အရည်အသွေးဆိုင်ရာ

အရည်အသွေးဆိုင်ရာ ဂုရုကြီးများ

အရည်အသွေးနဲ့ပက်သက်ပြီး အခြေခံအချက်တွေကို ကျွန်မ တင်ပြပြီးတဲ့အခါမှာ အရည်အသွေးဆိုင်ရာ ဂရုကြီးတွေ၊ ပါရဂူကြီးတွေအကြောင်း ဆက်ပြီးတင်ပြလိုပါတယ်။ ကမ္ဘာပေါ်မှာ အရည်အသွေးဆိုင်ရာ ပါရဂူတွေ အများအပြားရှိပါတယ်။ အားလုံးက ကိုယ့်အမြင်နဲ့ကိုယ် ကိုယ်သန်ရာသန်ရာ ရှုထောင့်တွေကနေ အရည်အသွေးကို တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်မ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်း) မထသနဲ့ မိတ်ဆက်ပေးဖို့ အရည်အသွေးဆိုင်ရာ ပါရဂူ ၄ ဦးကို ရွေးချယ်ထားပါတယ်။

အဲဒီပုဂ္ဂိုလ်များကတော့-
၁။  ဒေါက်တာဒင်းမ်မီး (Dr.Denming)
၂။  မစ္စတာ ဂျေအမ်ဂျူရင်း (J.M Juran)
၃။  မစ္စတာ အေမန်းဖေကင်ဘွန် (Armand Feigenbaum)
၄။  မစ္စတာဖိလစ်ဘီကော့စဘေး (Philip B.Crosby)
တို့ဖြစ်ကြပါတယ်။

ဒေါက်တာဒင်းမ်မီး

ဒေါက်တာဒင်းမ်မီးဆိုတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းကို စပြောပါမယ်။ သူက ဂျပန်စက်ရုံတွေ အရည်အသွေးရှိအောင် လုပ်ပေးခဲ့တဲ့သူပါ။ သူက ဘာလုပ်ပေးလဲဆိုတော့ ကုန်ပစ္စည်းထုတ်ရာမှာ ဆင်တူစံချိန်စံညွှန်းတူ ထွက်ရှိအောင် စတင်ပြုလုပ်ပါတယ်။ ကျွန်မတို့နိုင်ငံကထွက်တဲ့ ပစ္စည်းတွေဆိုရင် တစ်ခုနဲ့တစ်ခု မတူကြဘူး။ ဒင်းမ်မီးက တူရမယ်လို့ ပြောပါတယ်။ တူတာဟာ အရည်အသွေးလို့ သတ်မှတ်ပါတယ်။

တိုယိုတာကားဆိုရင် Model မော်ဒယ်ဘယ်လောက်၊ ပစ္စည်းတစ်ခုပျက်သွားလို့ အဲဒီမော်ဒယ်နံပါတ်အတိုင်း မှာလိုက်ပြီး ကိုယ့်ကားမှာ တပ်လို့ရပါတယ်။ အလွယ်တကူ အစားထိုးလို့ ရပါတယ်။ ကျွန်မတို့ ထုတ်လုပ်တဲ့ ပစ္စည်းတွေဟာ Uniformity မရှိဘူး။ အားနည်းတယ်။ နောက် မစ္စတာဒင်းမ်မီးက ဘာပြောသေးလဲဆိုတဲ့ ‘အရည်အသွေးကို ထူထောင်ရာမှာ စားသုံးသူဟာ အဓိကပဲ’ တဲ့ စားသုံးသူဟာ ဘုရင် Customer is the King ပဲ။ စားသုံးသူရှိမှ ကိုယ့်စီးပွားရေးဟာ အလုပ်ဖြစ်မယ်။ စားသုံးသူက မဝယ်ရင် ကိုယ့်ပစ္စည်းကို ဘယ်မှာသွားရောင်းမလဲ။ မထသက ရန်ကုန်မြို့တွင်းမှာ ခရီးသည်တွေကို ပို့ဆောင်ရေး လုပ်နေတယ်။ ရန်ကုန်လူထုက မထသကားဆိုရင် ကြောက်ပါပြီ၊ မစီးတော့ပါဘူး၊ ဆလံပါပဲဆိုရင် မထသလည်း ရှိတော့မှာမဟုတ်ဘူး။

မထသရှိနေတာဟာ ရန်ကုန်လူထုက မထသ ကားကိုစီးနေလို့၊ ရန်ကုန်လူထုဟာ မထသရဲ့စားသုံးသူပဲ။ စားသုံးသူ]ာ အဓိကလို့ မစ္စတာဒင်းမ်မီးက ဆိုပါတယ်။ မစ္စတာဒင်းမ်မီး ဆက်ပြောတာတစ်ခုကတော့ ကိုယ့်အလုပ်ပေါ်မှာ ကိုယ်က ဂုဏ်ယူရမယ်။ ကိုယ့်အလုပ်ကို ကိုယ်ကျေနပ်နေရမယ်။ ကိုယ့်အလုပ်ကို ကိုယ်မှမကျေနပ်ရင် စားသုံးသူကလည်း ဘယ်ကျေနပ်ပါ့မလဲ။ ဒါတွေဟာ အရည်အသွေးဆိုင်ရာ ဂုရုကြီးတစ်ပါးဖြစ်တဲ့ ဂျပန်တို့ရဲ့ ဆရာမစ္စတာဒင်းမ်မီးရဲ့ အယူအဆတွေပါ။

မစ္စတာ ဂျေ အမ်ဂျူရင်း

နောက်ဂရုကြီးတစ်ဦးကတော့ မစ္စတာဂျေအမ်ဂျူရင်း ပါ။
သူကဘာပြောလဲဆိုတော့ ကိုယ်ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေဟာ အသုံးပြုဖို့အတွက် အံဝင်ခွင်ကျဖြစ်ရမယ် Fitness for use လို့ ဆိုပါတယ်။ ကိုယ်ထုတ်လုပ်တဲ့ပစ္စည်းဟာ စားသုံးသူအတွက် အံဝင်ခွင်ကျဖြစ်ရင် စားသုံးသူကကြိုက်မှာပဲ။ စားသုံးသူကြိုက်ရင် အရည်အသွေးပဲ။ ဒါကြောင့် ပစ္စည်းများထုတ်လုပ်တဲ့နေရာမှာ အသုံးဝင်မှု၊ အသုံးတည့်မှုဟာ အရည်အသွေး Quality လို့ဆိုပါတယ်။

ပစ္စည်းများထုတ်လုပ်ရာမှာ အလုပ်ကိုပြီးစီးအောင်လည်း လုပ်ရမယ်။ အသုံးတည့်အသုံးဝင်အောင်လည်း လုပ်ရမယ်လို့ ဂျူရင်းက ဆိုပါတယ်။

မထသလိုင်းကားတစ်စီး ဂိတ်ရင်းကနေ ထွက်လာပါတယ်။ တစ်နာရီအတွင်း ဂိတ်ဖျားကို ရောက်သွားတယ်။ အလုပ်ကတော့ ပြီးတာပဲ။ ဒါပေမယ့် လမ်းမှာ ခရီးသည်တွေကိုလည်း မတင်ခဲ့ဘူး၊ ကိုယ့်ကားပေါ်တက်မယ့် ခရီးသည်တွေကိုလည်း ချန်ထားခဲ့တယ်၊ ကားကို တအားလည်း မောင်းလာခဲ့တယ်၊ လမ်းမှာ တခြားကားတစ်စီးနဲ့လည်း တိုက်မိခဲ့တယ်ဆိုရင် ဒါဟာ အရည်အသွေးမဟုတ်ဘူး။ အလုပ်တော့ပြီးတယ်။ အရည်အသွေးမရှိဘူး။ ဆရာဝန်များပြုလုပ်တဲ့ ခွဲစိတ်ကုသမှုတစ်ခုမှာ လူနာဗိုက်ကို ဆရာဝန်များကခွဲတယ်။ တစ်နာရီအတွင်း ခွဲစိတ်တာပြီးသွားတယ်။ ဆရာဝန်ကြီးများ ခွဲစိတ်နေတာကို လူနာရှင်များကလည်း ခွဲစိတ်ခန်းအပြင်ဘက်ကနေ စောင့်ကြည့်နေကြတယ်။ ခွဲစိတ်တဲ့ကိစ္စပြီးလို့ ခွဲစိတ်ခန်းထဲက ဆရာဝန်များ ထွက်လာကြတော့ လူနာရှင်တွေက မေးတယ်။

“ဆရာ၊ ခွဲစိတ်ကုသတာ ဘယ်လိုနေပါသလဲ” ဆိုတော့ ဆရာဝန်က ပြန်ဖြေပါတယ်။

“ခွဲစိတ်ကုသမှုကတော့ ပြီးသွားပါပြီ၊ အောင်မြင်ပါတယ်”

“ကျွန်မတို့ လူနာကရော ဘယ်နှယ့်နေပါသလဲ” “လူနာကတော့ ကွယ်လွန်သွားပါပြီ” … တဲ့။

ခွဲစိတ်မှုအောင်မြင်တယ်။ အလုပ်ပြီးတယ်။ ဒါပေမယ့် လူနာကွယ်လွန်သွားတာဟာ အရည်အသွေးမဟုတ်ပါဘူး။

ဒါကြောင့် အလုပ်ကိုပြီးအောင်လုပ်ရုံနဲ့ မရဘူး။ တကယ်ထိရောက်ပြီး စွမ်းရည်ပြည့်ဝမှုရှိအောင် လုပ်ရမယ်။ အိမ်မှာ အမှိုက်လှည်းတယ်။ အမှိုက်လှည်းတာ ပြီးသွားတယ်။ ဒါပေမယ့် ကြမ်းပြင်မှာ ဖုန်တွေကျန်နေမယ်၊ မစင်ဘူးဆိုရင် ဒါဟာ အရည်အသွေးမပြည့်ဝတာပဲ။

မစ္စတာဂျူရင်းပြောတာက ပြီးအောင်လည်းလုပ်ရမယ်၊ ကောင်းအောင်၊ ထိရောက်အောင်လည်း လုပ်ရမယ်။ ဒါနဲ့ပဲလည်း ရပ်မနေရဘူး။ ဆက်ပြီးတိုးတက်မှုရှိအောင်၊ ပိုပြီး ‘Improve’ ဖြစ်အောင် ကြိုးစားနေရမယ်။ ပိုပြီးပိုပြီး ကောင်းအောင် လုပ်နေရမယ်။ ကျွန်မတို့လူမျိုးက ပိုကောင်းအောင်လုပ်တဲ့ အကျင့်နည်းတယ်။ ပညာရေးလောကမှာ ကြည့်ရင် မဟာဝိဇ္ဇာဘွဲ့ရတယ်။ ဒါဆိုရင် စာတတ်သွားပြီဆိုပြီး စာဆက်မသင်တော့ဘူး။ ပါရဂူဘွဲ့ရရင် ပြီးပြီလို့ ထင်တယ်။ ပါရဂူဘွဲ့ရပြီးလည်း ဆက်သင်စရာရှိတာတွေကို ဆက်လေ့လာဆည်းပူးနေမှ အရည်အသွေးဟာ ခိုင်မြဲနေမယ်။ အဲသလို အမြဲတိုးတက်နေအောင် ကြိုးစားတာကို ‘Continuous Improvement’ လို့ ခေါ်ပါတယ်။ အစဉ်တစိုက် ဆက်တိုက် တိုးတက်နေအောင် ပြုလုပ်တာကို ဘက်စုံ၊ ထောင့်စုံ၊ အရည်အသွေးတိုးတက်မှု၊ အလုံးစုံအရည်အသွေးတိုးတက်မှု Total Quality Management TQM လို့ ခေါ်ပါတယ်လို့ မစ္စတာဂျူရင်းက ဆိုပါတယ်။

အေမန်း ဖေကင်ဘွန်

မစ္စတာ အေမန်း ကလည်း အရည်အသွေးဆိုင်ရာ ပါရဂူတစ်ယောက်ပါပဲ။ သူကတော့ ဘာပြောလဲဆိုတော့ အလုပ်လုပ်တဲ့အခါမှာ ပူးပေါင်းပြီး အင်တိုက်အားတိုက် လုပ်ရမယ်။ အဲသလို အင်တိုက်အားတိုက် လုပ်လို့ အဆင့်မြင့်လာပြီဆိုရင် ဒါကို ထိန်းသိမ်းထားရမယ်။ ထိန်းသိမ်းထားနိုင်ပြီဆိုရင် ရပ်မနေဘဲ ဆက်ပြီးတိုးတက်အောင် လုပ်ရမယ်။ အရည်အသွေး ဖြစ်စဉ်ကြီး ဖြစ်ပေါ်နေအောင် လုပ်ရမယ်လို့ ဆိုပါတယ်။

မစ္စတာ ဖိလစ်ဘီကော့စတေး

နောက် ဂုရုကြီးတစ်ဦးကတော့ ကော့စဘေး ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူကတော့ ကုန်ထုတ်လုပ်မှုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အမှားနည်းနိုင်သမျှ နည်းအောင် အမှား ‘သုည’ ဖြစ်အောင် လုပ်ရမယ်။ ‘Zero Defects’ ဖြစ်အောင် လုပ်ရမယ်လို့ ဆိုတာပါပဲ။ ကုန်ထုတ်လုပ်နေစဉ်ကာလမှာ အပျက်အစီးမရှိအောင် ကြိုတင်ကာကွယ်မယ်ဆိုရင်၊ အပျက်အစီးဆိုတာ မပေါ်ပေါက်တော့ဘူးဆိုရင် အရည်အသွေးရှိလာမှာလို့ ဆိုပါတယ်။

အရည်အသွေးဆိုင်ရာ ပါရဂူတွေ၊ ဂရုကြီးတွေကတော့ အများကြီးပါပဲ။ သူတို့အားလုံးကတော့ အလုံးစုံ အရည်အသွေး ထိန်းသိမ်းရမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အရည်အသွေးဆိုတာကို ပြောရရင် ကုန်ထုတ်လုပ်ရာမှာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုပေးရာမှာပဲဖြစ်ဖြစ် အဆင့်တိုင်းအဆင့်တိုင်း၊ လူတိုင်းလူတိုင်းက အထက်စီမံခန့်ခွဲသူကနေ ဂိတ်စောင့်တဲ့လူအထိ အလုံးစုံ၊ ဘက်စုံ၊ ထောင့်စုံ ပါဝင်လုပ်ဆောင်မှ အရည်အသွေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်ရှင်။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts