သန့်ရှင်းသော ရေဆိုသည်မှာ

“ရေ” ဆိုရုံနဲ့ မလုံလောက်ဘဲ သန့်ရှင်းတဲ့ရေဆိုမှ သောက်ဖို့လည်း စိတ်ချရ၊ သုံးဖို့လည်း စိတ်အေးရမှာဖြစ်ပါတယ်။ သန့်ရှင်းသောရေဆိုတာ အနည်အမှုန်ကင်းရမယ်။ အရောင်အဆင်းနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးမွှားများနဲ့ ဓာတ်သတ္တုပါဝင်မှုကင်းရမယ်။အနည်အမှုန် ဆိုရာမှာ သံမှုန့်၊ ထုံးမှုန့် အနည်ထိုင်အောင်လုပ်ကြတယ်။ ညတစ်ညသိပ်လိုက်တဲ့အခါ ရေထဲက အမှုန်တွေ အနည်ထိုင်သွားတယ်။ တချို့ ကတော့ အမှုန်များတဲ့ ရေထဲကို ကျောက်ချဉ်ထည့်လေ့ရှိတယ်။ အမှန်မရှိတော့ပေမဲ့ သန့်ရှင်းသွားပြီလို့တော့ မပြောနိုင်သေးပါဘူး။လူ့မစင်က ပိုးတွေက အမျိုးမျိုးဖြစ်နိုင်တယ်။ဝမ်းရောဂါ၊ ပိုလီယို၊ အသည်းရောင်၊ အူရောင်ငန်းဖျား၊ဝမ်းပျက်ဝမ်းကိုက် အများကြီးဖြစ်နိုင်တယ်။ ဒီလိုရောဂါပိုးတွေ သေကုန်အောင် သေချာကြိုချက်ရတယ်။ ရေနွေးဆိုရာမှာ နွေးရုံမဟုတ်ဘဲ ပွက်ပွက်ဆူနေဖို့တော့လိုတယ်။နောက်တစ်ခုကတော့ရေကို ကလိုရင်း (Chlorine)ကို ခပ်ထည့်တဲ့နည်းပါ။
အဲဒီ ကလိုရင်းမှုန့်နဲ့ပတ်သက်ရင်တော့ PSI က Safe Guard ရေသန့်ဆေးတွေကို သီးသန့်ထုတ်ထားပါတယ်။ Social Marketing နဲ့ ဖြန့်ဖြူးတာဖြစ်လို့ ဈေးနှုန်းအရလည်း အင်မတန်ချိုသာပါတယ်။

နောက်တစ်နည်းကတော့ သဲရေစစ်အိုးတွေပါ။ တိုက်ရိုက်သောက်သုံးဖို့မသင့်တဲ့နေရာတွေကတော့ ချောင်းရေ၊ မြစ်ရေ၊ ကန်ရေ၊ လက်ယက်တွင်းရေနဲ့ ရိုးရိုးတွင်းရေတွေဖြစ်ပါတယ်။ ကန်ရေ၊ တွင်းရေကို ရောဂါပိုးတွေဝင်မလာအောင် သေချာကာကွယ်ထားရင်တော့ သန့်ရှင်းတဲ့ သောက်သုံးရေကို ရနိုင်ပါတယ်။ နောက်ပြီး သဘာဝအတိုင်း ရနိုင်တာကတော့ မိုးရေ၊ စိမ့်စမ်းရေနဲ့ မြေအောက်ရေတွေပါ။ ဒီရေတွေကိုလည်း ပိုပြီးစိတ်ချရအောင်တော့ ပွက်ပွက်ဆူအောင်၊ ကျက်နေအောင် ကြိုပြီးမှ သောက်သုံးရင်တော့ အကောင်းဆုံးပါပဲ။ သုံးရေကျတော့ ရွှံ့၊ဗွက်ရေမဖြစ်ဘဲ ကြည်လင်တဲ့ ရေတော့ဖြစ်ဖို့လိုတယ်။ နောက်သတိပြုရမှာတော့ ရေထွက်မယ့်ပင်မရ ရေထွက်နေရာနားမှာ ရေချိုးတာ၊ အဝတ်လျှော်တာနဲ့ ရေဗွက်ရေအိုင်တွေဖြစ်အောင် မလုပ်ရပါဘူး။ နောက်တိရစ္ဆာန်တွေ မလာနိုင်ဖို့ ကာကွယ်ထိန်းသိမ်းပါ။ အဓိကကတော့ အိမ်သာဆောက်ရင် ရေထွက်နဲ့ အနည်းဆုံးပေ (၅၀)ခွာပြီးမှ ဆောက်ရမယ်။ ရေတွင်းတည်ရင် အိမ်သာထက်မြင့်တဲ့နေရာမှာ ရှိရမယ်။ မိမိကြောင့် အခြားပတ်ဝန်းကျင်က လူတွေ ဒုက္ခမရောက်အောင် ကိုယ်ချင်းစာတရားထားကြရမှာဖြစ်ပါတယ်။ဒါမှ ရေအကျိုးဆယ်ပါးပြည့်စုံ ခံစားနိုင်ကြမှာပါ။

စိုက်ပျိုးရေးလုပ်ငန်းရှိတဲ့ အရပ်ဒေသတွေမှာဆိုရင်တော့ ဓာတ်မြေဩဇာ ပိုးသတ်ဆေးတွေသုံးတဲ့အခါ ဂရုစိုက်ဖို့ပါ။ ရေထဲဝင်သွားရင် အဲဒီရေကို သောက်သုံးတဲ့သူတွေမှာရောဂါဖြစ်စေနိုင်လို့ပါ။ ဟင်းသီးဟင်းရွက်တွေမှာ သီးနှံတွေမှာ ပိုးသတ်ဆေး မြေဩဇာတွေကပ်နေတတ်တဲ့အတွက် သေချာရေဆေးပြီးမှ ချက်ပြုတ်ရမှာဖြစ်ပါတယ်။

သန့်ရှင်းတဲ့ရေတွင်းဖြစ်ဖို့ဆိုရင် ရေတွင်းကို ကျောက်ခွေမရရင် သစ်သားခွေချရမယ်။ ဒါမှ မြဲမပြိုကျတော့ဘူး။ နောက်ရေတွင်းကို အဖုံးဖုံး ထားရမယ်။ ရေကိုသုံးစွဲပြီးနောက် ရေစီးသွားဖို့ သေချာလမ်းကြောင်းလုပ်ပေး ရမယ်။ ကောင်းတာကတော့ ပလက်ဖောင်းသဘောမျိုးသေချာဖောက်ပြီး လျှော်ဖွပ်ရေချိုးစရာနေရာလုပ်ထားရမယ်။ ပြီးရင်ရေစီးသွားဖို့ မြောင်းကိုလည်း သေချာလုပ်ထားသင့်တယ်။ ရေကောင်းရေသန့်ဆိုတာ အလွယ်တကူရနေကြရင်တော့ မသိသာလှပေမဲ့ ရေသန့်တစ်ပေါက်ရဖို့ကို အလွန်ခက်တဲ့အရပ်တွေလည်းရှိတယ်။ ရေသန့်တစ်ပေါက်ရဲ့ တန်ဖိုးကို ရေဆိုး၊ရေညစ်နဲ့ ရေရှားတဲ့အရာမှာနေဖူးမှ သိကြမှာဖြစ်ပါတယ်။ ဒါကြောင့် ရေကို သန့်သန့်လေးနဲ့ သောက်ခွင့်သုံးခွင့်ရခြင်းဆိုတာ အင်မတန်မှထူးကဲတဲ့ ဆုလာဘ်ပဲ ဖြစ်ပါတော့တယ်။

ဒေါက်တာစံပယ်ပွင့်ဖြူ ရေးသားထားသော ဆရာဝန်တစ်ဦး၏ ကျန်းမာရေးမှတ်စုများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

OpenMoreOnline

Related Posts