တိုင်းပြည့်ရန်သူ (အပိုင်း - ၁)

တိုင်းပြည့်ရန်သူ (အပိုင်း – ၁)

တိုင်းပြည့်ရန်သူ (အပိုင်း – ၁) ~~~~
ငဘက ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု ယူဆလိုက်သည်။ ဖောက်ပြန်၍ ဖြစ်ရသည်ဆိုလျှင် မိနီ၏အဆိုးပေါ့၊ အားနည်းသူကို အားကြီးသူက ဖိစီးသည့်အတွက် အားနည်းသူကို အပြစ်ဖို့လျှင် အားနည်းသူမို့ ခံရရုံတော့မပေါ့။

တစ်သက်လုံး ရှက်ရာပါ ဝန်ထုပ်ဝန်ပိုးကြီးကို ငှက်ပျောတောထဲ၌ မြှုပ်နှံသင်္ဂြိုဟ်လိုက်သည့်အတွက်လည်း ငဘက ဘာမျှမပြောလို၊ ရပ်ရွာက ရိုးရိုးပျက်ကျသည်ဟု အယူရှိလျှင် တော်ပြီ။ သို့မဟုတ်လျှင် အရပ်က အတင်းပြောသည်နှင့် မိနီကလေး ရှက်နေဦးမည်။ မိဖော့ မျက်နှာပူနေဦးမည်။ သူ့အတွက်ကတော့ မရှက်တော့ပါ။ ဆင်နင်းသရက်များလို ဆင်က နင်းထားသောကြောင့် ပြားနေပြီဖြစ်၍ ရှက်စရာအစေ့ မရှိတော့ပါ။

တစ်ခုတော့ ဝမ်းနည်းမိသည်။ ချက်ကြီးက မိနီကို စိတ်ပျက်ပြီး ထွက်သွားသည်မှာ ဘာသတင်းမျှ မကြားရတော့ပြီ။ သူတို့လူငယ်အချင်းချင်း အချစ်ကြီး အမျက်ကြီး ဖြစ်ရသည့်အတွက် မိနီကလေးမှာ အိမ်ထောင်ပြုချင်မှ ပြုတော့မည်။ သည်လိုဆိုလျှင် ကူဖော်လောင်ဖက် သားသမီး ကြီးကြီးမားမား မရှိနိုင်တော့ပြီ။ မိနီအောက် သားယောက်ျားတွေ အရွယ်ရောက်အောင် စောင့်ရချေတော့မည်။

သည်ဟာတွေကို တွေးနေလျှင် စိတ်မောရုံပင် ရှိမည်။ ငဘက သူခဏခဏ ပြောလေ့ရှိသော လယ်သမားဟာ လယ်လုပ်မှ စားရမှာပဲ၊ ကိုယ် မလုပ်နိုင်လျှင် ဘယ်သူက လာကျွေးနိုင်မည် မဟုတ်ဟူသော ဝါဒအရ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကုပ်ကုပ်ကလေး နေလိုက်ချင်သည်။ ထို့ပြင် ယခုတလော လွတ်လပ်ပြီ-လွတ်လပ်ပြီ ပြောပြောပြီး ချွေးတပ်ကလည်း အလွန်ဆွဲသည်။ လွတ်လပ်သော လောကထဲမှာ စကားတောင် လေသံနှင့် မပြောနိုင်တော့ပြီ။ ရဲအဖွဲ့ ကြောက်ရ၊ ဝန်ထမ်းကြောက်ရ၊ ကျေးရွာခေါင်းဆောင် ကြောက်ရ၊ ဂျပန်ကြောက်ရနှင့် တကြောက်ထဲ ကြောက်နေရသည်မှာ လက်စွပ်ကွင်းပြီး ဝတ်ရသည့် ကျောက်မျိုးဆိုလျှင် ဂျပန်တွေ လိုချင်သောတိုင်းပြည်ကို မေတ္တာသိလိုက်ပြီး ဝယ်ပေးချင်ပါရဲ့၊ ဒါမှ သည်စစ်ကြီး ဆုံးခန်းတိုင် ရောက်မည်။

ထို့ကြောင့် ဦးသာဂေါင်ကြီးဆီ အကျိုးသင့် အကြောင်းသင့် ပြောပြီး၊ ငဘ လယ်ကွင်းထဲ ဆင်း၍ ကိုယ့်ဇာတ်ကို ကိုယ်မြှုပ်နေလိုက်သည်။

ဤနေရာ၌ ငဘအကြောင်း ဆုံးခန်းတိုင် ရောက်ပါဘိမူ၊ ငဘသည် နတ်ပြည်တက်ပြီး ဘုရားပွဲ လှည့်ရသလို အပျော်ကြီး ပျော်မိပေသည်၊ အကယ်စင်စစ် သူ့ဇာတ်လမ်းရှည်ကြီး ပြီးဆုံးပါလေစ။

သြော်….မပြီးသေး။

ငဘ လယ်ကွင်းထဲမှာ နွားနှင့်အတူ ရုန်း၍ ပုစွန်လုံး၊ ဂဏန်းကျစ်စာတို့နှင့် မိတ်ဆွေဖွဲ့ပြီး ဗွက်ထဲ လဟာပြင်ထဲမှာ စိတ်အေးလက်အေး နေစဉ် လွတ်လပ်ရေး အောင်ပွဲနေ့ကြီး ရက်ကြီးများ၌ မကြုံဖူးအောင် အလျော်အစားများသော ဖဲဝိုင်းကြီးများ၊ ကြက်ဝိုင်းကြီးများ ဖြစ်ပွားသည်မှာ နှစ်ခါရှိသွားပြီ။ ထို နှစ်-နှစ်အတွင်း ရှိစုမဲ့စု အဝတ်အစားတို့ကို ဓားပြများနှင့် သာတူညီမျှ စနစ်အရ ခွဲဝေဝတ်ရလေသောကြောင့် ချည်ကြမ်း နံငယ်ပိုင်းကို ခါးမှ မချရတော့ပြီ။ မိဖော့နှင့် မိနီတို့မှာ ထဘီရင်ရှားနှင့်သာ နေခဲ့ရလေပြီ။ ကျန် ပုစုခရုတို့ကိုမူ ရွှံ့ညွံများဖြင့်သာ တန်ဆာဆင်ခဲ့ရလေသည်။

သို့သော် ငဘမှာ စိတ်မပျက်။ နှစ်စဉ်နှစ်တိုင်း လယ်ကိုသာ မဲပြီး လုပ်သည့်အတွက် ဝမ်းစာလောက်တော့ စားရပါသည်။ ခေတ်ပျက်ကြီးထဲမှာ မှန်မှန်စားရလျှင် မောင်ကံကောင်း ဟု ဆိုပြီး လက်ခမောင်းများပင်လျှင် ထ၍ ခတ်နိုင်သည်။

ယခု ၁၃၀၆-၁၃၀၇ ခုနှစ်အတွက် လယ်များ ရိတ်သိမ်းပြီးပြီ။ တန်ဆောင်မုန်း၊ နတ်တော် ကောက်လှော်စားပြီး၍ ပြာသို၊ တပို့တွဲတွင် ထမနဲများပင် ထိုးခဲ့ရလေပြီ။

ထိုလများ၌ အေးချမ်းဘိခြင်း၊ သာယာဘိခြင်း၊ ကမ္ဘာကြီး အေးချမ်းမည့် နိမိတ်လေလား မပြောတတ်။ လေတောင်မှ ငြိမ်ချက်သားကောင်းလှသည်။ လေငြိမ်လွန်း၍ စပါးအလှေ့ရတောင်မှ တစ်ရက်နှင့် ပြီးဖို့ သုံးလေးရက် ကြာသည်။

လေငြိမ်လွန်းတော့လည်း လေပွေထတတ်သည်။

လွတ်လပ်သော အချုပ်အခြာ ဤအာဏာပိုင် ဗမာနိုင်ငံတော်ကြီးလည်း တုပ်တုပ်မျှ မလှုပ်တော့ပါကလား။ စစ်သတင်းကလေးတောင်မှ နားစွန်နားဖျား မကြားရ။ မဟာမိတ် နိပွန်တွေ အိန္ဒိယဆိုတဲ့ ကုလားပြည်ထဲမှာ ကုလား လယ်သမားတွေကို လက်သည်းခွံခွာပြီး၊ ချွေးတပ်ဆွဲနေပြီလား။ ဂျပန်တွေကတော့ ဒီနှစ် စစ်ကြီးပြီးအောင် တိုက်မည်ဆိုသည်။ မြန်မြန်ပြီး မြန်မြန်အေးမှာပဲ။ ယခုလို မတင်မကျနှင့် နေရသည်မှာ ဘာလိုလို ရှိသည်။

တပေါင်းလလည်း ကပ်၍လာပြီ။ သည်လမို့ ရောက်လာလျှင် တယ်ပြီး ပူပါကလား ပြက္ခဒိန်က ဆယ့်နှစ်လထဲမှာ သည်လကို ကျော်သွား၍ မရပေဘူးလား။

ငဘသည် ရွာနှင့် အဆက်ဝေးနေသည် ဆိုသော်လည်း ပင်လယ်ကမ်းရိုးတန်းနှင့် နီးနေသောကြောင့် ပင်လယ်ကမ်းရိုးတန်း ကာကွယ်ရေးနှင့် ပက်သက်သော လက်ရုံးတပ်သမားများနှင့်မူ အဆက်မကင်းပေ။ သူ ကိုယ်တိုင်ကမူ၊ ဂျပန်ဆိုလျှင် အလိုလို လန့်၍ နေသောကြောင့်၊ ကမ်းရိုးတန်းတပ်စခန်းသို့ ဝေးဝေးက ရှောင်ကြဉ်နေရသည်။ တစ်နေ့ကသော် သူ၏ တပည့်တပန်းတို့ လက်ရုံးတပ်မှ ပြန်လာသည်နှင့် တွေ့၍ သတင်းများ ရလိုက်မိသည်။ စစ်သတင်းများကို ‘မကြားရကြလေပြီ၊ လေးလရာသီ’ ဟုပင် ဆိုရငြားသော်လည်း၊ ကြားမည့် ကြားရပြန်သော်၊ သူ့အထင်နှင့် ကွာခြားလှသည်။ တပေါင်းလခါတော်မီ ဆူဆူပူပူ ဖြစ်ဦးမည်ဆိုပါကလား။ ဂျပန်တွေ ကုလားပြည် သိမ်းတော့မလိုလိုနှင့် ယခု အင်္ဂလိပ်၊ အမေရိကန်များ ပြန်လာတော့မည်တဲ့။ ဗမာ့တပ်မတော်ကလဲ ဂျပန်ကို ခံချနေပြီဆို။ တောသားဆိုတော့ ဘယ်သင်းဘယ်ဟာ ယုံရမှန်းလဲ မသိပါဘူး။

ဂျပန်ကိုခံချဖို့ ငဘ သဘောတူသည်။ ခံချသည့်အထဲ သူ ပါလိုက်ချင်သည်။ သို့သော် တောသားငမွဲက ဘာများတတ်နိုင်မှာတုံး။ ကိုယ့်လယ်ကွင်းမှာ ကိုယ် အေးဆေးနေတာပဲ ကောင်းမည်။ တပေါင်းလဆိုတော့ သွေးဆူတုန်းလမို့လို့ ခဏပန်း ဆူဆူပူပူ ဖြစ်တာပါပဲ။ ပြီးလျှင် ပြီးသွားမှာပဲ။ အဲသည်ဓမ္မတာကတော့ ငါတို့ ဗမာ့ထုံးစံပဲ။

ငဘ အေးဆေး နေချင်သည် ဆိုပေသည့် ယခုခေတ်ကြီးက အေးအေးမနေရသော ခေတ်ဖြစ်နေပြီ။ ကိုယ့်လယ်ထဲမှာ ကိုယ့်တဲနှင့်ကိုယ် နေပါလျက်ကယ်နှင့် အကြောင်းဆုံလာပြန်တော့လည်း ဧည့်သည်တစ်ယောက် တိုးလာရသေးသည်။

ထို ဧည့်သည်မှာ လက်မခံဘဲ နေကောင်းသော ဧည့်သည်မဟုတ်။ ငဘ အကျဉ်းခံရစဉ်က အကူအညီ အများဆုံးပေးသော သူဖြစ်သည်။ သူ အရင်က ရဲအဖွဲ့မှာ ရဲသားဖြစ်သည်။ ယခုတော့ ခရိုင်ရဲ ဗိုလ်မှူးနှင့် မတည့်၍ အလုပ်က ခွင့်ယူလာတာလို့ ပြောတာပဲ။ တောမှာမှ ဘာကြောင့် လာခိုတယ်ဆိုတာကိုမူ ငဘ မမေးမိ။ ယုံကြည်မိတဲ့နောက် မေးစရာလဲ မလိုဟု သဘောထားပြီး ဧည့်သည် သခင်မျိုးညွှန့်ကို လက်ခံသည်။

သခင်မျိုးညွှန့်က ငဘအား ဂျပန်များ မည်သို့ နှိပ်စက်ပုံကို သိချင်၍ လည်းကောင်း၊ အသက်ဆံဖျား ထိတ်စရာ ကောင်းသောကြောင့် လည်းကောင်း ခဏခဏ မေးသည်။ ဂျပန်ခေတ်မှာ ကျေနပ်ရဲ့လား စိတ်ချမ်းသာရဲ့လား ဟုလည်း ခဏခဏ စကားစပ်တိုင်း တောက်ကြည့်သည်။ ငဘက ရိုးရိုးပင် မကျေနပ်သည်ကို မကျေနပ် ဟု ပြောသည်။

“ကိုငဘကြီးက သိပ်ရိုးတာကိုး၊ မကျေနပ်ပေမယ့် မကျေနပ်ဘူးလို့ တိုက်ရိုက်မပြောရဘူးဗျ၊ တကယ်လို့ ကျုပ်က ဂျပန်သူလျှို ဖြစ်နေရင် ခင်ဗျားတော့ ဂျပန်အဖမ်းခံရဦးမှာပဲ”

“ဒါတော့ မောင့်ကို ယုံလို့ ပြောတာလဲ”

“ကျုပ်လိုလူမျိုးကို ဘယ့်နှယ့်ကြောင့် ယုံရတာလဲ၊ ကျွန်တော်တို့ဟာ ကိုငဘတို့ တွေ့ဖူး ကြားဖူး မြင်ဖူးတဲ့ ဗဟုသုတမျိုးနဲ့ ကင်းမဲ့တဲ့ လူငယ်တစ်စုပဲ။ လူငယ်ဆိုတာ ရှေ့နောက် တိုင်းထွာနေတာ မဟုတ်ဘူး။ စိတ်ထဲမှာ မတရားတာ တွေ့လို့ မခံချင်ရင် ထလုပ်တတ်ဖို့လောက်ပဲ သိတယ်။ မှားသော မှန်သော နားမလည်ဘူး။ ဒါ တိုင်းပြည်ကောင်းမယ်ထင်ရင် လုပ်လိုက်တာပဲ၊ ဒီလိုလူမျိုးကို ကြောက်ဖို့ကောင်းတယ်လို့များ ကိုငဘ မတွေးမိဘူးလား၊ လူကြီးသဘောလို ရှေ့နောက် ဆင်ခြင်တတ်ရင် ကျွန်တော်တို့လို လူငယ်တွေကို ဘယ်နှယ့် ယုံကြည်ရမှာလဲ”

“ကျုပ်တော့ မောင့်လို အကျိုးရယ် အကြောင်းရယ် ဖွဲ့နွဲ့မပြောတတ်ဘူး၊ ကျုပ်တို့တောသားအမြင်နဲ့ ပြောရရင် လူငယ်ဆိုတာ အတွယ်အတာ သံယောဇဉ် မငြိသေးတဲ့ လူတစ်မျိုးပဲ၊ ဒီတော့ သံယောဇဉ် ခင်တွယ်ပြီး တစ်ကိုယ်ကောင်းကြံတဲ့ သဘောနဲ့ လူကြီးများလို မညစ်ပတ်တတ်သေးဘူး၊ မှန်တာ ဖြောင့်တာလောက်ပဲ လုပ်တတ်သေးတယ်၊ ဒါကြောင့် ယုံကြည်တာပဲ”

“အင်း-ခင်ဗျားတို့တောသားဆိုတာ လူမှန်ရင် ကိုယ့်လို သဘောဖြူအူစင်းချည်းပဲလို့ သဘောထားတာပဲ၊ ဒါကြောင့် အနှပ်ခံရတာ၊ ကျုပ်မို့လို့ပဲဗျို့၊ ဒီပြင်လူနဲ့ဆိုရင် ဒုက္ခပဲ”

“အဲဒီလို သဘောရိုးနဲ့ ဟောဟောဒိုင်းဒိုင်းကြီး ပြောလို့မှ မရရင်လဲ ဝဋ်ကျွတ်ပြီပေါ့ သခင်မျိုးညွှန့်ရယ်”

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts