ဆိုတာကို ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့် ခေတ်သစ်ခေါင်းဆောင်မှုအတွက်ပေါ့။အရင်ဆုံး ယောက်ျားဆန်တယ်၊ မိန်းမဆန်တယ် ဆိုတာ ဘာလဲ ပြောကြည့်ရအောင်။ အင်္ဂလိပ်လိုဆိုရင်တော့ Masculine ဖြစ်တယ်၊ Feminine ဖြစ်တယ်လို့ ပြောကြပါတယ်။

ယောက်ျားဆန်တယ်လို့ သတ်မှတ်ကြတဲ့ စရိုက်လက္ခဏာတွေကတော့ ဦးဆောင်နိုင်စွမ်း ရှိတယ်။ ဆုံးဖြတ်ချက် ပြတ်သားတယ်။ ရဲရင့်တယ်။ ပြောရဲဆိုရဲ ရှိတယ်။ ကြံ့ခိုင်တယ်။ စိတ်ခံစားချက်ကို ရှေ့တန်းမတင်ဘူး။ မိန်းမဆန်တယ်လို့ သတ်မှတ်ကြတဲ့ စရိုက်လက္ခဏာတွေကတော့ နူးညံ့တယ်။ သိမ်မွေ့တယ်။ ယဉ်ကျေးတယ်။ စိတ်ရှည်တယ်။ ဒါတွေက အကောင်းဘက်က လက္ခဏာတွေ။ အဆိုးဘက်က အချက်တွေကတော့ ဆောင်းပါးအစမှာ ပြောခဲ့သလို အတင်းပြောတတ်တယ်။ တွေဝေတယ်။ စိတ်ခံစားချက်ကို ရှေ့တန်းတင်တယ်။ စိတ်ဓါတ်ပျော့ညံ့တယ်။ မှီခိုချင်တယ်။ ဒီလိုအချက်တွေပေါ့။

တကယ်တော့ ဒါတွေဟာ ယောက်ျားတိုင်း၊ မိန်းမတိုင်းမှာ ရှိကိုရှိနေတဲ့ အချက်မျိုးတွေ မဟုတ်ဘူး။ ပင်ကိုယ်စရိုက်ရယ်၊ ပြုစုပျိုးထောင်ခံခဲ့ရတဲ့ ပုံစံရယ်နဲ့ အဓိက သက်ဆိုင်တယ်။ ယောက်ျားလေးထဲမှာလည်း ဆုံးဖြတ်ချက် မပြတ်သားတဲ့သူ၊ သတ္တိမရှိတဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတဲ့သူ၊ အတင်းပြောတတ်သူတွေ တစ်ပုံကြီး။ မိန်းကလေးထဲမှာလည်း ရဲရင့်တယ်၊ လုပ်ရဲကိုင်ရဲ ဆုံးဖြတ်ရဲတယ်၊ စိတ်ဓါတ်ကြံ့ခိုင်တယ်၊ တခုခုဆို ဒဲ့ရှင်းတယ်၊ ဒဲ့ပြောတယ် ဆိုတဲ့သူတွေ အများကြီးပဲ။

ဒါပေမဲ့ များသောအားဖြင့်တော့ သားယောက်ျားလေးဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ဦးဆောင်နိုင်စွမ်း ရှိအောင်၊ သတ္တိရှိအောင် ပျိုးထောင်တယ်။ မိသားစုထဲမှာ အလေးပေး ဆက်ဆံတယ်။ မိန်းကလေးကျတော့ ဗိုင်းကောင်းကျောက်ဖိ ဆိုတာမျိုး ပုံသွင်းတယ်။ ဘာမဆို မပြောရ၊ မဆိုရ၊ မသွားရ၊ မလာရ ပိတ်ပင်တယ်။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းသွားတယ်။ တစ်ယောက်ယောက်အပေါ် မှီခိုနေရမှ ဆိုတဲ့ စိတ်တွေ ဝင်ကုန်တယ်။ အဲ့လိုနဲ့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အလုပ်မှာ တော်ပါရက်နဲ့ ရာထူးတိုးပေး မခံရတာတွေ၊ အထင်သေးခံရတာတွေ ဖြစ်လာတယ်။

ဟိုရက်ကတော့ Harvard Business Review (HBR) Guide for Women at Work ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်တယ်။ အရင်ဆုံး စဖတ်ဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ဆောင်းပါးက အမျိုးသမီးဆန်တဲ့ အရည်အသွေးတွေဟာ ခေါင်းဆောင်ကောင်း ဖြစ်စေနိုင်တယ်တဲ့။ အရင်တုန်းကတော့ အမျိုးသမီးတွေဆိုရင် အထင်သေးကြတယ်။ ကိုယ်ဝန်ဆောင်ရမယ်၊ ကလေးမွေးရမယ်၊ ဒါဆို အလုပ်မှာ လာထိခိုက်မယ်ပေါ့။ အခုကျ ခေတ်က တိုးတက်လာတယ်။ လူတွေကလည်း အမြင်ပွင့်လာတယ်။ ဥပမာ ကိုဗစ်ပြဿနာမှာ ဦးဆောင်မှု ကောင်းကောင်းပေးနိုင်သူ ဆိုပြီး ချီးကျူးခံနေရတဲ့ နယူးဇီလန်က အမျိုးသမီး ဝန်ကြီးချုပ် Jacinda Ardern ဆိုရင် ၂၀၁၈ ခုနှစ်တုန်းက လက်ရှိတာဝန်ကို ထမ်းဆောင်နေဆဲမှာကိုပဲ ကလေးမွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ဒီလို ကလေးမွေးဖွားရခြင်းဟာ အမျိုးသား ဝန်ကြီးချုပ်တွေမှာဆို ပြသနာတစ်ခု မဟုတ်ပါဘူး။ အမျိုးသမီး ဖြစ်တဲ့အတွက် ဒီကိစ္စက ရှိလာတယ်။ ရှိပေမဲ့ ဒါကို ပြဿနာလို့ မမြင်တော့ဘူး။ အဆင်ပြေအောင် ပံ့ပိုးပေးတယ်။ Congratulations လုပ်ကြတယ်။ အဲ့တော့ ပုံမှန်အတိုင်းပဲ တာဝန်ထမ်းဆောင်သွားတယ်။ ခေတ်က ဒီလိုဖြစ်လာပြီ။

နောက်ပြီး နည်းပညာက တိုးတက်လာတော့ ခွန်အားသုံး အလုပ်လုပ်ရတယ် ဆိုတာလည်း သိပ်မရှိတော့ဘူး။ ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာ ပညာမတတ်တာကို ခေါ်တာ ဖြစ်သွားပြီ။ အဲ့လိုပဲ ခေါင်းဆောင်မှု အရည်အသွေးနဲ့ ပတ်သက်ရင်လည်း ယောက်ျားဆန်တယ်လို့ သတ်မှတ်ကြတဲ့ ဟောဟောဒိုင်းဒိုင်းနဲ့ ပြောမယ်၊ ဆိုမယ်၊ လုပ်မယ်၊ ကိုင်မယ် ဆိုတာထက် ခေါင်းအေးတာ၊ တစ်ဖက်သားစကားကို နားထောင်တတ်တာ၊ စိတ်ရှည်တာ၊ ကိုယ်ချင်းစာတတ်တာ စတဲ့ မိန်းမဆန်တဲ့ အရည်အသွေးတွေကို ပိုပြီး တောင်းဆိုလာကြတယ်။

ကျွန်တော် အခုညွှန်းတဲ့ ဆောင်းပါးကို ရေးသူက John Gerzema ။ သူက ခေတ်သစ်ခေါင်းဆောင်မှုအရွေ့မှာ အမျိုးသမီးတွေရဲ့ စရိုက်လက္ခဏာတွေ ဘယ်လောက်အရေးပါလာသလဲ ဆိုတဲ့ အကြောင်းကို ရေးလေ့ရှိသူ။ နိုင်ငံပေါင်းများစွာက ဝန်ထမ်းပေါင်းများစွာနဲ့ စစ်တမ်းတွေလည်း လုပ်ခဲ့တယ်။ လူတွေရဲ့ စရိုက်လက္ခဏာတွေကို ဖော်ပြထားပြီးတော့ ဘယ်ဟာက ယောက်ျားဆန်တယ်၊ ဘယ်ဟာက မိန်းမဆန်တယ် ဆိုပြီး ခွဲခိုင်းတယ်။ ပြီးတော့မှ ခေတ်သစ်ခေါင်းဆောင်တွေဆီက ဘယ်လို စရိုက်လက္ခဏာတွေကို လိုချင်သလဲ ဆိုပြီး မေးတယ်။

အဲဒီမှာ အချက် ၁၀ ချက် ထွက်လာတယ်။ ၈ ချက်က မိန်းမဆန်တယ်လို့ သတ်မှတ်ကြတဲ့ အချက်တွေ ဖြစ်ပြီး ၂ ချက်ကသာ ယောက်ျားဆန်တယ်လို့ သတ်မှတ်ကြတဲ့ အချက်တွေ ဖြစ်တယ်။ အဲဒီအချက်တွေကတော့-

  • ကိုယ့်ရဲ့ ခံစားချက်တွေကို ဖော်ပြတတ်ခြင်း (Expressive)
  • အနာဂတ်အတွက် စီစဉ်တတ်ခြင်း (Plans for future)
  • ကျိုးကြောင်းကျ စဉ်းစားတတ်ခြင်း (Reasonable)
  • သစ္စာရှိခြင်း (Loyal)
  • ပျော့ပြောင်းခြင်း၊ ပြောင်းလွယ်ပြင်လွယ် ဖြစ်ခြင်း (Flexible)
  • စိတ်ရှည်ခြင်း (Patient)
  • ခံစားသိဖြင့် ဆုံးဖြတ်ခြင်း (Intuitive)
  • ပူးပေါင်းဆောင်ရွက်တတ်ခြင်း (Collaborative) တို့ဖြစ်ပြီး

ယောက်ျားဆန်တယ်လို့ သတ်မှတ်ကြတဲ့ အချက် ၂ ချက်ကတော့

  • ဆုံးဖြတ်ချက် ပြတ်သားခြင်း (Decisive)
  • ကြံ့ခိုင်ခြင်း၊ အရှုံးမပေးတတ်ခြင်း (Resilient) တွေဖြစ်ပါတယ်။

ဒါကြောင့် ခေတ်သစ်ခေါင်းဆောင်မှုမှာ အမျိုးသမီးဆန်တဲ့ စရိုက်လက္ခဏာတွေ ပိုလိုအပ်လာပြီလို့ ပြောကြတာပါ။

တကယ်တာ့ ဒါက စစ်တမ်းတစ်ခုကနေ ထွက်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အမြင်တူချင်မှ တူမယ်။ ဥပမာ Expressive ဖြစ်တယ်ဆိုတဲ့ ကိုယ့်ဘက်က အမြင်၊ ကိုယ့်ခံစားချက်တွေကို တစ်ဖက်သားသိအောင် ပြောတတ်တာ၊ မြိုသိပ်မထားတာမျိုးဆိုရင် တချို့က သဘောတူချင်မှ တူမယ်။ စိတ်ကောက်တတ်တဲ့ ကိုယ့်ကောင်မလေးနဲ့ ယှဉ်ပြီး ဒါကို ငြင်းချင်ငြင်းမယ်။ အားလုံးတော့လည်း မဆိုလိုပါဘူး။ ဒါပေမဲ့ အမျိုးသားတွေက စိတ်ဓါတ်ကျရင်၊ စိတ်ညစ်ရင်၊ ဝမ်းနည်းရင်တောင် ငါ ယောက်ျားပဲ ဆိုတဲ့စိတ်နဲ့ ဟန်ဆောင်ပြီး အားတင်းထားတတ်ကြတာ များတယ်။ ဒီအတွက် Expressive ဖြစ်တာက အမျိုးသမီးတွေမှာ ပိုအတွေ့ရများတယ် ဆိုတာလည်း လက်ခံလို့ ရပါတယ်။ကျွန်တော်ပြောခဲ့သလိုပဲ။ ဒီအချက်တွေက မိန်းမမှန်ရင် ရှိကိုရှိရမဲ့ အချက်တွေ၊ ယောက်ျားမှန်ရင် ရှိကိုရှိနေမဲ့ အချက်တွေ မဟုတ်ပါဘူး။ ဒါက ကျားမသတ်မှတ်ချက်တွေသာ ဖြစ်ပြီး ဘယ်သူ့မှာမဆို ရှိနိုင်တဲ့၊ ဘယ်သူမဆို လေ့ကျင့်ပျိုးထောင်လို့ ရတဲ့ အရည်အသွေးတွေသာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ မိန်းမကြီးကျနေတာပဲ၊ မိန်းမလို မိန်းမရနဲ့ စတဲ့ စကားတွေလို မကောင်းတဲ့ စရိုက်လက္ခဏာတွေကျမှ မိန်းမနဲ့ နှိုင်းပြောတာမျိုး မဟုတ်ဘဲ မိန်းမဆန်တဲ့ စရိုက်လက္ခဏာတွေထဲမှာလည်း ကောင်းတဲ့ အချက်တွေ အများကြီးပဲ ရှိတယ်ဆိုတာကို သိစေချင်ပါတယ်။ဒါကြောင့် ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ခုပြောခဲ့တဲ့ ခေါင်းဆောင်စရိုက်လက္ခဏာ ၁၀ ခု ရှိနေအောင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ထားနိုင်မယ် ဆိုရင် အကောင်းဆုံးပါပဲ။

မိန်းမဆန်ခြင်းနဲ့ ခေတ်သစ်ခေါင်းဆောင်မှု အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

openmoreonline

Related Posts