ဦးနှောက်အကြောင်း နည်းနည်းပြောရ‌အောင်

ဦးနှောက်အကြောင်း နည်းနည်းပြောရအောင်

ဦးနှောက်အကြောင်း နည်းနည်းပြောရအောင် – လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ လူတစ်ယောက်ရဲ့အတွေးတွေနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ ဘဝရဲ့ပြဿနာ တော်တော်များများဟာ သင့်ရဲ့အတွေးထဲမှာပဲ နေထိုင်ကြတာ ဖြစ်ပါတယ်။ သင်က သင့်ရဲ့အတွေးထဲမှာ ပြဿနာတွေကို အိမ်ဆောက်နေထိုင်ခိုင်းထားရင်တော့ သင့်ဦးနှောက်က စိတ်ညစ်စရာတွေနဲ့ ရှုပ်ပွနေပါ လိမ့်မယ်။ ဒီတော့ အတွေးတွေကို ဂရုစိုက်ဖို့ လိုပြီပေါ့ ။ ဒါဆိုရင် အတွေးတွေနေတဲ့နေရာကို သင် သိဖို့ လိုလာပါတယ်။ အတွေးတွေဆိုတာ တကယ်တော့ သင့်ဦးနှောက်ထဲမှာ တည်ရှိနေတာပါ။ အခု ဒီအခန်းလေးမှာတော့ သင့်ပျော်ရွှင်မှုတွေရဲ့ အရှင်သခင်ကြီးဖြစ်တဲ့ သင့်ဦးနှောက်အကြောင်းကို ကျွန်တော် နည်းနည်းပြောပြသွားမှာ ဖြစ်ပါတယ်။ မပြောခင်မှာ ဝန်ခံချင်တာတစ်ခုက အခုပြောမယ့် အချက်အလက်အချို့ဟာ နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်တဲ့ “Just Listen” ဆိုတဲ့စာအုပ်ထဲက ဖြစ်တယ်ဆိုတာပါပဲ။ အရမ်းကောင်းလွန်းတဲ့ အကြောင်းအရာတွေဖြစ်တာကြောင့် စာဖတ်သူတွေကို ပြန်လည်ဝေမျှလိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် ဖတ်ဖူးတဲ့ အခြားအကြောင်းအရာတွေပါ ရောနှောပြီး ပြန်လည်ဝေမျှပေးထားပါတယ်။ သင့်ဦးနှောက်အကြောင်း သိပြီးရင် သင့်ဘဝထဲ ပြသာနာတွေ ဘယ်နေရာက ဝင်လာသလဲဆိုတာ သဘောပေါက် သွားပါလိမ့်မယ်။ အဲ့လိုသိသွားရင် နောက်မဖြစ်အောင်လည်း သင် တားဆီးနိုင်ပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့ ယခုထက် ပျော်ရွှင်တဲ့ဘဝလေးကို သင် ပိုင်ဆိုင်လာမယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ်။

လူတစ်ယောက်မှာ ဦးနှောက် ဘယ်နှခု ရှိလဲ

သင့်မှာ ဦးနှောက် ဘယ်နှခုရှိတယ်လို့ သင် ထင်ပါသလဲ။ ကျွန်တော်ကတော့ Just Listen ဆိုတဲ့ စာအုပ်မဖတ်ခင်အချိန်အထိ ဦးနှောက်ဆိုတာ တစ်ခုတည်းလို့ ထင်ခဲ့မိပါတယ်။ တကယ်တော့ ကျွန်တော်တို့ဦးနှောက်မှာ အပိုင်း(၃)ခု သို့မဟုတ် ဦးနှောက်ငယ်(၃) ခု ပါဝင်ပါတယ်။ ဒီအကြောင်းကို ၁၉၅၂ ခုနှစ်မှာ Paul D.MacLean ဆိုတဲ့ ပညာရှင်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ တွေ့ရှိခဲ့တဲ့သီအိုရီရဲ့နာမည်ကတော့ Triune Brain ဆိုတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ စာဖတ်သူတွေ စိတ်ညစ်သွားအောင် အရှည်ကြီး ရှင်းပြသွား မှာ မဟုတ်ပါဘူး။ အရေးကြီးတာလေးတွေပဲ ပြောသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဦးနှောက်ဟာ ၃ ပိုင်းရှိတယ်ဆိုပေမယ့် ထူးခြားတာတစ်ခုက ဒီ ၃ ပိုင်းဟာ တစ်ခုနဲ့တစ်ခု သိပ်ပြီး မရိုင်းပင်းကြပါဘူး။ အတူတကွ စဉ်းစားတာမျိုး ရှားပါတယ်။ များသောအားဖြင့် သူတို့က အချင်းချင်း ရန်ဖြစ်နေကြတာ များပါတယ်။

ပထမတစ်ခုက Reptilian(stem)Brain ဖြစ်ပါတယ်။ သူက‌တော့ လူတွေ သိပ်တွေးစရာမလိုဘဲ သူ့ဘာသာသူ တာဝန်ထမ်းဆောင်နေတဲ့ ဦးနှောက်ဖြစ်ပါတယ်။ သူဟာ လူသားတွေဖြစ်တည်တည်းက ရှိခဲ့တဲ့အပိုင်း ဖြစ်ပါတယ်။ ဥပမာ သင့်လက်နဲ့ မီးထိသွားရင် သင့်လက်က ဘာဖြစ်သွားမလဲ။ နောက်ကို တွန့်သွားမှာပါ။ အဲဒီ အတွက် သင် စဉ်းစားသေးလား၊ စဉ်းစားချိန် ယူလိုက်သေးလားဆိုတော့ မယူခဲ့ပါဘူး။ ဦးနှောက်က သူ့ဘာသာ အလိုအလျောက် အလုပ်လုပ်သွားတာပါ။ ဒီအပိုင်းက တစ်ခါတလေ သင့်ကို ကြောင်အမ်းအမ်းလည်း ဖြစ်အောင် လုပ်တတ်ပါတယ်။ ဥပမာ သင့်ဆီကို ဘောလုံးတစ်လုံး လေထဲမှာ ပျံဝဲလာတာတွေ့ပေမယ့် သင် ရှောင်ဖို့ မေ့နေလို့ ဘောလုံးမှန်သွားတာမျိုးပေါ့။ တိရစ္ဆာန်တွေမှာဆိုရင်တော့ ကားမီးရောင်ရှေ့မှာ ကြောင်ပြီး ရပ်နေတဲ့သမင်လိုမျိုးပေါ့။ ဒီဦးနှောက်ကို ကျွန်တော်က နောက်ပိုင်းမှာ Auto Brain လို့ပဲ အလွယ်ခေါ်သွားပါ့မယ်။ ကျွန်တော့ဘာသာ စာဖတ်သူမှတ်မိအောင် အလွယ်ပေးထားတဲ့နာမည် ဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ Mammalian(limbic)Brain ဖြစ်ပါတယ်။ သူကတော့ သင့်ရဲ့စိတ်ခံစားမှုတွေကို ကြိုး ကိုင်သူပါ။ ဦးနှောက်ရဲ့ဘုရင်မကြီးဖြစ်ဖို့ တစ်ခါတလေ ကြိုးစားတတ်ပါတယ်။ သူ့ကိုတော့ Drama Queen လို့ပဲ အလွယ်ခေါ်ကြရအောင်။ ကိုယ့်ကို မချစ်တဲ့ လူတစ်ယောက်ကို တစ်ဖက်သတ်ကြိုက်တာ၊ ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်နေသူကို မေ့မရတာ၊ မလုပ်သင့်မှန်းသိလျက်နဲ့လုပ်မိတာ၊ အချစ်၊ အမုန်း၊ ဒေါသ၊ ပျော်ရွှင်မှု၊ စိတ်ညစ်မှု စတဲ့ စိတ်ခံစားချက်အားလုံး ဖြစ်ပေါ်စေတာ Drama Queen ရဲ့လက်ချက်ပါ။ သူ့ကိုဦးစားပေးလိုက်လို့ကတော့ အမြဲခံစားနေရမှာ ဖြစ်ပါတယ်။ ခဏခဏ အသည်းကွဲပြီး အမြဲခံစားနေတဲ့သူတွေ၊ ကိုယ့်ကို လုံးဝမချစ်တဲ့သူနောက်ကို တကောက်ကောက်လိုက်ပြီး အမြဲအနစ်နာခံကာ အကောင်းမြင်ပေးနေသူတွေ၊ မြင်ရတာတွေကို ဥပေက္ခာပြုပြီး စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် ညာနေသူတွေဟာ ဒီအစိတ်အပိုင်းရဲ့ လွှမ်းမိုးမှုခံနေရသူတွေ ဖြစ်ပါတယ်။ ဒီအပိုင်းဟာ သင့်ရဲ့ပျော်ရွှင်မှုအတွက် အရမ်းကို အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အပြင်လောကမှာတော့ သူ့ကို “နှလုံးသား”လို့ လူတွေက ခေါ်ဝေါ်တတ်ကြပါတယ်။

တတိယတစ်ခုကတော့ Human(neocortex) Brain ဖြစ်ပါတယ်။ သူကတော့ ဆရာကြီးပေါ့။ သူက အချက်ကျကျ တွေးတတ်တဲ့အပိုင်း ဖြစ်ပါတယ်။ သူ့ကို Logic King လို့ တင်စားခေါ်ရအောင်။ သူက Auto Brainနဲ့ Drama Queen ဆီက အချက်အလက်တွေကို စုစည်းတယ်။ သုံးသပ်တယ်။ ပြီးတဲ့အချိန်မှာတော့ ယုတ္တိအရှိဆုံး ကျိုးကြောင်းဆီလျော်ဆုံးအဖြေတစ်ခုကို ထုတ်ပေးပါတယ်။

ဒီ Logic King ဆိုတဲ့ ဦးနှောက်ကြောင့်ပဲ ကျွန်တော်တို့ လူသားတွေဟာ တိရစ္ဆာန်တွေထက် ပိုပြီးဉာဏ်စွမ်း သာလွန်နေကြတာ ဖြစ်ပါတယ်။ ဒီဦးနှောက်ကြောင့်ပဲ ကျွန်တော်တို့ဟာ ကျောက်ခေတ်ကနေ ဒီခေတ်လို တိုးတက်တဲ့ခေတ်ကို ရောက်လာကြတာဖြစ်ပါတယ်။ Star Trek ရုပ်ရှင်တွေ ကြည့်ဖူးသူဆိုရင်တော့ Spock လို စဉ်းစားခြင်းပေါ့။ ရှားလော့ဟုမ်းဇာတ်လမ်းတွေ ကြည့်ဖူးသူ၊ ဖတ်ဖူးသူဆိုရင်တော့ ရှားလော့ဟုမ်းလို စဉ်းစားခြင်းပေါ့။ မြန်မာတွေနဲ့ အနီးစပ်ဆုံးဆိုရင်တော့ စုံထောက်ကြီး ဦးစံရှား၊ ဆားပုလင်းနှင်းမောင် စတဲ့သူတွေရဲ့ စဉ်းစားပုံမျိုးပါ။ ခံစားမှုကို ဦးစားမပေးဘဲ အချက်အလက်နဲ့ ယုတ္တိကျကျစဉ်းစားဖို့ကို ဒီအပိုင်းက တာဝန်ယူပါတယ်။

အခုတော့ ဦးနှောက် ၃ ပိုင်းအကြောင်း သင် သိသင့်သလောက် သိသွားပါပြီ။ ဒါတွေ ဘာလို့ ကျွန်တော်ရှင်းပြနေရတာလဲဆိုတော့ သင့်ပျော်ရွှင်မှုအတွက် အရမ်းအရေးကြီးလို့ပါ။ ကျွန်တော်တို့ ဒေါသထွက်တာပဲဖြစ်ဖြစ်၊ အရမ်းဝမ်းနည်းသွားတာပဲဖြစ်ဖြစ်၊ စိတ်အနှောင့်အယှက်ဖြစ်သွားတာပဲဖြစ်ဖြစ် အဲဒီလိုအချိန်မျိုးမှာ သင့်ရဲ့ဦးနှောက်ကို Auto Brain နဲ့ Drama Queen က ထိန်းချုပ်သွားပြီး Logic King ကို နန်းချလိုက်ပါလေရော။ အဲဒီအချိန်မှာ ကျွန်တော်တို့ အမှားတွေ စလုပ်တော့တာပဲ။ ဥပမာအနေနဲ့ ၉၀/၁၀ နိယာမ ဆိုတဲ့ အခန်းထဲက ဥပမာကို ပြန်ကြည့်ရအောင်။ သင့်သမီးလေးက မတော်တဆ ကော်ဖီခွက်ကို တိုက်မိပြီး သင့်အပေါ် ကော်ဖီတွေ မှောက်ကျကုန်တယ်။ သင် ဒေါသထွက်သွားတယ်။ အဲဒီမှာ Auto Brain နဲ့ Drama Queen က သင့်ကို ထိန်းချုပ်သွားပါလေရော။

သမီးလေးကို ဆူရာကနေ တစ်နေကုန် မဖြစ်သင့်တာတွေ ဖြစ်တော့တာပဲ။ အဲဒီလိုအချိန်မျိုးမှာ Logic King ကြီးရဲ့ အကုအညီကို သင် ရယူရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက မြန်လွန်းတေ့ Logic King ကြီး နန်းကျသွားတာကို သင် မသိလိုက်ဘူး။ Drama Queen ခိုင်းသမျှ လျှောက်လုပ်တော့တာပဲ။ အမှားတွေလဲ တန်းစီမှားတော့တာပဲ။ ပျော်ရွှင်ဖို့ဆိုရင် Logic King ကြီးကို နေရာမပျောက်အောင် အလေ့အကျင့် လုပ်ယူရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ အမှိုက်ထုပ်သီအိုရီ အခန်းက ဥပမာကို ပြန်ဖတ်ကြည့်ပါ။ တက္ကစီဆရာ Logic King ကို ဘယ်လိုအသုံးချသွားလဲ လေ့လာကြည့်ပါ။ တက္ကစီဆရာက ဘယ်လိုလုပ်ရင် သူ စိတ်ချမ်းသာမယ်၊ ဘယ်လိုလုပ်ရင် သူ စိတ်ဆင်းရဲမယ်ဆိုတာကို ကောင်းကောင်း တွေးခေါ်ထားသူဖြစ်ပါတယ်။ သူ့ရှေ့က တရကြမ်းမောင်းသွားတဲ့ ကားကို လိုက်ဆဲလို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာကို သူ ကောင်းကောင်းကြီး သိပါတယ်။ သာမန်လူဆို ဘယ်လိုဖြစ်မလဲ သင် စဉ်းစားကြည့်ပါ။ အဲဒီအချိန်မှာ Auto Brainနဲ့ Drama Queen တို့ စိုးမိုးသွားရင် ဘာတွေဖြစ်လာနိုင်မလဲ ပြန်စဉ်းစားကြည့်ပါ။

Amygdala Hijack သို့မဟုတ် Logic King နန်းကျခြင်း

Amygdala ဆိုတာ ဦးနှောက်ထဲက အပိုင်းသေးသေးလေး တစ်ခုဖြစ်ပါတယ်။ သင် ကြောက်လန့်တဲ့အချိန်၊ အစိုးရိမ်လွန်တဲ့အချိန်တွေမှာ Amygdala က စတင်ပြီး သက်ဝင်လှုပ်ရှားလာလေ့ ရှိပါတယ်။ ဥပမာ သင်က ညဘက် နောက်ကျမှ အိမ်ကို ပြန်လာတယ်။ သင့်နောက်က တစ်စုံတစ်ယောက် လိုက်လာသလို ခံစားလာရတယ်။ အဲ့လိုအချိန်မျိုးမှာ Amygdala က စပြီး အသက်ဝင်လာပါတယ်။

သင့်ရဲ့ Logic King ကြီးကလည်း အဲဒီအချိန်မှာ နိုးလာပါတယ်။ သင့်ရဲ့ Logic King က သင့်နောက်က အသံကို ဘာအသံလဲဆိုတာ သိဖို့ ဆန်းစစ်ချင်တယ်။ ဒါပေမဲ့ တစ်ခါတလေ အချိန်က သိပ်မရဘူး။ အဲဒီအချိန်မှာ သင်က အရမ်းကြောက်လာတယ်။ အဲ့ဒီလို ကြောက်လာတဲ့အချိန်မှာ သင့်ရဲ့ဦးနှောက်ထဲက Amygdala ဟာ Logic King ကို စတင်မောင်းထုတ်ပါတော့တယ်။ Logic King ကြီးနဲ့ အခြား Brain နှစ်ခုကြားထဲက တံခါးကို ပိတ်လိုက်ပါတယ်။ ဒီအချိန်မှာတော့ Auto Brain နဲ့ Drama Queen က သင့်ကို စတင်ထိန်းချုပ်ပါတော့တယ်။ နောက်က ဘာသံမှန်း မသိဘဲ စွတ်ပြေးပါတော့တယ်။ လေတိုက်တဲ့အသံလည်း ဖြစ်ကောင်းဖြစ်နိုင်ပေ မယ့် လှည့်တောင်မကြည့်ဘဲ ပြေးရာကနေ ချော်လဲ၊ ခွေးတွေက လိုက်၊ အိမ်ရှေ့ရောက်တော့ တံခါးက ဖွင့်မရ၊ ပုံမှန် ၃ စက္ကန့်အတွင်း ဖွင့်လို့ရတဲ့ သော့ခလောက်က လက်တွေ တုန်နေပြီး တော််တော်နဲ့ဖွင့်မရ။ အဲဒါတွေဟာ Logic King ကြီး နန်းကျသွားခြင်းရဲ့ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ကလေးတွေဟာ ဘာလို့ လူကြီးတွေထက် ပိုပြီး အကြောက်လွယ်ရတာလဲဆိုတော့ သူတို့မှာ Logic King ဆိုတဲ့အပိုင်းဟာ သိပ်ပြီးမဖွံ့ဖြိုးသေးလို့ပါ။

နောက်ထပ်ဥပမာတစ်ခုဆိုရင် ၉၀/၁၀ နိယာမ ဆိုတဲ့အခန်းထဲက ဥပမာကို ပြန်ကြည့်ပါ။ ကလေး ကော်ဖီမှောက်သွားတဲ့အချိန်မှာ ဒေါသတွေထွက်ပြီး Amygdala က Logic King နဲ့အဆက်အသွယ်ဖြတ်လိုက်တာပါ။ ဒီလိုမဖြစ်ဖို့ဆိုတာ ဖြည်းဖြည်းချင်း အလေ့အကျင့် လုပ်ပေးရင် ရပါတယ်။ အဲဒီလိုမဖြစ်အောင် လေ့ကျင့်တတ် သွားရင် ဘဝမှာ ပျော်ရွှင်မှုတွေ အရင်ကထက်ပိုပြီး ရရှိလာပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် လက်တွေ့အကျိုးကျေးဇူး ခံစားနေရတဲ့ နည်းလမ်းလေးလည်း ဖြစ်ပါတယ်။ Logic King တစ်ခုတည်းကိုပဲ အားကိုးဖို့ကိုတော့ တိုက်တွန်းတာ မဟုတ်ပါဘူး။ Logic King ကို အဆက်အသွယ်မဖြတ်မိဖို့ပါပဲ။ ဦးနှောက် ၃ ခုကို အတူတကွ လက်တွဲပြီး အလုပ်လုပ်နိုင်အောင် လေ့ကျင့်ယူရမှာဖြစ်ပါတယ်။ ဘဝဟာ Drama ဆန်လွန်းရင်လည်း မကောင်းသလို အမြဲ Logic ကျကျတွေးလွန်းရင်လည်း မကောင်းပါဘူး။ အဲဒီ ၂ ခုကို ချိန်ညှိတတ် သွားရင် ဘဝဟာ ပိုမိုကောင်းမွန်လာပါလိမ့်မယ်။

ဒီတစ်ခါ ဒေါသအရမ်းထွက်တဲ့အခါ၊ စိတ်အနှောင့်အယှက် အရမ်းဖြစ်တဲ့အခါ အသက်ကို ပြင်းပြင်းလေး ၁၀ ခါလောက် ရှူကြည့်ပါ။ စိတ်ကို ငြိမ်အောင် ပြန်ထိန်းပါ။ သင် လုပ်တော့မယ့် အရာတစ်ခုဟာ သင့်ရဲ့တစ်နေ့တာလုံးနဲ့ ဆိုင်နေတာကို သတိရပါ။ သင့်ရဲ့နေ့တစ်နေ့ကို ဖျက်ဆီးနိုင်လောက်အောင် အဲဒီအရာက တန်လို့လား ပြန်စဥ်းစားပါ။ အချို့အရာတွေက တစ်နေ့တည်းတောင် မဟုတ်ပါဘူး။ လနဲ့ချီ၊ နှစ်နဲ့ချီတဲ့အထိ စိတ်ညစ်စရာတွေ ပေးစွမ်းနိုင်ပါတယ်။ မဆင်မခြင်တုံ့ပြန်မိတာလေးတစ်ခုက သင့်ဘဝရဲ့အချိန်တွေကို တိုက်စားသွားစေနိုင်ပါတယ်။ သင့်ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးသွားနိုင်ပါတယ်။ အဲဒီလိုမဖြစ်အောင် သင်ကိုယ်တိုင် ကာကွယ်နိုင်ပါတယ်။ ခေါင်းထဲမှာ Drama Queen ကြီး မစိုးမိုးသွားပါစေနဲ့။ Logic King ကြီး နန်းကျသွားရင် စိတ်ဆင်းရဲရဖို့ များပါတယ်။

ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို အသည်းအသန် လိုက်ကြိုက်နေတဲ့သူတွေ မြင်ဖူးလား၊ ငယ်ရွယ်စဉ်မှာ ဒီလိုအရူးတစ်ပိုင်း ချစ်တာမျိုးတွေ လူတော်တော်များများ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးဆို သူတို့ကို ဘယ်လိုပဲ ဆုံးမဆုံးမ နားထောင်လေ့ မရှိပါဘူး။ သူတို့ချစ်နေတဲ့သူက သူတို့ကို ခါးခါးသီးသီး ပြောရင်တောင် ဘယ်လို ခွင့်လွှတ်ပေးရမလဲ စဉ်းစားနေတတ်ကြပါတယ်။ လိမ်နေမှန်း သိရင်တောင် ထောင့်ပေါင်းစုံက စဉ်းစားပေးပြီး ခွင့်လွှတ်တတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ညာနေတာပါ။ မှန်မှန်ကန်ကန် စဉ်းစားနိုင်တဲ့ ဦးနှောက်ထဲက Logic King နန်းကျပြီး Drama Queen နန်းတက်နေတဲ့အချိန်ပါ။ ဘေးက လူတွေကြည့်ရင်တော့ အရူးကြီး တစ်ယောက်လိုပါပဲ။ ကျွန်တော်လည်း အရင်တုန်းက အဲဒီလိုအမှားမျိုးတွေ မှားခဲ့ဖူးပါတယ်။ မှားဖူးတာကို မရှက်ပါနဲ့။ တူညီတဲ့အမှားကိုသာ ထပ်ခါထပ်ခါ မမှားပါစေနဲ့။ ခေါင်းထဲက Drama Queen ကြီးကို မျှမျှတတ အသုံးချတတ်လာတဲ့အခါ သင့်ဘဝကြီး ပိုသာယာလာပါလိမ့်မယ်။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts