လေးစားမှုဆိုတာ တမင်လုပ်ယူလို့ မရပါ

လုပ်ငန်းခွင်မှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက် အာဏာပါဝါတွေ ပြပြီး အကြောင်းသိအောင် လုပ်ပြလိုက်မယ် ဆိုတဲ့သူတွေ ကြုံဖူး၊ တွေ့ဖူးကြမှာပါ။ ​နေ့စဥ်လူ​နေမှုဘဝမှာလည်း ကိုယ့်အိမ်က အိမ်အကူကို၊ လက်ဖက်ရည်ဆိုင်က စားပွဲထိုး​လေးကို စသဖြင့် တမင်အနိုင်ကျင့် ဖိနှိပ်တာ​တွေ ရှိတတ်ကြပါတယ်။ အဲဒီလို လုပ်လိုက်ရတဲ့ ခဏမှာတော့ သူတို့ကျေနပ်ကောင်း ကျေနပ်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကောင်းလည်း ကြီးနေပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း တွေးကြည့်ရင် နစ်နာသွားရတဲ့သူက တခြားလူ မဟုတ်ပါဘူး၊ အဲဒီလို အာဏာပါဝါ ပြလိုက်တဲ့သူ ကိုယ်တိုင်ပဲ ဖြစ်နေပါတယ်။ သေချာစဉ်းစားကြည့်ပါ၊ တကယ်တမ်းကျတော့

၁။ အဲဒီလုပ်ရပ်ဟာ မိမိကိုယ်မိမိ လေးစားမှု မရှိကြောင်း ပြသလိုက်တာပါ။ Maslow’s hierarchy of needs ဆိုတာ ရှိပါတယ်။ စား၀တ်နေရေး အခြေခံလိုအပ်ချက်၊ ဘေးကင်းလုံခြုံမှု၊ ချစ်ခင်ကြင်နာမှုတို့ပြီးရင် စတုတ္ထမြောက် လူတွေ လိုအပ်တဲ့အရာက လေးစားမှုပါ။ အဲဒီမှာမှ ကိုယ့်ကိုယ်ကိုယ်လေးစားမှုက အရေးကြီးဆုံးလို့ မြင်ပါတယ်။ အဲဒီလေးစားမှုမျိုး မြင့်မြင့်မားမား ရှိနေတဲ့သူက တခြားသူ ကိုယ့်ကို ဘယ်လိုထင်မြင်သလဲ အထူးအထွေ ဂရုစိုက်မနေတော့ပါဘူး။ ကိုယ့်ပန်းတိုင်ပဲ ကိုယ်အာရုံစိုက်ပြီး ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်နေတတ်ပါတယ်။ အဲဒါ ပျောက်ဆုံးနေတဲ့သူကတော့ သူများဆီက လေးစားမှုကို အတင်း မရမက ရှာဖွေပါတော့တယ်။ Deficiency needs တစ်ခုလည်းဖြစ်တော့ မရဘူးဆိုရင် စိတ်က ခက်ထန်လာတယ်၊ စိတ်ဖိစီးမှုတွေ များလာတတ်ပါတယ်။

၂။ အဲဒီလုပ်ရပ်ဟာ ကိုယ် ပရော်ဖက်ရှင်နယ် မပီသကြောင်း ပြသလိုက်တာပါ။ ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ များလာသလို တစ်ဖက်မှာလည်း ပြိုင်ရဆိုင်ရတာတွေက ပိုပြီး ပြင်းထန်လာပါတယ်။ ဒီအတွက် ကျွန်တော်တို့ အသင့်ဖြစ်ပြီလား။ မဖြစ်သေးဘူးဆိုရင် အဲဒီ မဖြစ်သေးတဲ့ အရာတွေထဲမှာ ထိပ်ဆုံးက ပါနေတာကတော့ “ပရော်ဖက်ရှင်နယ် မပီသခြင်း”ပါပဲ။ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေ ရှေ့တန်းတင်တယ်။ အဖွဲ့အစည်း အောင်မြင်ဖို့ထက် ကိုယ် ပါဝါရှိဖို့ကို ပိုဦးစားပေးနေတယ်။ အလုပ်ကို စည်းမျဉ်းစည်းကမ်းပေါ် အခြေမခံဘဲ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအပေါ် မူတည်ပြီး လုပ်ကြတယ်။ ရင်းနှီးရင် တမျိုး၊ မရင်းနှီးရင် တမျိုး။ အလုပ်မှာ တော်ဖို့ထက် အထက်လူကြီးနဲ့ အဆင်ပြေဖို့ကို အရင်ကြိုးစားနေရတယ်။ ဒါဟာ မြန်မာလုပ်သားတွေ၊ မြန်မာအဖွဲ့အစည်းတွေ ပြင်ဖို့ လိုအပ်နေတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။

၃။ အဲဒီလုပ်ရပ်ဟာ ကိုယ့်အဆင့်အတန်းကို ဖော်ပြလိုက်တာပါ။ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက်နိမ့်တဲ့သူတွေအပေါ် သူ ဘယ်လိုဆက်ဆံသလဲ ဆိုတာကို ကြည့်ရပါတယ်။ လူတွေဟာ ကိုယ့်အထက်အရာရှိ ရှေ့မှာတော့ ပြုံးရွှင်ချိုသာနေကြတတ်တယ်။ ဒါကို ကြည့်ပြီး ဒီလူ သိပ်ယဉ်ကျေးတာပဲ၊ သိပ်အဆင့်အတန်းရှိတာပဲ သတ်မှတ်လို့ မရပါဘူး။ အဲဒီမျက်နှာဖုံးတွေဟာ ကိုယ့်ထက် နိမ့်ပါးတဲ့သူရှေ့ကို ရောက်တဲ့အခါမှာတော့ ကွာကျကုန်ပါတယ်။ ကိုယ့်ထက် ရာထူးအားဖြင့်၊ လုပ်ပိုင်ခွင့်အားဖြင့်၊ ၀င်ငွေအားဖြင့် နိမ့်နေတဲ့သူတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာကမှ သူ့အဆင့်အတန်းကို ဖော်ပြနေတာပါ။ ကိုယ့်ကို ဘာမှပြန်ခံမပြောနိုင်တဲ့သူကို ပြစ်တင်မာန်မဲနေတာဟာ တကယ်တော့ ကြည့်လို့လည်း မကောင်းသလို၊ ဂုဏ်ယူစရာလည်း မကောင်းပါဘူး။

၄။ အဲဒီလုပ်ရပ်ဟာ ကိုယ့်တက်လမ်းကို ကိုယ်ပိတ်ပစ်လိုက်တာပါ။ လူဟာ ပညာတစ်ခုတည်း တော်နေလို့မရပါဘူး။ ပညာရှင်အနေနဲ့တော့ အမည်ခံလို့ ရပေမဲ့ ဘ၀မှာ အောင်မြင်တဲ့သူတစ်ယောက်တော့ ဖြစ်လာဖို့ မလွယ်ပါဘူး။ ဒီနေ့ခေတ်မှာ IQ ထက် EQ ကို ပိုဇောင်းပေးပြောလာကြပါပြီ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း၊ စိတ်ဓါတ်တက်ကြွမှု၊ လူမှုဆက်ဆံရေး၊ ကိုယ်ချင်းစာတရား၊ ဒါတွေ ဘယ်လောက်အားကောင်းသလဲ ဆိုတဲ့အပေါ် မူတည်ပြီး အောင်မြင်သူလား ရှုံးနိမ့်သူလားဆိုတာ အဖြေထွက်လာတာပါ။ ဒါကြောင့် လုပ်ငန်းခွင်မှာ မိမိရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘူး၊ လူမှုဆက်ဆံရေး ညံ့ဖျင်းမယ်၊ ကိုယ်ချင်းစာစိတ် မထားဘဲ အလုပ်လုပ်မယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း မဆန်းစစ်မိဘဲ ဆက်ကာဆက်ကာ လုပ်နေမယ်ဆိုရင်တော့ အဲဒါဟာ ကိုယ့်တက်လမ်း ကိုယ်ပိတ်ပစ်တာနဲ့ အတူတူပါပဲ။

၅။ အဲဒီလုပ်ရပ်ဟာ ကိုယ်အမြင်ကျဉ်းတာကို သွယ်ဝိုက်သောနည်းနဲ့ ၀န်ခံလိုက်တာပါ။ ဒီနိုင်ငံထဲက ဒီအဖွဲ့အစည်း၊ ဒီလောက သေးသေးလေးထဲမှာ ကိုယ်က အကောင်ကြီး ဖြစ်နေဦးတော့၊ ကမ္ဘာနဲ့ယှဉ်လိုက်ရင် ကိုယ်လည်း ဘာမှမဟုတ်တော့ပါဘူး။ ရထားတဲ့ နေရာလေးတစ်ခုအတွက် မာန်မာနတွေ ထောင်လွှားပြီး အာဏာပါဝါ ပြနေမဲ့အစား ကိုယ့် career မှာ မြင့်သထက် မြင့်လာအောင် အပေါ် ထပ်တက်နိုင်ဖို့အတွက် ကြိုးစားကြမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။

၆။ အဲဒီလုပ်ရပ်ဟာ တချိန် ကိုယ့်ဆီ ပြန်ရောက်လာမှာ ဖြစ်ပါတယ်ဗုဒ္ဓဘာသာ၀င်တွေဟာ ကံကံ၏အကျိုးကို ယုံကြည်ကြပါတယ်။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာပါလိမ့်မယ်။ ကိုယ့်ကြောင့် လူတစ်ဖက်သား အပြစ်တစ်စုံတစ်ရာ မလုပ်ဘဲ မျက်ရည်ကျနေရမယ်၊ စိတ်ဆင်းရဲနေရမယ်၊ နောက်ဆုံး ဆက်မလုပ်နိုင်တော့လို့ အလုပ်ပါ ထွက်သွားရတယ်ဆိုရင် တစ်နေ့ ကိုယ်တိုင်လည်း အဲဒီလိုမျိုး မလွဲမသွေ ပြန်ကြုံတွေ့ရမှာပါ။ ဆင်ခြင်နိုင်ကြဖို့ လိုပါတယ်။

လေးစားမှု့ဆိုတာ တမင်လုပ်ယူလို့ မရပါ အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

openmoreonline

Related Posts