ဝိဓူရဇာတ်တော်ကြီး

ဝိဓူရဇာတ်တော်ကြီး

တစ်ရံရောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်ပြည်၌ ကောရဗျမင်း စိုးစံသည်။ ထိုမင်း၌ ဝိဓူရ အမည်ရှိသော အမတ် ပညာရှိတစ်ဦး ရှိသည်။ ဝိဓူရသည် ဉာဏ်ပညာနှင့် အထူးပြည့်စုံရုံမျှမက တရားဟောလည်း ကောင်းသည်။ သာယာနာပျော်ဖွယ် အသံဖြင့် တရားဟောတတ်သည်။ သူ့တရားကို နာသူတိုင်း နှစ်သက်မဆုံး ရှိကြသည်။

ကောရဗျမင်းသည် ကြွေအန်ကစားမှု၌ အလွန်တပ်မက်သည်။ ကစားတိုင်းလည်း အနိုင်ရလေ့ရှိသည်။ ဘဝဟောင်းက မိခင်တော်ခဲ့ဖူးသော ထီးဖြူစောင့်နတ်သမီးက တန်ခိုးဖြင့် ကူညီလေ့ရှိသောကြောင့် ဖြစ်သည်။ မင်းကြီးသည် ကြွေအန်ကစားသော်လည်း တရားဓ္ဓမကို လွန်စွာမြတ်နိုးသည်။ တစ်နေ့သ၌ မင်းကြီးသည် ဥပုသ်စောင့်၍ ဥယျာဉ်တော်ဝယ် တရားအားထုတ်သည်။ ရှေးဘဝက အဆွေခင်ပွန်းများ ဖြစ်ခဲ့ဖူးကြသော သိကြားမင်း၊ နဂါးမင်း၊ ဂဠုန်မင်းတို့သည်လည်း ထိုနည်းတူ ဥပုသ်စောင့်ကြသည်။ မင်းကြီး နေရာဥယျာဉ်သို့ လာရောက်၍ တရားအားထုတ်ကြသည်။ မင်းလေးပါး ဆုံမိကြသည်။ ထိုအခါ ဝမ်းမြောက် ဝမ်းသာ ရင်းနှီးစွာ စကားပြောကြသည်။

ယင်းသို့ စကားပြောရာမှ သိကြားမင်းက “ယခု ငါတို့လေးယောက် စောင့်သော သီလတွင် ဘယ်သူ၏ သီလက ပို၍ မြတ်သနည်း” ဟု မေးသည်။ ဝရုဏနဂါးမင်းက “အရှင်တို့ သုံးဦး၏ သီလထက် ကျွန်ုပ်၏ သီလက ပို၍ မြတ်သည်။ ဂဠုန်မင်းသည် ကျွန်ုပ်ကို ရန်ပြုသည်ဖြစ်စေ ရန်မပြုသည်ဖြစ်စေ ဂဠုန်မည်သည်ကား နဂါး၏ ရန်သူသာ ဖြစ်သည်။ ကျွန်ုပ်သည် ဤကဲ့သို့ အသက်ကို ရန်ပြုတတ်သည့် ရန်သူကို တွေ့ရသော်လည်း အမျက်ဒေါသမထွက်ဘဲ နေခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်၏သီလက ပို၍ မြတ်ပါသည်” ဟု ဆို၏။ ထိုအခါ ဂဠုန်မင်းက “နဂါးသည် ကျွန်ုပ်အဖို့ မွန်မြတ်သော အစာအာဟာရကို တွေ့ရသော်လည်း မစား၊ ဆာလောင် မွတ်သိပ်မှုကို သည်းခံလျက် အစာအတွက် မကောင်းမှုကို မပြု။ ထို့ကြောင့် ကျွန်ုပ်သီလက ပို၍ မြတ်ပါသည်” ဟု ဆို၏။ ထို့နောက် သိကြားမင်းက “ငါသည် အမျိုးမျိုးသော နတ်စည်းစိမ်တို့ကို စွန့်၍ သီလစောင့်ရန် ဤအရပ်သို့ လာခြင်း ဖြစ်သည်။ သို့ဖြစ်၍ ငါ၏သီလက ပို၍ မြတ်ပေသည်” ဟု ဆိုပြန်သည်။ ဤတွင် ကောရဗျမင်းကလည်း “အကျွန်ုပ်သည် များစွာသော ဥစ္စာတို့နှင့်တကွ တစ်သောင်းခြောက်ထောင်သော မောင်းမတို့ဖြင့် ပြည့်နေသော ရွှေနန်းစည်းစိမ်ကို မျက်ကွယ်ပြုလျက် ကြောင့်ကြမှု မထားဘဲ ဤဥယျာဉ်၌ ဥပုသ်စောင့်နေသည်။ ကျွန်ုပ်၏ သီလက ပိုမြတ်ပါသည်” ဟူ၍ ဆိုလေသည်။

ဤသို့လျှင် မင်းလေးပါးတို့သည် မိမိသီလက ပို၍ မြတ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အလျှော့မပေးကြ။ နောက်ဆုံး၌ ဝိဓူရ သုခမိန်ထံ သွား၍ အဆုံးအဖြတ် ရယူရန် မင်းလေးပါးလုံး သဘောတူညီ သွားကြသည်။ ဝိဓူရထံသွား၍ အကျိုးအကြောင်း တင်ပြကြသည်။ ‘မှန်ကန်စွာ ဆုံးဖြတ်ပေးပါ’ ဟူ၍လည်း ဆိုကြသည်။ ဝိဓူရသည် မင်းတစ်ပါးစီ၏ စကားကို သေချာစွာ ကြားနာသည်။ ထို့နောက် “အရှင်မင်းကြီးတို့၊ မင်းကြီးတို့ ဆိုကြသော အချက် လေးရပ်စလုံးပင် ကောင်းမြတ်လှသည်။ လှည်းပုံတောင်း၌ ဒေါက်များ စု၍ တည်သကဲ့သို့ပင် အကြင်ပုဂ္ဂိုလ်သည် သည်းခံခြင်း၊ အစာကြောင့် မကောင်းမှုကို မပြုခြင်း၊ ကာမဂုဏ် မွေ့လျော်မှုမှ ရှောင်ခြင်း၊ ကြောင့်ကြမှု မရှိခြင်း ဟူသော ဂုဏ်လေးပါးနှင့် ပြည့်စုံအံ့။ လောက၌ ထိုပုဂ္ဂိုလ်ကို ငြိမ်းအေးသောသူ ဟူ၍ ဆိုကြကုန်၏” ဟု ဆိုကာ မင်းလေးပါးတို့၏ သီလသည် မည်သူကမှ မသာလွန်၊ ထပ်တူ အညီထား၍ ဆုံးဖြတ်လိုက်လေသည်။

မင်းလေးပါးတို့သည် ဝိဓူရ၏ ဖြေကြားချက်ကို နှစ်သက်သွားကြသည်။ ဝိဓူရအား ချီးကျူးစကား ဆိုကြသည်။

ထို့နောက် သိကြားမင်းက ဝိဓူရအား ဘွဲ့ဖြူပုဆိုးဖြင့် ပူဇော်သည်။ ‘ဂဠုန်မင်းက ရွှေပန်းခိုင်ဖြင့် ပူဇော်သည်။ နဂါးမင်းက ပတ္တမြားဖြင့် ပူဇော်သည်။ ကောရဗျမင်းက နို့စား နွားမတစ်ထောင်၊ ဆင်တစ်စီး၊ အာဇာနည်မြင်း လေးကောင်ကသော ရထားဆယ်စီး၊ ရွာကြီးတစ်ဆယ့်ခြောက်ရွာတို့ဖြင့် ပူဇော်လေသည်။ ထို့နောက် မင်းလေးပါးသည် ချစ်ကြည်စွာ ခွဲခွာသွားကြလေသည်။

ဝရုဏ နဂါးမင်းသည် နဂါးပြည်သို့ ပြန်ရောက်သော် နဂါးမိဖုရားဖြစ်သူက ဝိမလာက ပတ္တမြားကို မမြင်၍ မေးသည်။ နဂါးမင်းက အကြောင်းစုံ ပြောပြသည်။ ဤတွင် ဝိမလာသည် ဝိဓူရသုခမိန်၏ တရားကို နာကြားလိုသော ဆန္ဒ တဖွားဖွား ဖြစ်ပေါ်မိသည်။ ဝိမလာက ‘ငါသည် နဂါးမင်းအား ဝိဓူရ၏ တရားကို နာလိုသောကြောင့် ပင့်ဆောင်ပေးပါ ဆိုလျှင် ပင့်ဆောင် ပေးလိမ့်မည် မဟုတ်။ ပရိယာယ် ဆင်လျက် ဝိဓူရ၏ နှလုံးသားကို ချစ်ခြင်းဖြစ်သည် ဆိုကာ မကျန်းမာယောင် ဆောင်နေမည်။ ထိုအခါ မုချမသွေ ဝိဓူရကို ဆောင်ယူစေမည်။ ထိုအခါတွင်မှ ဝိဓူရ၏ တရားတော်ကို နာယူနိုင်တော့မည်’ ဟူ၍ ကြံစည်၏။ ကြံစည်သည့်အတိုင်း မကျန်းမာဟန် ပြု၏။ “ဝိဓူရ၏ နှလုံးသားကို မရလျှင် သေရတော့မည်” ဟူ၍ ဆိုကာ အိပ်နေ၏။

နဂါးမင်းလည်း စိတ်နှလုံး မသာယာတော့။ ‘မည်သည့်နည်းဖြင့် ဝိဓူရ၏ နှလုံးသားကို ရနိုင်ပါအံ့နည်း’ ဟု ကြံတွေး၍ မှိုင်ငေးနေလေသည်။ ခမည်းတော်၏ ဖြစ်အင်ကို နဂါးမင်းသမီး ဣရန္ဓတီ တွေ့မြင်သောအခါ အကျိုးအကြောင်း မေးသည်။ နဂါးမင်းက မိဖုရား၏ အကြောင်းကို ပြောပြသည်။ “ချစ်သမီး၊ သင့်မယ်တော် အသက်မသေအောင် ဆောင်ရွက်ပါ။ ဝိဓူရကို ဆောင်ယူနိုင်သူအား ဖူးစာရှင်အဖြစ် ရွေးပါ။ ထိုသူကို ရှာပါ” ဟူ၍ ဆို၏။ ဣရန္ဓတီကလည်း “သည်ကိစ္စကို သမီးတော် အောင်မြင်အောင် ဆောင်ရွက်ပါမည်” ဟူ၍ ဝန်ခံစကား ပြောဆိုသည်။ မယ်တော့်ကိုလည်း နှစ်သိမ့်စကားဆိုသည်။

ထို့နောက် လှပနီလွင်သော အဝတ်တန်ဆာကို ဆင်ယင်၍ ချက်ချင်းပင် ဟိမဝန္တာသို့ ထွက်ခွာသွားလေသည်။ ဣရန္ဓတီသည် ဟိမဝန္တာရှိ ကာဠာဂီရိခေါ် ကျောက်ညိုတောင်သို့ ရောက်သောအခါ ပန်းမျိုးစုံကို ခူးသည်။ တောင်ထိပ်၌ ပန်းအခင်း ခင်းသည်။ ထို ပန်းအခင်း၌ ကလျက် ညှို့ဓာတ်ပါသော အသံဖြင့် “ဝိဓူရ၏ နှလုံးသားကို တောင့်တနေသော မယ်တော်၏ အလိုဆန္ဒကို ပြည့်ဝအောင် စွမ်းဆောင်နိုင်သူအား ဖူးစာရှင်အဖြစ် ရွေးချယ်ပါမည်” ဟူ၍ ဖွဲ့နွဲ့ သီချင်းဆိုသည်။

ထိုအခိုက် ပုဏ္ဏက အမည်ရှိသော ဘီလူးစစ်သူကြီးသည် မနောမယမြင်းကို စီးလျက် ကောင်းကင်ခရီးဖြင့် နှင်လာရာ ဣရန္ဓတီ၏ အသံကို ကြားရသည်။ ပုဏ္ဏကသည် ဝေဿဝဏ် နတ်မင်းကြီး၏ တူဖြစ်သည်။ ဘီလူးအစည်းအဝေးသို့ သွားရန် ထွက်လာရာမှ ဣရန္ဓတီနှင့် ဆုံတွေ့ခြင်း ဖြစ်သည်။ သူသည် ဣရန္ဓတီကို ချစ်ကြိုက်သွားသည်။ ထို့ကြောင့် အနီးသို့ ချဉ်းကပ်ပြီးလျှင် “မင်းသမီး၏ မယ်တော်ဖုရား အလိုရှိသော ဝိဓူရ၏ နှလုံးသားကို ဆောင်ယူပေးမည်” ဟူ၍ ကတိပြုသည်။ “ကစ္စည်းလုလင်၊ ဝိဓူရသည် ငါ၏ကျွန် ဖြစ်သည်မှန်လျှင် ဝိဓူရကို ယူသွားလော့” ဟု ဆို၏။ ဝိဓူရကို ပုဏ္ဏကအား ပေးအပ်လိုက်လေသည်။

ထိုသို့ပေးအပ်ရာမှ မင်းကြီးသည် ‘ဝိဓူရ မရှိသော် တရားစကားကို ကြားနာရဖို့ မလွယ်ပြီ’ ဟူ၍ စဉ်းစားမိပြန်သည်။ ထို့ကြောင့် ဝိဓူရအား “အိမ်ရာတည်ထောင်၍ လူ့ဘောင်၌ နေသောသူတို့ လိုက်နာရမည့် တရားတော်ကို မသွားမီ ဟောကြားပါဦး” ဟု တောင်းပန်သည်။

ဝိဓူရကလည်း စိတ်ရှည်စွာ ဟောကြားသည်။ “အရှင်မင်းကြီး၊ အိမ်ထောင်ရှင် ဖြစ်သူတို့သည် သူတစ်ပါး၏ မယားကို မပြစ်မှားအပ်။ ကောင်းမွန်သော ခဲဖွယ် ဘောဇဉ်တို့ကို သင့်ရာ သူတို့အား မပေးကမ်း၊ မဝေခြမ်းဘဲ မစားသောက်အပ်။ မျက်မှောက်တွင် အကျိုးစီးပွားလည်း မဖြစ်ထွန်းသော၊ နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်းလည်း မဟုတ်သော ‘လောကာယတိက ကျမ်း’ ကို မလိုက်နာအပ်။ နေ့တိုင်း ငါးပါးသီလကို စောင့်ထိန်းအပ်၏။ အိမ်ထောင်သည်တို့ လိုက်နာရသော ကျင့်ဝတ်နှင့်လည်း ပြည့်စုံအပ်၏။ မင်းတို့ကျင့်ရာသော တရားနှင့်လည်း ပြည့်စုံအပ်၏။ ကုသိုလ်ကောင်းမှုတို့ကို မမေ့အပ်။ ကိစ္စအားလုံးကို ပညာဖြင့် ဆင်ခြင်ပြုအပ်၏။

မာန်မာန မထောင်လွှားအပ်။ မိမိကိုယ်ကို နှိမ့်ချအပ်၏။ သူတော်ကောင်းတို့ ဆုံးမလျှင် နာယူအပ်၏။ ဝန်တိုခြင်း၊ စောင်းမြောင်းခြင်း၊ ငြူစူခြင်း မရှိအပ်။ ရဲရင့်ခြင်း ရှိအပ်၏။ ချစ်ခင်နှစ်လိုဖွယ် စကားကို ဆိုအပ်၏။ ကိုယ်၊ နှုတ်၊ နှလုံး နူးညံ့အပ်၏။ (၁) အဆွေခင်ပွန်းတို့အား ပေးကမ်းခြင်း။ (၂) ချစ်ဖွယ်သော စကားကို ဆိုခြင်း။ (၃) မေတ္တာစိတ် ပွားများခြင်း (၄) ကိုယ်နှင့် ထပ်တူ ကျင့်ခြင်း ဟူသော သင်္ဂဟတရားတို့နှင့်လည်း ပြည့်စုံအပ်၏။

တရားစောင့်သော ရဟန်းတို့အားလည်း လှူဒါန်းအပ်၏။ ဤကား လယ်ထွန်ချိန် အခါတည်း၊ ဤကား ပျိုးကြဲချိန်အခါတည်း စသည်ဖြင့်လည်း စီရင်ခန့်ခွဲ တတ်အပ်၏။ သူတော်ကောင်းတရားကို လိုလားသူ ဖြစ်အပ်၏။ မိမိ၏ မျိုးနွယ်ကို စောင့်ရှောက်သူ ဖြစ်အပ်၏။ အကြားအမြင် များရန် ဝတ္ထု၊ ထုံးတမ်း နည်းနာစသော ကျမ်းဂန်တို့ကို လေ့လာသင်ကြား အပ်၏။ မှတ်သားခြင်း၊ ကြည့်ရှုခြင်း၊ နှီးနှောပြောဟောခြင်း၊ မေးမြန်းခြင်း ပြုအပ်၏။ အကြားအမြင်များသော၊ သီလရှိသော ရဟန်း၊ ပုဏ္ဏားတို့ကိုလည်း ရိုသေဆည်းကပ်ရာ၏။ အရှင်မင်းကြီး၊ ဤသို့ လိုက်နာပြုကျင့်သည် ရှိသော် ဘေးကင်းသူ၊ သင်္ဂဟတရားနှင့် ပြည့်စုံသူ၊ မှန်သော အယူဝါဒ ရှိသူ ဖြစ်ရာ၏။ သေလွန်သောအခါ၌လည်း မစိုးရိမ်ရဘဲ ကောင်းရာ သုဂတိသို့ လားရာ၏” ဟု ဝိဓူရက ဟောကြား၏။

မင်းကြီးလည်း ဝိဓူရအား အထူးပူဇော် သက္ကာရပြု၍ တစ်ရာ့တစ်ပါးသော မင်းတို့ခြံရံလျက် နန်းတော်သို့ ဝင်လေသည်။

ထို့နောက် ပုဏ္ဏကအားလည်း “ပုဏ္ဏက၊ အသင်သည် ယူဆောင်ရန် အလွန်ခက်ခဲသော သုခမိန်ကို တရားသဖြင့် ဆောင်ယူခဲ့သည့်အတွက် ငါ ချီးကျူးပါသည်။ မိဖုရားကြီး၏ အလိုဆန္ဒ ပြည့်ဝသောကြောင့် သင့်အား သမီးတော် ဣရန္ဓတီကို ဆောင်နှင်းပေးအပ်ပါ၏။ သင် ပုဏ္ဏက စစ်သူကြီးသည် ယနေ့ပင် သုခမိန်ကို ဣန္ဒပတ္ထနဂိုရ်ပြည်သို့ ပြန်ပို့ပေးပါလော့” ဟူ၍ ဆို၏။

ပုဏ္ဏကသည် ဣရန္ဓတီကို ရ၍ လွန်စွာဝမ်းမြောက်သွားသည်။ ထို့ကြောင့် ဝိဓူရအား စကြာမင်းတို့သာ သုံးသည့် မနောဟရပတ္တမြားကို ပေးသည်။ ထို့နောက် နဂါးမင်းနှင့် မိဖုရားတို့ကို ခွင့်ပန်၍ သိန္ဓောမြင်းကို ပြင်စေသည်။ မြင်းပျံပေါ်၌ ဝိဓူရအား ရှေ့ကထားလျက်၊ ပုဏ္ဏက က အလယ်ကစီးလျက်၊ ဣရန္ဓတီအား နောက်ကထားလျက် နဂါးပြည်မှ ထွက်ခွာလာကြသည်။

ထို့နေ့ မိုးသောက်ယံ၌ ကောရဗျမင်းကြီးသည် ထူးဆန်းသော အိပ်မက်ကို မြင်မက်သည်။ ထိုအိပ်မက်အရ ‘ယနေ့ပင် ဝိဓူရသုခမိန် မုချရောက်လာလိမ့်မည်’ ဟူ၍ ဝမ်းမြောက် ဝမ်းသာဖြစ်နေသည်။ ချက်ချင်းပင် မြို့ကို တန်ဆာဆင်စေသည်။ ရတနာ မဏ္ဍပ်ကြီး ထိုးစေသည်။ တရားပလ္လင် ပြင်စေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့နှင့်တကွ တိုင်းသူပြည်သားတို့အားလည်း“ယနေ့ ဝိဓူရသုခမိန် ပြန်ရောက်လိမ့်မည်” ဟု ပြောဆိုသည်။ ဝိဓူရကို စောင့်မျှော်နေကြစေသည်။

ထိုခဏ၌ ပုဏ္ဏကသည် မြင်းပျံဖြင့် ရောက်လာသည်။ ဝိဓူရကို မြင်းပေါ်မှချ၍ တရားသဘင် ပရိသတ် အလယ်၌ ထားခဲ့သည်။ ဣရန္ဓတီနှင့်အတူ ကြည်ရွှင် ချမ်းမြေ့စွာ ထွက်ခွာ သွားလေသည်။ မင်းကြီးက ဖြစ်ပျက်ပုံ အလုံးစုံကို မေးမြန်းသည်။ ဝိဓူရကလည်း စုံစေ့စွာ လျှောက်ထားသည်။ နောက် ပုဏ္ဏကပေးလိုက်သော ပတ္တမြား ရတနာကို ကောရဗျမင်းကြီးအား ဆက်သလေသည်။

မင်းကြီးကလည်း တိုင်းသူပြည်သား အပေါင်းတို့အား “ငါ၏ အမတ်ကြီးသည် ဝိဓူရသုခမိန်သည် အနှောင်အဖွဲ့မှ လွတ်သည့်နည်းတူ နိုင်ငံအတွင်း၌ အချုပ်အနှောင် ခံနေကြရသော သူများကိုလည်း အနှောင်အဖွဲ့မှ လွှတ်စေ။ ပိုက်ကွန်၊ ကျော့ကွင်း၊ မြှုံးစသည်တို့ဖြင့် ဖမ်းမိကုန်သော ငှက်တို့ကိုလည်း လွှတ်စေ။ မုဆိုး တံငါ အလုပ်များကိုလည်း မလုပ်စေနှင့်။ ဤ တစ်လအတွင်း လယ်သမားတို့လည်း အနားယူ၍ ပျော်ပွဲသဘင်ကို ဆင်ယင် ကျင်းပ ပျော်ရွှင်ကြစေ” ဟူ၍ မိန့်တော်မူသည်။ ထို့ပြင် ဝိဓူရကိုလည်း အထူးထူးသော လက်ဆောင် ပဏ္ဏာတို့ဖြင့် ပူဇော်ရန် တိုက်တွန်းသည်။ တိုင်းသူပြည်သားတို့ကလည်း ဝမ်းမြောက် ဝမ်းသာ ပူဇော်ကြသည်။

ဝိဓူရသုခမိန်သည် မင်းနှင့်တကွသော တိုင်းသူ ပြည်သားတို့အား တရားစကား ဟောကြားဆုံးမသည်။ ကောင်းမှုများ ပြုစေသည်။ မိမိကိုယ်တိုင်လည်း ကောင်းမှုများ ပြုသည်။ ဤသို့ဖြင့် စုတေသောအခါ အားလုံးပင် နတ်ပြည်သို့ လားကြလေသတည်း။

(ဇာတ်ပေါင်းသော် ဝိဓူရသုခမိန်သည် ဂေါတမ ဘုရားရှင်၊ ကောရဗျမင်းသည် အရှင် အာနန္ဒာ၊ ပုဏ္ဏကဘီလူးသည် အင်္ဂုလိမာလ၊ ဝရုဏနဂါးမင်းသည် အရှင်သာရိပုတ္တရာ၊ သိကြားမင်းသည် အရှင်အနုရုဒ္ဓါ၊ ဂဠုန်မင်းသည် အရှင်မောဂ္ဂလာန်၊ ဝိမလာဒေဝီသည် ခေမာဘိက္ခုနီ၊ ဣရန္ဓတီသည် ကိသာဂေါတမီ၊ သိန္ဓောမြင်းသည် ခဏ္ဍကမြင်း၊ ဝိဓူရ၏ မယားကြီး အနော်ဇာသည် ယသော်ဓရာ အသီးသီး ဖြစ်လာကြလေသည်)

*ဤ ဝိဓူရဇာတ်တွင် ဂေါတမဘုရားရှင် ပညာပါရမီ၊ သစ္စာပါရမီ၊ အဓိဌာန်ပါရမီ၊ ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်*

10 Previous Life Of Buddha Edited By Buddha Knowledge Application

Related Posts